ချစ်သောပန်းကလေး - မင်းလူ
ဒီစာအုပ်ကို စကြားဖူးတာ တော်တော်ကြာခဲ့ပြီ။ ဆရာမင်းလူလို့ ပြောလိုက်ရင် ငှက်ကလေးနဲ့ ချစ်သောပန်းကလေးကိုပဲ ပြေးမြင်တာ။ မှတ်မှတ်ရရ UMMG ကျောင်းမွေးနေ့ပွဲတုန်းက ဝယ်ဖို့ စဥ်းစားထားပေမယ့် စာရင်းထဲ မပါလို့ မဝယ်လိုက်ရဘူး။ အခုမှပဲ စာပေ group တစ်ခုကနေ ပံ့သကူရလို့ ဖတ်ဖြစ်တော့တယ်။ စာအုပ်နာမည်ကို စကြားခါစက အထူကြီးနဲ့ သိပ်ကို ဂန္တဝင်ဆန်မယ့် စာမျိုးလို့ထင်ခဲ့တာ။ ပြောရရင် လေးလေးပင်ပင်ဇာတ်လမ်းမျိုးပေါ့။ ဒါပေမယ့် တက်တက်စင်အောင်လွဲတာပဲ။ ဆရာမင်းလူက သူရေးနေကျအတိုင်း သိပ်လေးလံတဲ့အကြောင်းအရာတွေကို တကယ့်ပေါ့ပေါ့ပါးပါးလေးချပြသွားတာ။
ဇာတ်လမ်းကတော့ ဘူမိဗေဒကျောင်းသားတစ်စု ရှမ်းပြည်နယ်ဘက်ကို Field ဆင်းကြရတဲ့ အကြောင်းပါ။ အစက ဒီField လေး တစ်လလောက်သွားရမှာကို သူငယ်ချင်းတွေ၊ မိဘတွေ၊ ချစ်သူရည်းစားတွေက ဘာလို့အဲ့လောက် စိတ်ပူနေကြမှန်း နားမလည်ဘူး။ ဒါပေမယ့် ပထမရက်မှာ ကြုံခဲ့ရတာတွေကို ဖတ်ကြည့်ပြီးတော့မှ သြော်...ဒါကြောင့်ပါလားဆိုပြီး မတင်မကျဖြစ်နေတာလေး ပျောက်သွားတယ်။ ရည်းစားရှိသူတွေက ရည်းစားကိုယ်စီကို လွမ်းရင်း Field ဆင်းကြရတဲ့ တစ်လအတွင်း ကိုအောင်ကတော့ အချစ်ကို ရှာတွေ့ခဲ့တယ်ဆိုပါတော့။ ဒီဝတ္ထုမှာ သဘောအကျဆုံးကတေ့ ပါသမျှဇာတ်ကောင်တိုင်းကို အလေးထားပေးတာပဲ။ ရှေ့က အမှာစာကိုသာ ဖတ်မထားရင် စာအုပ်တစ်ဝက်ကျိုးသည်အထိ ကိုအောင်က အဓိကဇာတ်ဆောင်ပါဆိုပြီး သိနိုင်မှာမဟုတ်ဘူး။ ဒီစာအုပ်မှာ တက္ကသိုလ်ကျောင်းသားဘဝအကြောင်း၊ လူငယ်တွေရဲ့ အတွေးအမြင်ခံယူချက်တွေအကြောင်း အများကြီးရေးပြထားတယ်။
တက္ကသိုလ်ကျောင်းသားဆိုတဲ့ ဂုဏ်ကို ဘယ်လောက်ထိတန်ဖိုးထားကြလဲဆိုတာလည်း ပါတယ်။ ကိုယ့်အတွက် အထိမိဆုံးကတော့ ဇာတ်လမ်းထဲက သူငယ်ချင်းသံယောဇဥ်ပဲ။ ဒီလိုသူငယ်ချင်းတွေ အပြင်မှာ တကယ်ရှိကြောင်း ကြုံခဲ့ဖူးတာမို့လည်း ဖြစ်လိမ့်မယ်။ ဒါ့အပြင် ကိုယ်က မိန်းကလေးဆိုတော့ အံ့သြမိသွားတာရှိတယ်။ ယောကျ်ားလေးတွေလည်း မိန်းကလေးတွေလိုပါပဲလား၊ အချစ်နဲ့ တွေ့တဲ့အခါ နစ်မျောတတ်ကြပြီး သူငယ်ချင်းတွေလူစုံတဲ့အခါ ကိုယ်ချစ်ရတဲ့သူအကြောင်းကို တမြတ်တနိုး ရင်ဖွင့်ချီးမွမ်းကြတာပဲလားလို့ သိလိုက်ရတယ်။ အစက မိန်းကလေးတွေပဲ အဲ့လို ပြောတတ်ကြတယ်ထင်တာ။
ဒီတစ်အုပ်လုံးကို ခြုံကြည့်လိုက်ရင် တကယ်တမ်းဆို စိတ်ပူပန်ရမယ့် အကြောင်းအရာတွေချည်းပဲ။ ဒါပေမယ့် ကိုယ်တော့ ဖတ်နေတဲ့တစ်လျှောက်လုံး ပြုံးပဲပြုံးနေမိတယ်။ မှတ်မှတ်ရရ ဇာတ်သိမ်းခါနီးမှာတော့ ရင်မောခဲ့ရပြီး
နောက်ဆုံးအခန်းမှာတေ့ မျက်ရည်ကျလိုက်ရပါသေးတယ်။ သဘောကျလို့ ကျတဲ့ မျက်ရည်ထင်ပါတယ်။ အချစ်နဲ့ပတ်သက်တဲ့ ဒဿနတွေ၊ ဆရာတပည့်ကြားက မေတ္တာတွေရော ပါတဲ့ ဒီဝတ္ထုဟာ ဟာသဝတ္ထု၊ အချစ်ဝတ္ထုဆိုတာထက် ပိုပါတယ်။
ဘဝမှာ ကြုံရသမျှဟာ ရယ်စရာနှောရင်း ဖြတ်သန်းလိုက်တဲ့အခါ ပျော်စရာသိပ်ကောင်းတဲ့အကြောင်း ညွှန်းပြထားတဲ့ ချစ်စရာစာအုပ်လေးတစ်အုပ်ပါပဲ။ ။
Done
ReplyDelete