NLD ဒါဘီလို့ ပြောသာပြောရတာ ခပ်လန့်လန့်။ အမှန်က North London Derby လို့ ပြောချင်တာဗျာ။ ကျုပ်တို့ မြန်မာမှာတော့ ပြိုင်ဆိုင်မှုပြင်းထန်တယ်ဆို မန်ယူနဲ့ချယ်ဆီး ၊ မန်ယူနဲ့အာဆင်နယ်မှာလောက် သဘောထားကြတာမလား။ အင်္ဂလန်မှာတော့ စပါးနဲ့ အာဆင်နယ်ရဲ့ NLD derby က တော်တော်ကို ပြိုင်ဆိုင်မှုပြင်းထန်တာပါ။ စပါးပရိသတ်တွေ နေတာများတဲ့ ရပ်ကွက်ထဲ အာဆင်နယ်ဂျာစီဝတ်ပြီး ရဲရဲဖြတ်မလျှောက်ရဲလောက်အောင်ပါပဲ။ အာဆင်နယ်ရဲ့ ဂန္ဒဝင်ကစားသမားဟောင်း၊လက်ရှိ Crystal palace အသင်းနည်းပြ Patrick Viera ကြီး အင်္ဂလိပ်စကားပြောတတ်ခါစက မင်းသိတဲ့တစ်လုံး ပြောပြကွာဆိုတော့ ပြောလိုက်တာက " Spurs is shit " တဲ့လေ။ အချစ်တော် Mesut Ozil တောက်ပချိန်တုန်းက စပါးမှာ ကစားမလား၊ ကစားသမားဘဝက အနားယူမလားဆိုပြီး media တစ်ခုက မေးလာတော့ "သိပ်လွယ်တဲ့ မေးခွန်းပဲကွာ၊ အနားပဲယူလိုက်မှာပေါ့" လို့ ဖြေခဲ့လို့ ဘယ်လောက်ပြိုင်ဆိုင်မှုပြင်းထန်မှန်း သိသာပါတယ်။
ဒီနေ့ပွဲမှာတော့ စပါးတောင်ပံကစားသမား ဆွန်ဟောင်မင်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုရီးယားနာမည်ကျော်မင်းသား ပတ်စောဂျွန်း ၊ အာဆင်နယ်ကို လက်လွှဲဝယ်ယူချင်နေတဲ့ spotify ပိုင်ရှင် ဒန်နီရယ်အက်ခ် တို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။ ရှေ့မှာ ၃ ပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ်၊ တစ်လတာအကောင်းဆုံးနည်းပြဆု ရပြီးထဲက မုတ်ဆိတ်ပဲ ထိုင်ပွတ်နေပြီး ပျောက်ဆုံးသွားတဲ့ စပါးနည်းပြ နူနိုဆန်းတို့စ် တို့ကြောင့် ဒီပွဲကို အာဆင်နယ်တို့ နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် ဒီလောက်ထိ ဖြစ်လာမယ်လို့ မထင်ခဲ့တာပါ။ ရှေ့မှာ ၅ ပွဲကစားပြီး ၂ ဂိုးသာ ရထားတဲ့ အာဆင်နယ်တိုက်စစ်ဟာ ဒီပွဲမှာတော့ ပထမပိုင်း ၄၅ မိနစ်အပြီးမှာ သွင်းဂိုး ၃ဂိုးထိ ရရှိပြီးပါပြီ။ ဒီပွဲမှာ အာဆင်နယ်အတွက် အဖက်ဖက်က အပေါင်းလက္ခဏာ ဆောင်ခဲ့ပြီး နည်းပြအာတီတာအတွက်လည်း အသက်ရှူချောင်စေခဲ့ပါတယ်။ အပိုင်လုံးတော်တော်များများကို လက်စွမ်းပြသွားတဲ့ ဂိုးသမား Ramsdale အပါအဝင် Mustafi နဲ့ Kolasinac အလွန်မှာ လူအရမ်းသန့်ပြီး ကျစ်လစ်ခိုင်မာနေတဲ့ နောက်တန်းတို့ဟာလည်း အားရစရာပါ။ နောက်ဆုံး ၄ ပွဲမှာ ပေးဂိုးတစ်ဂိုးသာ ရှိပါသေးတယ်။ အထူးသဖြင့် Gabriel နဲ့ Ben white တို့ရဲ့ မာကြောမှု၊ Tierney ရဲ့ အတက်အဆင်းမှန်မှန်နဲ့ ပေးဆပ်ကစားမှုတွေက သိသာလွန်းပါတယ်။ ဂျပန်သားလေး Tomiyasu ကတော့ ပြောစရာကို မလိုပါဘူး။ ခံစစ်အသားပေးအီတလီမြေမှာ ကစားလာပြီး နာမည်ကျော် လာမာစီယာအကယ်ဒမီထွက်ဆိုတော့ နည်းစနစ်ပိုင်နိုင်လွန်းပါတယ်။ ဘာစီလိုနာက Emerson ကို မဝယ်ဘဲ Tomiyasu ကိုသာ တောင်းဆိုခဲ့တဲ့ အာတီတာကို လုံးဝ credit ပေးသင့်ပါတယ်။ ဂျပန်သားဟာ Son နဲ့ Kane ကို တစ်ဦးချင်းမှာ တော်တော်လေးထိန်းချုပ်နိုင်ခဲ့ပြီး ဒီပွဲမှာ ဘောလုံးပြန်လည်ဆယ်ယူမှု ၈ ကြိမ်ထိ ရှိခဲ့တာပါ။ ကွင်းလည်က Xhaka နဲ့ Partey အတွဲကလည်း ဒီပွဲမှာတည်ငြိမ်လွန်းခဲ့ပါတယ်။ Xhaka ဟာ Switzerland ရဲ့ Xhaka လို ကစားသွားခဲ့ပြီး tactical foul တွေနဲ့ စပါးတိုက်စစ်ကို နှေးကွေးစေခဲ့ပါတယ်။ ဒီပွဲရဲ့ ခြေစွမ်းအပြဆုံးအပိုင်းကတော့ Saka - Smithrowe - Oodegaard တွဲလုံးတွေပဲ ဖြစ်ပါတယ်။ အပေးအယူမှန်မှန်နဲ့ တောက်လျှောက်ဖိအားပေးနိုင်ခဲ့ပြီး golden boy လေး Saka က တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးခဲ့သလို ၊ Smith-rowe ကလည်း တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အာဆင်နယ်ရဲ့ ပထမပိုင်းကစားပုံဟာ နောက်ပိုင်းနှစ်တွေထဲ အကောင်းဆုံးကစားပုံပါပဲ။ ပွဲပြီးခါနီးမှာ Maitland-niles ၊ Lokonga နဲ့ Tavares တို့လို ခံစစ်အားသန်ကစားသမားတွေကို ထည့်ကာ ပွဲကို ထိန်းချုပ်သွားနိုင်ခဲ့ပြီး အာတီတာဟာ သူ့ရဲ့လက်ဦးဆရာ Pep Guardiola လို တကယ်ပဲ နည်းစနစ်ဆရာဖြစ်လာပြီလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။
တစ်ဖက်မှာတော့ စပါးအသင်းဟာ အဖက်ဖက်က စိတ်ပျက်အားလျော့စရာတွေကြီးပါပဲ။ တစ်ပွဲလုံးလူပိုကြီးဖြစ်နေတဲ့ Dele Alli ကို ဘယ်ချိန်ထိ ပွဲထွက်လူစာရင်းထဲ ထည့်ဦးမလဲဆိုတာ နားမလည်နိုင်တော့ပါဘူး။ သူ့ကြောင့် Hojbjerg ခမျာ ပုံစံကောင်းပြနေတဲ့ Partey-Xhaka အတွဲကို တစ်ယောက်ထဲ ထိန်းနေရတာပါ။ ဒုတိယပိုင်း skipp ကို ထည့်လိုက်မှပဲ တူတူတန်တန်ခြေစွမ်းတစ်ခုကို ပြန်လည်ရရှိခဲ့ပြီး Son ရဲ့ နှစ်သိမ့်ခြေပဂိုးလေး ရရှိခဲ့တာပါ။ တကယ်တော့ စပါးရဲ့အခြေအနေဟာ စိုးရိမ်စရာပါ။ ရာသီအစ ၃ပွဲကစားပြီးချိန်မှာ ၃ပွဲအနိုင်ရပြီး ဇယားထိပ်မှာ ရပ်တည်ခဲ့ပေမယ့် ပွဲစဉ် ၆ အပြီးမှာတော့ ၃ပွဲနိုင် ၃ပွဲရှုံးဆိုတဲ့ ရလဒ်နဲ့အဆင့် ၁၁ ထိ ကျသွားပါပြီ။ အထူးသဖြင့် တိုက်စစ်ကစားပုံ အားနည်းလွန်းပါတယ်။ ဂိုးပေါက်ကန်သွင်းမှု၊ ဂိုးပေါက်ခြိမ်းခြောက်မှု၊ အခွင့်အရေးဖန်တီးမှု ဆိုတဲ့ အချက်အလက်တွေမှာ စပါးက ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး ၃သင်းထဲ ပါနေပါတယ်။ ဒါဟာ Big Six အသင်းတစ်သင်းအတွက်တော့ဘယ်လိုမှကို မဖြစ်သင့်တာပါ။ သုံးစားမရတော့တဲ့ Alli ၊ ကြိုးစားပေမဲ့ ပုံမှန်ခြေစွမ်းမရသေးတဲ့ Lucus Moura ၊ မန်စီးတီးမပြောင်းရလို့ ဘူသွားတာလား နည်းပြသစ်ရဲ့ ကစားကွက်မှာ အသားမကျသေးတာလား မသိတဲ့ Harry kane တို့ကြောင့် စပါးတိုက်စစ်ဟာ သေဆုံးနေတာပါ။ ရှေ့ ၃ပွဲမှာ ကိုရီးယားသားလေး Son သာ အစွမ်းမပြထားရင်တော့ မတွေးရဲစရာပါပဲ။ ဒီနေ့ပွဲမှာလည်း Harry kane ဟာ သူ့အမှားကြောင့် တစ်ဂိုးပေးခဲ့ရသလို အပိုင်အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။
ခြုံငုံသုံးသပ်ရရင်တော့ နည်းပြနူနိုဟာ သူရဲ့ခံစစ်အသားပေးကစားပုံကို ပြောင်းလဲပစ်သင့်ပါပြီ။ ဒါမှမဟုတ်ရင် စပါးအသင်းက သူ့ကို ထုတ်ပယ်ပြီး နည်းပြနေရာပြောင်းလဲပစ်ရတော့မှာပါ။ တစ်ဖက်မှာတော့ ကစားကွက်လှလှပပနဲ့ တစ်ချိန်က အာဆင်နယ်ကို ပြန်လည်မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေရဲ့ အာတီတာအပေါ် အကောင်းမြင်စိတ်တွေလည်း ပြန်လည်ရရှိလာပါပြီ။ အာတီတာပြောပြောနေကြ " Trust the process" ဆိုတာ တကယ်ဖြစ်လာပြီလား။ အာဆင်နယ်ဖန်တွေကရော " Arteta out " ပဲလား၊ ဒါမှမဟုတ် " Arteta in "ပြီလား။ စပါးတိုက်စစ်မှူး Harry Kane ရဲ့ ခြေစွမ်းမတည်ငြိမ်မှုတွေကရော နူနိုရဲ့ နည်းစနစ်ကြောင့် Drop deep လုပ်ပြီး နောက်ထိ ဘောလုံးဆင်းယူပေးနေရလို့လား၊ ၂၉ နှစ်ဆိုတဲ့ အကောင်းဆုံးအရွယ်မှာ မန်စီးတီးကို ပြောင်းရွှေ့ခွင့်မရခဲ့လို့ စိတ်အခြေအနေ အဆင်မပြေလို့လား ဆိုတာကို ဆွေးနွေးသွားကြပါဦး။
Comments
Post a Comment