![]() |
ကမ္ဘာ့ဖလားခြေစစ်ပွဲ (World Cup Qualifiers) တွေအပြီး ယခုအပတ် စနေ နဲ့ တနင်္ဂနွေနေ့တွေမှာ ဥရောပ ကလပ်အသင်းပွဲတွေ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ တနင်္ဂနွေညမှာ ဘောလုံးပရိတ်သတ်အများစု စိတ်ဝင်စားတဲ့ အင်္ဂလန်ပရီးမီးယားလိဂ် (England Premier League) မှာလည်း လီပါပူး(Liverpool) Vs လိဒ်(Leeds United)လို ပွဲကောင်းတွေ ရှိနေသလို တစ်ခေတ်တစ်ခါက အကျော်အမော် ဘောလုံးသမား အများစု ကျင်လည်ကျက်စားခဲ့တဲ့ အီတလီ စီးရီးအေ (Italy Serie A) မှာလည်း ပွဲကောင်းတစ်ပွဲ ရှိနေပါတယ်။
မီလန်(Milan) မြို့အခြေစိုက် အေစီမီလန်(AC Milan) အသင်းနဲ့ ရောမ(Rome) မြို့အခြေစိုက် လာဇီယို(Lazio) အသင်းတို့ရဲ့ ပွဲစဥ်ဖြစ်ပါတယ်။
ရာသီကြိုပြင်ဆင်မှု
အေစီမီလန် အသင်းရဲ့ရာသီကြိုပြင်ဆင်မှုကိုကြည့်မယ်ဆိုရင် အတော်လေးအားရစရာကောင်းတာကို တွေ့ရပါတယ်။ PSG အသင်းကို ပြောင်းရွေ့သွားခဲ့တဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဂိုးသမား(Goal Keeper) ဒွန်နာရမ်မာ(Donnarumma)နေရာအတွက် ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူး ၁ ချန်ပီယံ (French League 1 Champions) လိုင်လီ(Lille) အသင်းက ဂိုးသမား မိုက်မက်နန်(Maignan) နဲ့ တိုက်ရိုက်အစားထိုးထားတယ်။ တိုက်စစ်အတွက် ပြင်သစ်လက်ရွေးစင် အိုလီဗီယာဂျရူး(Olivier Giroud) ကို ခေါ်ယူခဲ့တယ်။ ကွင်းလယ်ခံစစ်(Central Defensive)နေရာအတွက် ဘာကာယိုကို(Bakayoko) ၊ ညာနောက်ခံလူ(Right-back) နေရာအတွက် ဖလော်ရန်ဇီ(Florenzi) တို့ကို အငှား ခေါ်ယူပြီး အားဖြည့်ထားတာတွေ့ရတယ်။ နောက်ထပ်အနေနဲ့ကတော့ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ ခေါ်ယူထားတဲ့ တိုမိုရီ(Tomori) နဲ့ တိုနယ်လီ(Tonali)တို့ကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
လာဇီယို အသင်းကတော့ နဂိုရှိရင်းစွဲ တောင့်တင်းပြီးလူစာရင်းကို ထပ်မံအားဖြည့်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။ မြို့ခံပြိုင်ဘက် ရိုးမား(Roma) အသင်းကနေ တောင်ပံကစားသမား(Winger) ပက်ဒရို(Pedro) နဲ့ နာပိုလီ(Napoli) အသင်းကနေ ဘယ်နောက်ခံလူ(Left-back) ဟိုင်ဆာ့ချ်(Hysaj) တို့လို အတွေ့အကြုံလည်း ရှိ ခြေစွမ်းခြေစလည်းမသေးတဲ့ ကစားသမားကောင်းတွေကိုခေါ်ယူနိုင်ခဲ့ပါတယ်။ နောက်ထပ်အနေနဲ့ အသင်းရဲ့ကစားသမားဟောင်း ဖီလစ်ပီ အန်ဒါဆင်(Felipe Anderson) ကို ဝက်စ်ဟမ်း(West Ham) အသင်းဆီကနေ ပြန်လည်ခေါ်ယူခဲ့ပါတယ်။
Current Form
အေစီမီလန် အသင်း ရော လာဇီယို အသင်းပါ ရာသီအစ (၂)ပွဲလုံးကို အနိုင်ကစားထားတာတွေ့ရပါတယ်။
အေစီမီလန် အသင်းက ဆမ်ဒိုးရီယား(Samdoria) နဲ့ ကယ်ဂလီရာရီ(Cagliari) အသင်းတွေကို အနိုင်ကစားထားတယ်။(၂)ပွဲပေါင်း ရဂိုး (၅)ဂိုးနဲ့ ပေးဂိုး (၁)ဂိုးသာ ရှိထားပြီး အမှတ်ပေးဇယားအဆင့်(၄)မှာ ရပ်တည်နေတယ်။
နည်းပြ ပီယိုလီ(Pioli) အေစီမီလန်ကို ကိုင်တွယ်ခဲ့တဲ့တစ်လျှောက် 4-2-3-1 Formation ကို အဓိကအနေနဲ့ အသုံးများခဲ့တယ်။ ရာသီအစ(၂)ပွဲ လုံးကိုလည်း ဒီ Formation နဲ့ပဲ ကန်ခဲ့ပြီး အနိုင်ယူခဲ့တာဖြစ်တယ်။ ရာသီကြိုဖြည့်တင်းမှုတွေအရ အေစီမီလန် အနေနဲ့ ကစားသမားအင်အား(Squad Depth) အလုံအလောက်ရှိတာ တွေ့ရပါတယ်။
လာဇီယိုအသင်းနဲ့ပွဲမှာလည်း4-2-3-1 ကိုပဲ အသုံးပြုလာဦးမှာပါ။
နောက်တန်းအထိုင်(၄)ယောက်မှာ ကလာဘရီရာ(Calabria),တိုမိုရီ, သီယိုဟာနန်ဒက် (Theo Hernandez),စီမွန်ကရာ(Simon Kjǽr) တို့(၄)ယောက်အထိုင်ကို ရှေ့(၂)ပွဲလုံးမှာ သုံးခဲ့ပြီး ဒီပွဲလည်း ဒီ(၄)ယောက် ပွဲထွက်လာနိုင်ခြေအများဆုံးပါပဲ။အသင်းခေါင်းဆောင် ကလာဘရီရာ နဲ့ ဟာနန်ဒက် တို့ အစွန်လူ(2)ယောက်က လုပ်အားနှုန်းလည်း ကောင်းမွန်ပြီး တိုက်စစ်လိုက်ပါရာမှာလည်း အတော်လေး ထိထိရောက်ရောက်ရှိတာတွေ့ရပါတယ်။ဆမ်ဒိုးရီးယားနဲ့ ပွဲမှာဆိုရင် ကလာဘရီရာက တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးခဲ့တာပါ။ တိုက်စစ်လိုက်ပါရာမှာ ကောင်းမွန်ပေမယ့် (၂)ယောက်လုံး ခံစစ်ကစားရာ မှာတော့ အနည်းငယ်လိုအပ်ချက်လေးတွေ ရှိနေပါသေးတယ်။
ကွင်းလယ်(၂)ယောက်တွဲ(Double Pivot) နေရာမှာ ကရူနစ်(Krunic) နဲ့ တိုနယ်လီ(Tonali) အတွဲကို ယခင်(၂)ပွဲမှ ာသုံးခဲ့ပေမယ့် ဒီပွဲမှာ ကရူနစ် အစား ကတ်ဆီ(Kessie)ကိုလည်း သုံးလာနိုင်ပါတယ်။ တောင်ပံ(၂)ဖက်မှာလည်း စယ်လီမယ်ကာ(Saelemaekers) နဲ့ ရာဖေးလီယို(Rafeal Leao)တို့ပဲ ပွဲထွက်လာဖို့ များပါတယ်။ကွင်းလယ်တိုက်စစ်(Attacking Midfielder)အနေနဲ့ ဘရာဟင်ဒီယက်(Brahim Diaz) ပဲနေရာရနေဦးမှာပါ။ လောလောလတ်လတ် သူ့ခြေစွမ်းက အတော်ကောင်းမွန်နေခဲ့ပြီး ဆမ်ဒိုးရီးယားနဲ့ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။တိုက်စစ်မြှားဦးအတွက် ယခင်ပွဲတွေကသုံးခဲ့တဲ့ အိုလီဗီယာဂျရူးအစား အီဘရာဟီမိုဗစ်(Ibrahimovic) ပွဲထွက်လာဖို့ ရှိနေပါတယ်။ ဂျရူးဟာ Covid Negative ဖြစ်ပြီဖြစ်ကြောင်း သောကြာနေ့ညက အေစီမီလန်အသင်းက ကြေညာချက်ထုတ်ခဲ့ပေမယ့် ဒီပွဲမှာပါဝင်နိုင်မယ့် အနေအထားမရှိသေးဘူးလို့ ခန့်မှန်းရပါတယ်။ ဂိုးသမား တော့ မိုက်မက်နန် ပဲနေရာရနေဦးမှာပါ။
လာဇီယို ကတော့ နည်းပြ ဆာရီ(Sarri) လက်အောက်မှာ ပြီးခဲ့တဲ့ (၂)ပွဲလုံး 4-3-3 Formation ကိုပဲသုံးခဲ့ပါတယ်။ နည်းပြဆာရီက ရောက်လေရာအသင်းတိုင်းမှာ ဒီ Formation ပဲ သုံးလေ့ရှိတာမလို့အထူးအဆန်းတော့ မဟုတ်ပါဘူး။
လောလောဆယ်မှာ ရာသီအစ(၂)ပွဲလုံး အနိုင်ရရှိထားပြီး အမှတ်ပေးဇယား အဆင့်(၁)မှာ ရပ်တည်နေပါတယ်။ ရဂိုး (၉)ဂိုးနဲ့ပေးဂိုး(၂)ဂိုးပါ။ အမ်ပိုလီ(Empoli)ကို (၃)ဂိုး သွင်းခဲ့ပြီး စပီဇီယာ(Spezia)ကို (၆)ဂိုးသွင်းခဲ့တာပါ။ တိုက်စစ်က အတော်လေးကို ဂိုးမြူးနေတာပါ။အထူးသဖြင့် အဓိကတိုက်စစ်မှူး အင်မိုဘီလီ(Immobile)ပါ။တော်တော်လေး in form ဖြစ်နေပြီး စပီဇီယာနဲ့ပွဲမှာ Hat-trick သွင်းခဲ့ပါတယ်။ သူပြီးရင် ကွင်းလယ်က လူးရစ်အယ်ဘာတို(Luris Alberto)ပါ။ စပီဇီယာနဲ့ပွဲမှာ တစ်ယောက်တည်း (၄)ဂိုးဖန်တီးပေးခဲ့ပါတယ်။ဆိုတော့ခြုံပြောရရင် လာဇီယိုတိုက်စစ်က ဂိုးရဖို့တော့ ဒီပွဲမှာ ရုန်းကန်ရဖို့ ရှိမနေပါဘူး။ 4-3-3 ရဲ့ နောက်တန်းအထိုင်(၄)ယောက်မှာ ညာနောက်ခံလူ လာဇရီ(Lazzari) ကတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်လို့ သူ့နေရာ ဘယ်သူဝင်လာမလဲပဲ စောင့်ကြည့်ရမှာပါ။ ကျန်တဲ့ (၃)ယောက်ကတော့ ဖီလစ်ပီ(Filipe),အဆာဘီ(Acerbi) နဲ့ ဟိုင်ဆာ့ချ် တို့ ဖြစ်ဖို့ပဲ များပါတယ်။ ကွင်းလယ် (၃)ယောက်တန်းမှာတော့ ဗဟိုအထိုင်မှာ လူးကပ်စ် လီရ်ဗာ(Lucas Leiva) ပွဲထွက်လာဖို့ ရှိနေပြီး သူ့ဘေးမှာတော့ ဆာဗစ်(Savic) နဲ့ အယ်ဘာတို တို့ ခြံရံလာဖို့ ရှိနေပါတယ်။ တိုက်စစ်မှာ အင်မိုဘီလီနဲ့ တောင်ပံ(၂)ဖက်မှာတော့ ဆာရီအကြိုက် ပက်ဒရို နဲ့ အန်ဒါဆင် ပဲ ပွဲထွက်လာမယ်လို့ခန့်မှန်းရပါတယ်။ ပြီးခဲ့တဲ့ (၂)ပွဲလုံး ဒီ တောင်ပံ(၂)ဖက်ကိုပဲ သုံးခဲ့တာပါ။
(၂)သင်းလုံးက လောလောဆယ်မှာ ရမှတ်လည်းတူပြီး ခြေစွမ်းလည်း ထက်နေတဲ့အချိန် ဖြစ်ပါတယ်။ အေစီမီလန်က လူကြီးနဲ့လူငယ် ပေါင်းစပ်ပြီး အကောင်းဆုံးသွေးသစ်လောင်းနေတာ ဖြစ်သလို လာဇီယိုကလည်း နည်းပြသစ် လက်ထက်မှာ အကောင်းဆုံးကြိုးစားပြနေတာပါ။ အေစီမီလန်က ကယ်ဟာနိုဂလူ(Calhanoglu) နဲ့ လာဇီယိုက ကော်ရဲရား(Correa) တို့လို အဓိကလူတွေကို အင်တာမီလန် (Inter Milan)ဆီ အသီးသီး လက်လွှတ်ဆုံးရှုံးထားရပေမယ့် အသင်း Form ပျက်မသွားပဲ အစားထိုးဖြည့်တင်းမှုတွေမှန်မှန်ကန်ကန်ပြုလုပ်ပြီး ရှေ့ဆက်နေတာကိုတွေ့ရပါတယ်။ ခြုံပြောရရင် (၂)သင်းက ခုချိန်မှာ ခြေရည်တူနေတယ်လို့ပြောလို့ရနိုင်ပါတယ်။
Predicted Results
ဒီပွဲက ဆန်စီရို(Sansiro)ကွင်း မှာ ကစားမှာပါ။ အေစီမီလန်က အိမ်ရှင်ဖြစ်တဲ့အလျောက် ပရိတ်သတ်အင်အားနဲ့ အနည်းငယ် အသာရနေတာတော့အမှန်ပါပဲ။ဒါပေမယ့် ခံစစ်ချင်းယှဥ်မယ်ဆိုရင်တော့ လာဇီယိုက နှာတစ်ဖျားသာနေတာကို တွေ့ရပါတယ်။ခြေရည်တူ(၂)သင်းဖြစ်လို့ အမှားနည်းတဲ့အသင်းက အနိုင်ရသွားမှာပါပဲ။ အပြန်အလှန်သွင်းဂိုးများနိုင်ပြီး တစ်သင်းအနိုင်ဆိုရင်တော့ ဧည့်သည် လာဇီယိုကိုတော့ ပိုအားသာမိပါတယ်။
အေစီမီလန် ၂-၃ လာဇီယို
အေစီမီလန် ၂-၂ လာဇီယို
အေစီမီလန် ၁-၂ လာဇီယို
Comments
Post a Comment