စတီဗင်ဂျရတ် (သို့) မာဆေးဆိုက်မြို့က အလှပဆုံးအိပ်ရာဝင်ပုံပြင်တစ်ပုဒ်
အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ပျော်ပျော်ပါးပါးညလုံးပေါက်အချိန်ဖြုန်းခဲ့ချိန်တွေ၊ အင်္ဂါ နဲ့ စနေမှာ ပုံမှန်ထွက်တဲ့ Eleven ရဲ့အပတ်စဉ်ဂျာနယ်လေးတွေကိုပဲ အားပါးတရမှီဝဲခဲ့ရချိန်တွေတုန်းက မြန်မာပြည်ကဘောလုံးဝါသနာရှင်တွေအတွက်တော့ အင်္ဂလန်ပရီးမီးယားလိဂ် ဆိုတဲ့ရုပ်မြင်သံကြားကြီးပေါ်ကပုံရိပ်တွေနဲ့ပဲ ပိုမိုကျွမ်းဝင်ခဲ့ရတာပဲဖြစ်ပါတယ်။ ချိုစိမ့်တစ်ခွက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထိုင်ကြည့်ရတဲ့အရသာကို ပေါင်ချိန်ဇာတ်လမ်းတွဲတွေနဲ့လည်းမလဲနိုင်ခဲ့သလို ဂျူမုံနဲ့လည်းအစားမထိုးနိုင်ခဲ့ကြပါဘူး။ ကုန်ကုန်ပြောမယ်ဗျာ....ကောင်မလေးချောချောလေးနဲ့တူတူ ညလုံးပေါက်စကားတွေထိုင်ပြောမလား ESPN ကလာမယ့် ပရီးမီးယားလိဂ်ပွဲတွေကြည့်မလားဆို၊ ကောင်မလေးကိုအိမ်ပြန်လွှတ်မယ့်အထိ ရူးသွပ်ခဲ့ကြတယ်ဗျ။ တစ်ချိန်က ဘာကလေဇာတ်ခုံကြီးပေါ်ကပြဖျော်ဖြေခဲ့တဲ့သူတွေထဲမှာ စတီဗင် ဂျရတ်(Steven Gerrard) ဆိုတဲ့ မာဆေးဆိုက်မြေက သူရဲကောင်းတစ်ယောက်ရဲ့ပုံရိပ်တွေဟာလည်း ဘောလုံးချစ်ပရိသတ်တွေရဲ့ နှလုံးသားထဲစွဲကျန်နေဦးမယ်လို့ထင်ပါတယ်။
စတီဗင်ဂျော့ဂျ်ဂျရတ် (Steven George Gerrard) ကို ၁၉၈၀ ပြည့်နှစ်၊ မေလ ၃၀ ရက်နေ့ မှာမွေးဖွားခဲ့ပြီး ဂျရတ်ဟာ လီဗာပူးအသင်းအခြေစိုက်ရာ မာဆေးဆိုက်မြို့ရဲ့ဇာတိအရင်းအချာလည်းဖြစ်ပါတယ်။ ဂျရတ်ရဲ့ ငယ်ဘဝဘောလုံးဟီးရိုးတွေကတော့ လီဗာပူး ဂန္ဓဝင်တွေဂျွန်ဘန်းစ် (John Barnes) ၊ အီရန်ရှပ် (Ian Rush) နဲ့ အင်္ဂလန်နဲ့စပါးအသင်းဂန္ဓဝင် ပေါလ်ဂတ်စကွိုင်နီ (Paul Gascoigne) တို့ပဲဖြစ်ကြပါတယ်။
ဂျရတ်ဟာဘယ်လိုကစားသမားမျိုးလဲ
ဂျရတ်ဟာငယ်စဉ်ကသူ့ကိုယ်သူ ခံစစ်အားသန်ကစားသမားလို့သာ ခံယူခဲ့တာဖြစ်ပါတယ်။ တိုက်စစ်လိုက်ပါရမယ့်အစား ခံစစ်ကိုထိန်းကျောင်းရင်းလျှောထိုးဖျက်ထုတ်မှုတွေပြုလုပ်ရတာကိုပဲမွေ့လျော်နေတာပါ။ နောက်ပိုင်းမှာတော့ အသင်းခေါင်းဆောင် ဂျေမီရက်နပ်( Jamie Redknapp) ဒဏ်ရာရနေချိန် အသင်းရဲ့လိုအပ်ချက်အရ တိုက်စစ်ကိုပိုမိုလိုက်ပါဖို့ကြိုးစားလာခဲ့ပြီးခြေစွမ်းလည်းအသင့်အတင့်ပြလာနိုင်ခဲ့ပါတယ်။ ဂျရတ်ဟာ ကစားသမားဘဝတစ်လျှောက် ကွင်းလယ်အထိုင်၊ ကွင်းလယ်တိုက်စစ်၊ နောက်ချန်တိုက်စစ်၊ ညာတောင်ပံ၊ ညာနောက်ခံလူတွေအဖြစ်ပါ လိုသလိုအသုံးတော်ခံနိုင်ခဲ့ပါတယ်။
နည်းပြကြီး ဘင်နီတက်ဇ် လက်အောက်မှာတော့ ဂျရတ်ရဲ့တိုက်စစ်လိုက်ပါမှုတွေဟာတစ်ဟုန်ထိုးတိုးတက်ကောင်းမွန်လာတာကိုတွေ့ရပါတယ်။ အရပ်၆ပေရှိတဲ့ဂျရတ်ဆီကနေ ခေါင်းတိုက်ဂိုးတွေကိုပါ မျှော်လင့်လို့ရလာပါတယ်။ ဂျရတ်ရဲ့ ဘောလုံးပွဲတစ်ပွဲကိုဖတ်နိုင်မှု ၊ ဘောလုံးအမြင်စူးရှမှု၊ ဘောလုံးပေးပို့မှုအရည်အသွေးတွေနဲ့ ကွင်းတွင်းဦးဆောင်နိုင်မှု၊ ပြင်းပြတဲ့စိတ်ခွန်အားတို့ကပဲ ဂျရတ်ကို ၂၀ရာစုရဲ့အကောင်းဆုံးကွင်းလယ်ဗိုလ်ချုပ်တွေထဲကတစ်ယောက်ဖြစ်စေခဲ့ပါတယ်။ အင်္ဂလန်မှာ ဘာကလေတေးသွားတွေ လွှမ်းမိုးခဲ့စဉ်တုန်းကတော့ ဂျရတ်ရဲ့ကိုက်၂၀၊ ၃၀ အကွာက မြေမကျဒုံးကျည်ကန်ချက်တွေဟာ ကိုယ်မြတ်နိုးရတယ့်ကောင်မလေးရဲ့ အပြုံးတစ်ပွင့်ကိုတောင် မေ့လျော့သွားစေတဲ့အထိ လှပလွန်းခဲ့ပါတယ်။
Comments
Post a Comment