ဆရာမခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန်ဝတ္ထုဟာဆိုရင် ထူးပြီးပြောစရာမလိုအောင် အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ တစ်ခေတ်တခါက နာမည်ကြီးလှတဲ့ ဆရာမကြည်အေးရဲ့ကဗျာတွေ အများဆုံးပါတဲ့ဝတ္ထုတစ်ပုဒ်ဆိုလည်း မမှားနိုင်ပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ ပန်းကြာဝတ်မှုန်ဝတ္ထုထဲမှာ မေက အောင့်ကိုသတိရလွမ်းဆွတ်မိတဲ့အခါ ရွတ်ဖြစ်ခဲ့တဲ့ ဆရာမကြည်အေးရဲ့ကဗျာတစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ။ နာမည်လေးက 'အို..လွမ်းသူရယ်' တဲ့။ မေ့နေရာကနေလည်းဝင်ခံစားရင်း ကိုယ့်အတွေးနဲ့လည်းပုံဖော်ကြည့်ရင်း အဆုံးအစမရှိ စီးမြောကြည့်လိုက်ရအောင်ပါ။
ဒီကဗျာလေးကိုတော့ ၁၉၄၈ခုနှစ်ထုတ် တာရာမဂ္ဂဇင်းမှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ကျောင်းတွေပိတ်ထားလို့ ခွဲခွာနေရတဲ့ ချစ်သူတွေလည်း ဖတ်ပြီးသွားတဲ့ခါ အလွမ်းတွေပိုလို့တိုးလာမလား ချစ်သူဆီအပြေးသွားချင်မိမလားဆိုတာကတော့......
"အို...လွမ်းသူရယ်"
အို... လွမ်းသူရယ်
ပြုံးမူပျက်၍၊ မျက်ရည်ဝေ့နှင့်
မေ့လျော့သနှင့်၊ စိတ်လုံးလွင့်သည်
ကြွေရင့်မည့်နှယ်၊ တစ်အားငယ်သည်
ဘယ်သခင့်တွက် ဖြစ်သနည်း။
ပြတင်းဝဝယ်
ငြိမ်လှလွန်းသည်၊ ကျောက်ရုပ်တည်သို့
မှုန်ရည်နွမ်းအောင်၊ စိတ်ယမ်းယောင်နှင့်
ကြောင်၍ရပ်နေပါတကား။
ရင်မှပွင့်သည်
ကြောက်ချင့်စဖွယ် သက်ပြင်းများ။
လေဝယ်လွင့်သည့်
ညိုရင့်ဆံပင် ရွှေမျှင်လှိုင်း။
သည်နှစ်ခုသာ
လွမ်းသူ့ပတ်လည်၊ လှုပ်ရှားသည်တည့်။
အို... လွမ်းသူရယ်
ပူသည်ကိုဖျောက်၊ ကြောက်သည်ကိုပယ်
စိတ်ဝယ်မလျှော့၊ စောင့်ဦးတော့လော့။
တစ်နေ့နေ့မှာ
တွေ့မည်ရွှင်ချို၊ သခင်ကိုတည့်
မေ့ကိုမုန်းထား၊ အဝေးသွားလည်း
လွင့်ပါးမရှည်၊ ပြန်ခဲ့လည်က
စောင့်သည်တွေ့မူ၊ ချစ်စိတ်ဆူနှင့်
လွမ်းသူရှေ့မှောက်၊ သူဒူးထောက်လိမ့်။
သည်အခါမှာ
ကြာနှုတ်အပြုံး၊ ဖြူနှလုံးနှင့်
မရုန်းမပယ်၊ ငိုတရယ်လျှင်
စင်ကြယ်ခွင့်လွှတ်၊ ချစ်သက်မှတ်ကို
ကြည်ညွတ်ချဝန်၊ သခင်ပန်က
ပြန်လည်လိုလိုက်၊ ချစ်သူမိုက်ကို
ထွေးပိုက်ပါယူ၊ အို...လွမ်းသူရယ်။ ။
Comments
Post a Comment