''ဖန်ခါးရင်ခွင်''
အပိုင်း ၁။
"ဟယ်လို..ဆရာမ မစုလား ဘယ်မှာရောက်နေတာတုန်း''
"ဟုတ်ကဲ့ ဦးစိုး တောင်ဘက်အဆောင်မှာရောက်နေတာပါ''
''ဒီဘက်ခဏလာခဲ့ပါဦး ကျောင်းသူရောက်တယ် သူနေရမယ့် အထပ်၊အခန်း လာပြပေးလှည့်ပါဦး''
'' ဟုတ်ကဲ့ ဦးစိုးလာပါပီရှင် ''
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့။
ဟုတ်တယ် အဲဒီနေ့ မနက်ပဲ ကျွန်မ ဖန်ခါးရင်ခွင်ကိုစပြီးခြေချခဲ့တာ။
ဖန်ခါးရင်ခွင်ဆိုတာက ဆေးတက္ကသိုလ်မကွေးရဲ့ လမ်းသွယ်လေးတွေအတိုင်း တမာတန်းကိုဖြတ်လာပီးရင် စတွေ့ရတဲ့အဆောင်ပေါ့။ အဆောင်ရဲ့အရှေ့ဘက်မှာက မကွေးမြို့ရဲ့ ပြယုဂ်တွေထဲကတစ်ခုဖြစ်တဲ့ နှမ်းခင်းပြင်ကြီးပေါ့။ အဆောင်ကိုသွားတဲ့လမ်းတလျှောက်မှာကတော့ တမာပင်တွေ။ အဆောင်ကြီးကမြောက်ဘက်ကိုမျက်နှာမူပြီးတည်ဆောက်ထားတာပေါ့။ အဆောင်ရှေ့ရောက်တော့ အခန်းတွေအစီအရီနဲ့ဖွဲ့စည်းထားတဲ့ ၄ထပ်ဆောင် ဖန်ခါးရင်ခွင်ကိုမြင်မြင်ချင်း ကျွန်မတအံ့တသြငေးကြည့်နေမိတယ်။ ကြည့်ပါဦး လှနေလိုက်တာလေ။ အဆောင်ရှေ့ဆင်ဝင်ရဲ့ထိပ်မှာ တပ်ထားတဲ့ အဆောင်နာမည်လေးကိုမြင်ပြီး ဒီဇင်ဘာရဲ့ အအေးဓာတ်ကိုခနမေ့သွားခဲ့တယ်။
ဆရာမရောက်လာပြီး ကျွန်မနေရမယ့်အခန်းကိုလိုက်ပြပေးတယ်။ ဖန်ခါးရင်ခွင်က ကျွန်မတို့နှစ်မှစဖွင့်တဲ့အဆောင်သစ်၊ ၄ထပ်ဆောင်ကို မြေညီထပ်ကနေ စပြီး အပေါ်ကို A,B,C,D လို့သတ်မှတ်ပေးထားတယ်။
"သမီးဒီအခန်းပဲ သမီးဘယ်ဘက်ကနေချင်လဲ သမီးအရင်ရောက်တာဆိုတော့ရွေးလို့ရတယ်''
တောသူမ ကျွန်မလေ ၄ထပ်ဆောင် ခုမှမြင်ဖူးတက်ဖူးတာ။ လှေခါးအကုန်တက်ပြီး ဖတ်ဖတ်မောနေတာ ဆရာမမေးတာမဖြေနိုင်သေးဘူး။ ဖန်ခါးရင်ခွင်က အခန်းတွေက ၁၀ပေပတ်လည်အခန်းတွေ။ တစ်ထပ်မှာ ကျောချင်းကပ်အခန်းတွေ ၂၄ခန်းရှိတယ်။တစ်ခန်းမှာ ၂ယောက်နေရမယ်တဲ့။ အခန်းထဲမှာ ခုတင်၂လုံး၊ စာကြည့်စားပွဲ အသေးတစ်လုံး အကြီးတစ်လုံး၊ နံရံကပ်ပန်ကာ ၁ခု ဒါပဲရှိတယ်။ လိုက်ပို့ပေးတဲ့ဦးလေးက ဦးစိုးနဲ့ခင်တယ် သူတို့အချင်းချင်းပဲပြောပြီး ကျွန်မအတွက် အတွင်းဘက်ကခုတင်ကိုနေရာယူထားလိုက်ကြတယ်။ အတူတူနေရမဲ့သူက ကရင်မလေးတဲ့။
ပစ္စည်းတွေနေရာချပြီး လူကြီးတွေလဲပြန်သွားကြတော့ ဟိုဟိုဒီဒီလိုက်စပ်စုမိတယ်။
ကျွန်မတို့အခန်းက နံပါတ် ၂၃။ ကျွန်မတို့နောက်မှာ တစ်ခန်းပဲကျန်တယ်။ ပြီးရင်ဟိုဘက်က အိမ်သာအတွဲလိုက်နဲ့ ရေချိုးခန်းအကျယ်ကြီး။ ရေချိုးခန်းဆိုတာက အခန်းအကျယ်ကြီးရဲ့အလယ်မှာ ရေကန်အကြီးကြီးနဲ့ အဲဒီမှာ လူအများကြီးတစ်ချိန်တည်းစုချိုးလို့ရတဲ့ ရေချိုးခန်းမျိုးပေါ့။
ဟော..ဟိုးအရှေ့နားကအခန်းမှာလူတွေမြင်တယ် သွားမိတ်ဆက်လိုက်ရမလားပဲ။ ကျွန်မလဲတစ်ယောက်တည်းယောင်ချာချာဆိုတော့ သွားမိတ်ဆက်လိုက်တယ်။ အို..ကံကောင်းတာပဲ သူလည်းကျွန်မတို့ဒေသကဖြစ်နေတယ် မြို့တော့မတူဘူးပေါ့။ ဒါပေမဲ့ ကျွန်မသူငယ်ချင်းကပြောဖူးထားလို့ ကျွန်မသူ့ကိုသိတယ်လေ။ ခုမှတွေ့ဖူးတဲ့သူဆိုပေမဲ့ ဒေသတစ်ခုတည်းကလာသူအချင်းချင်း ချက်ချင်းသူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ စကားစမြည်ပြောနေတုန်းမှာပဲ ''ဟော..ဘယ်ကလဲမသိဘူး သူငယ်ချင်းအသစ်ရောက်လာပြန်ပြီချမ်းချမ်းရေ''
လိုက်စပ်စုတော့ ကျွန်မအခန်းဘေးမှာနေရမယ့်သူဖြစ်နေတယ်။ သူကမိတ်ဆက်တယ် '' နီနီပါ စစ်ကိုင်းက '' တဲ့။......
Next>>
အပိုင်းသစ်တွေမျှော်နေပြီ💙
ReplyDelete