Skip to main content

ပန်းကြာဝတ်မှုန် - ခင်ခင်ထူး

 


    ဒီစာအုပ်ကို ဖတ်မယ့်သူက တက္ကသိုလ်ကျောင်းသားတစ်ယောက်ဆိုရင် သေချာတယ် အဲ့လူတော့ သူ့ရဲ့တက္ကသိုလ်ကျောင်းသားဘဝကို အရမ်းလွမ်းသွားမှာပဲ။ ဆရာမခင်ခင်ထူးဆိုတာက စာဖတ်သူတွေ သိကြတဲ့အတိုင်းပဲ အညာဓလေ့တွေ အညာအငွေ့အသက်တွေ ပါတဲ့စာတွေ ရေးတဲ့နေရာမှာ သိပ်တော်တယ်။ ဆရာမရဲ့ စာအုပ်တွေက ဖတ်လိုက်တာနဲ့ ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ စိတ်ထဲ စွဲသွားတယ်။ဆရာမက ဒီစာအုပ်ကို အချိန်တစ်နှစ်နီးပါးယူပြီး ရေးခဲ့တယ်လို့ အမှာစာမှာ ရေးထားတယ်။ ဒီ ပန်းကြာဝတ်မှုန် ဝတ္ထုက ၁၉၈၀ ခုနှစ်လောက်က မန္တလေးတက္ကသိုလ်ကို နောက်ခံထားပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘဝကို လွမ်းမောတသစရာကောင်းအောင် ရေးထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပါပဲ။ ဖေဖေနဲ့မေမေတို့ခေတ်က ဒေသကောလိပ်ဆိုပြီး ကောလိပ်အရင်တက် ပြီးမှ တက္ကသိုလ် ဆက်တက်ခဲ့ရတဲ့ အချိန်တွေပေါ့လေ။ဆရာမ ဒီဝတ္ထုကို ရေးတဲ့အချိန်က အရေးအခင်းအပြီး ကျောင်းတွေ ပိတ်ထားတဲ့ အချိန်တဲ့။ဒီတော့ ဆရာမက ဒီဝတ္ထုကို ရေးဖို့အတွက် မန္တလေးတက္ကသိုလ်ကို နေ့တိုင်းနီးပါး သွားခဲ့တယ်တဲ့။ သွားတဲ့အချိန်တိုင်းလည်း ကျောင်းသားတွေနဲ့ စည်ကားနေရမယ့် တက္ကသိုလ်နယ်မြေ မှာ ကျောင်းနဲ့ မအပ်စပ်တဲ့ လက်နက်ကိုင်ထားတဲ့သူတွေ ရှိနေတာကိုပဲ မြင်ခဲ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်တဲ့။ တွေးကြည့်မယ်ဆိုရင် အခုလိုအချိန်မျိုးပဲ နေမှာပေါ့။ ဒီဝတ္ထုထဲမှာဆိုရင် ဇာတ်ကောင်တွေရဲ့ သူငယ်ချင်းသံယောဇဥ်တွေ သူတို့ခေတ်က တက္ကသိုလ်ကျောင်းသားဘဝ ဖြတ်သန်းပုံတွေ အဲ့ခေတ်က စာပေအပေါ်ခံယူချက်တွေ လူငယ်သဘာဝချစ်ကြကြိုက်ကြတာတွေ စတဲ့ စတဲ့ အကြောင်းအရာတွေအများကြီးကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဖတ်လို့ကောင်းအောင် ထည့်ရေးထားတာကို တွေ့ရလိမ့်မယ်။ ပြီးတော့ ၁၉၈၀ ဝန်းကျင်က မန္တလေးကို ပြန်ရောက်သွားသလိုခံစားရလိမ့်မယ်။ ဒီဝတ္ထုထဲမှာ အမှတ်မိဆုံးစာသားတစ်ခုက အဓိကဇာတ်လိုက် အောင် က သီရိမေ ကို ပြောခဲ့တဲ့စကား " လွမ်းတယ်ဆိုတာ အထက်တန်းကျတဲ့ခံစားမှုမျိုးပါ မေ " တဲ့ ။ သူ့ခံစားချက်တွေကို ဘယ်သူမှ မသိအောင် ဝှက်ထားတဲ့နေရာမှာ သိပ်တော်တဲ့ အောင် က ထူးထူးဆန်းဆန်းထုတ်ပြောလိုက်တဲ့ စကားမို့လို့လည်း ပိုပြီးမှတ်မိနေတာဖြစ်မယ်။ အဓိကဇာတ်ဆောင် ၂ ယောက်ကတော့ မြင်းခြံသူ သီရိမေ နဲ့ ကလောသား အောင်နိုင်သူ ပေါ့။ ကိုယ်အခုတက်နေတဲ့ တက္ကသိုလ်မှာ မြင်းခြံက သူငယ်ချင်းတွေကို တွေ့တော့ ပထမဆုံးပြေးမြင်တာ ဒီပန်းကြာဝတ်မှုန်ဝတ္ထုပဲ။ ဘာလို့ဆို ဒီစာအုပ်ထဲမှာ ဆရာမက သီရိမေရဲ့ ငယ်ဘဝအကြောင်း ရေးတော့ မြင်းခြံမြို့အကြောင်းတွေလည်း ထည့်ရေးထားခဲ့တာကိုး။ စာအုပ်အကြောင်း ဆက်ပြောရရင် တကယ်တော့ အောင်နိုင်သူ က ရှမ်းပဒေသရာဇ်အုပ်ချုပ်ရေးစနစ်သာ ရှိနေသေးရင် စော်ဘွားလေးတစ်ယောက်ဖြစ်နေမယ့် စော်ဘွားမျိုးရိုးက လာတဲ့သူ ၊ ရှမ်းနာမည်က စဝ်ကြာပဒုမ် တဲ့။ ငယ်ငယ်ကဆိုရင် အဲ့လိုရှမ်းစော်ဘွားတွေအကြောင်း ဖတ်ရတာ အရမ်းကြိုက်ခဲ့တာ ခုထိလည်း ကြိုက်တုန်းပါပဲ။ ပန်းကြာဝတ်မှုန်ကို တစ်ထိုင်ထဲ ဖတ်ဖြစ်သွားတာ အောင် က စော်ဘွားမျိုးရိုး ဆိုတာကြောင့်လည်းပါတယ်။ ကျန်တဲ့ဇာတ်ကောင်တွေကတော့ သူတို့ ၂ ယောက်ရဲ့ သူငယ်ချင်းတွေပေါ့။ သီရိမေရဲ့ချစ်စရာသူငယ်ချင်း မြင်းခြံသူလေးတွေ။အောင့်ရဲ့ အားကိုးရတဲ့သူငယ်ချင်းတွေ ။လက်တွေ့ဘဝတွေလိုပါပဲ အခြေအနေအမျိုးမျိုးနဲ့ သူငယ်ချင်းတွေပေါ့။ အရမ်းချမ်းသာတဲ့လူ ပါမယ် ဆင်းရဲတဲ့လူ ပါမယ် လူလတ်တန်းစားလည်း ပါမယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ သူတို့တွေအကုန်လုံး တစ်ယောက်အပေါ်တစ်ယောက် အရမ်းသံယောဇဥ်ကြီးတယ် တွယ်တာကြတယ် တစ်ယောက်အခက်အခဲကို တစ်ယောက်ဖြေရှင်းပေးချင်ကြတယ်။ ဒီသူငယ်ချင်းအုပ်စုကြီးရဲ့သံယောဇဥ်တွေကြောင့်မို့လို့ လည်း ဇာတ်ကပိုကြွလာတယ်လို့ မြင်တယ်။ သူငယ်ချင်းတွေ အများကြီးထဲကမှ မြန်မာစာပေ မြန်မာဂီတကို မြတ်နိုးတဲ့ အောင် နဲ့ ငယ်ငယ်ကတည်းက စာအုပ်တွေကို ခေါင်းခုအိပ်လာတဲ့ သီရိမေ တို့က ဝါသနာတူချင်းမို့ ပိုပြီးရင်းနှီးခင်မင်လာကြတယ်ပေါ့လေ။ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်ချင်ကြတဲ့ ၁၈ ၁၉ အရွယ်လေးတွေဆိုတော့ အချိန်ကြာလာလေ တစ်ယောက်နဲ့တစ်ယောက် သံယောဇဥ်ပိုတွယ်လာလေပေါ့။ ဒါပေမယ့် အောင် က သူ့ဘဝအကြောင်းကို ဘယ်သူ့ကိုမှ မပြောဘဲ သိုသိုသိပ်သိပ်နေတတ်တဲ့သူဆိုတော့ အောင့်မိသားစုအကြောင်းတွေ အောင် ဟာ စော်ဘွားမျိုးရိုး ဖြစ်တယ် ဆိုတာတွေ ဒါတွေကို ဘယ်သူကမှ မသိခဲ့ကြဘူး။ ကျောင်းတက်နေကြရင်းနဲ့မှ တက္ကသိုလ်ကျောင်းသားတွေ ထုံးစံအတိုင်း သူငယ်ချင်းတွေစုပြီး ခရီးတွေသွားလိုက်ကြ ၊ ဘုရားတွေသွားကြ၊တောင်သမန်အင်းသွားပြီး အကြော်တွေစားကြ နောက်အများကြီးရှိပါသေးတယ် ပျော်စရာအမှတ်တရတွေပေါ့။ ဆရာမရဲ့ စာရေးစွမ်းရည်ကို ဒီစာအုပ်မှာ တကယ်အသိအမှတ်ပြုရတယ်။ ဝတ္ထုရှည်တစ်ပုဒ်ဆိုပေမယ့် ဖတ်ရတာ လုံးဝအီမသွားဘူး စိတ်ဝင်စားမှုလျော့မသွားဘူး။ တောင်သမန်အင်းမှာ ကဗျာတွေရွတ်ကြတဲ့ အခန်းလေးဆို အရမ်းချစ်စရာကောင်းတာပဲ။ ဒီစာအုပ်စဖတ်တုန်းကဆို တက္ကသိုလ်ရောက်ရင် ငါလည်း သူငယ်ချင်းတွေနဲ့ ဒီလိုတွေ လျှောက်သွားမယ်ဆိုပြီး စိတ်ကူးတွေ ယဥ်ထားတာ၊ ခုတော့ ကျောင်းတွေက ပိတ်ထားတာ ၂ နှစ်နီးပါးတောင် ရှိပေါ့။ အဲ့လိုနဲ့ တစ်ခါကျ အောင် က ကျောင်းပိတ်ရက်အလည်ခေါ်တော့ သူငယ်ချင်းတွေ စုပြီး အောင် တို့ ကလောမြို့ကို သွားလည်ကြရော။ ကလောမြို့အကြောင်းကိုလည်း ဆရာမရေးထားတာ ချစ်စရာလေးရယ်။ကလောကိုလည်း နောက်မှ သေချာပေါက်သွားလည်ရဦးမယ်။ ကလောက အောင့်အိမ်မှာ သူငယ်ချင်းတွေ မီးဖိုဘေးဝိုင်းထိုင်ပြီး ခေါပုတ်တွေစားကြ၊ဂစ်တာတီးပြီးသီချင်းတွေဆိုကြနဲ့ ပျော်စရာကြီးပေါ့။ တစ်ရက်ကျ အောင်က သီရိမေနဲ့ သူတို့ခြံထဲက ထင်းရှူးတောဖက်ကို လမ်းအတူတူလျှောက်ကြရင်း သူ့ဘဝအကြောင်းတွေ ပြောပြတယ်။ သူတို့က စော်ဘွားမျိုးရိုးဆိုတာရောပေါ့။ အဲ့အချိန်တုန်းကတော့ သီရိမေ က အောင် ဘာလို့ ဒီအကြောင်းတွေ ပြောပြနေသလဲ ဆိုတာ မသိခဲ့ဘူးပေါ့။ ဒီလိုနဲ့ နောက်ဆုံးနှစ်ပြီးတော့ သူငယ်ချင်းတစ်စုလည်း ဘွဲ့တွေ အသီးသီးရပြီး ကျောင်းပြီးသွားကြတာပေါ့။ အောင် နဲ့ သီရိမေ ကကျ ဂုဏ်ထူးတန်းဆက်တက်ခွင့်ရတယ်။ ဒါပေမယ့် အောင် က ဘွဲ့လည်း လာမယူဘူး ဂုဏ်ထူးတန်းလည်း လာမတက်တော့ဘူး။ အဲ့အချိန်ကနေစပြီး အောင်က လုံးဝကို ပျောက်သွားတော့တာ။ဘယ်သူမှလည်း အောင့်အကြောင်း ရေရေရာရာမသိကြဘူး။ သီရိမေ ကတော့ အောင် ပြန်လာဦးမယ် အထင်နဲ့ ကျောင်းတက်နေတဲ့တစ်လျှောက်လုံးစောင့်နေခဲ့တာပေါ့လေ။ အဲ့အခန်းတွေမှာဆို သီရိမေ ကို တကယ်သနားမိတယ်။မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟပြောဖို့ မလွယ်တဲ့ နူးညံ့တဲ့ ချစ်ခြင်းမေတ္တာတွေပေါ့။ ဒီလိုနဲ့ပဲ အနှစ်နှစ်ဆယ်လောက် ကြာသွားခဲ့တယ်။ အဲ့အနှစ်နှစ်ဆယ်အတွင်းမှာ ဇာတ်ကောင်အကုန်လုံးရဲ့ ဘဝတွေပြောင်းလဲသွားခဲ့တယ်။ သီရိမေရဲ့ ဘဝရောပေါ့။ အနှစ်နှစ်ဆယ် ကြာပြီးနောက်မှာ အောင် ပြန်ရောက်လာခဲ့တယ် သီရိမေနဲ့ ပြန်ဆုံခဲ့တယ်။ အဲ့နောက်မှာဘာတွေဆက်ဖြစ်ကြမလဲ။အောင် ကရော ဘာလို့ အနှစ်နှစ်ဆယ်လုံး ပျောက်သွားခဲ့တာလဲ။ သူတို့နှစ်ယောက်ကရော တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေ ရှိနေသေးလား တခြားဇာတ်ကောင်တွေရော ဘာတွေဖြစ်သွားကြလဲ ဒါတွေကို သိချင်ရင်တော့ ဒီစာအုပ်လေးကို ကိုယ်တိုင်သာ ဖတ်ကြည့်လိုက်ပါတော့။ အောင့်မိဘတွေရဲ့ဇာတ်လမ်းကလည်း ဝှက်ဖဲတစ်ခုပဲနော်။ ထပ်ပြီးဖြည့်ပြောရမယ်ဆိုရင် ဒီစာအုပ်ထဲမှာ မြန်မာကဗျာတွေ တော်တော်များများပါတယ်။အမျိုးအစားလည်း စုံတယ်။မဟာဂီတပတ်ပျိုးတွေတောင် ပါသေးတယ်။နောက်ရှမ်းစော်ဘွားအုပ်ချုပ်ရေးစနစ်အကြောင်းကိုလည်း အမြည်းသဘောမျိုး လေ့လာနိုင်တယ်။ ပြီးတော့ မန္တလေးမြို့ရဲ့အလှတွေ၊ပုဂံရဲ့အလှတွေ၊ကလောမြို့ရဲ့အလှတွေ။ ဒါတွေတင်မကဘဲ တခြားဗဟုသုတရစရာအကြောင်းတွေကိုလည်း ထည့်ပြီးရေးဖွဲ့ထားသေးတယ်။ အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ဒီစာအုပ်ဟာ သာမန်ဝတ္ထုစာအုပ်တစ်အုပ်ဆိုတာထက်ကို ပိုပါတယ်။ ဖတ်ကို ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။ ဆိုတော့ ပန်းကြာဝတ်မှုန်စာအုပ်ကတော့ highly recommended by me ပေါ့။အခု ဒီစာအုပ်ရဲ့၊ review ကိုတော့ စာအုပ်ထဲမှာပါတဲ့ တဂိုးရဲ့ကဗျာတစ်ပုဒ်နဲ့ပဲ အဆုံးသတ်မယ် " နေမင်းကြီးကွယ်သွားလို့ ပူဆွေးနေရင် ကြယ်တာရာတွေနဲ့ပါ လွဲသွားမှာပေါ့ "


စာအုပ် pdf link



Comments