Skip to main content

'ငှက်ကလေး - မင်းလူ (book review)


     ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးရှိတယ်ဆိုတာယုံလား။
     ချစ်ခြင်းမေတ္တာမှာ အသက်အရွယ်အကန့်အသတ်တွေရော ရှိတယ်လို့ထင်လား။
     အနုအရွစကားလုံးတွေပါမှ အချစ်ဝတ္ထုလို့ခေါ်မှာလား။
     ချစ်သူတွေကြားက မေတ္တာတရားမှ ချစ်ခြင်းမေတ္တာလို့ခေါ်တာမဟုတ်ပါဘူး။
     ကိုယ်တို့နေထိုင်နေကြတဲ့ ပတ်ဝန်းကျင်မှာ ချစ်ခြင်းမေတ္တာတွေဟာ အမျိုးစုံကြိုးခုန်ပြီး ပုံစံတစ်ခုစီနဲ့ ရှိနေတတ်ပါတယ်။
     အချစ်ဝတ္ထုမဟုတ်တဲ့ မေတ္တာဝတ္ထုတစ်ပုဒ်လို့ခေါ်ရမယ့် ဝတ္ထုလေးတစ်ပုဒ်အကြောင်း ပြောပြရပါဦးမယ်။
    ဆရာမင်းလူရဲ့ "ငှက်ကလေး"ဆိုတဲ့ ဝတ္ထုလေးပေါ့။ ခေါင်းစဥ်ကိုစကြားဖူးတုန်းက ဘယ်လိုတွေးမိလဲသိလား။ ချစ်ရတဲ့မိန်းကလေးကို ငှက်ကလေးတစ်ကောင်နဲ့တင်စားပြီးရေးထားတဲ့ အနုအရွအချစ်ဝတ္ထုလေးတစ်ပုဒ်ဖြစ်မယ်ပေါ့။ တကယ်တော့ ငှက်ကလေးဟာ ချစ်ရတဲ့မိန်းကလေးအတွက် သုံးထားတဲ့ နာမ်စားမဟုတ်ခဲ့ပါဘူး။ ဝတ္ထုထဲကဇာတ်ကောင်ရဲ့ စိတ်ဝိညာဥ်၊ စာဖတ်သူရဲ့စိတ်ဝိညာဥ်ကို ကိုယ်စားပြုထားတဲ့ စကားလုံးတစ်လုံးလို့ ပြောရလိမ့်မယ်။
     သူ့ကိုယ်သူ ''ကိုယ်'' လို့သုံးနှုန်းတတ်တဲ့ အလယ်တန်းကျောင်းသားလေး။ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်နေရတဲ့စိတ်တွေ။ အရွယ်မတိုင်ခင် မရင့်ကျက်ချင်ဘဲ ရင့်ကျက်လိုက်ရတာ ဘယ်လောက်မွန်းကြပ်ဖို့ကောင်းလဲ သိကြလား။ တခြားကလေးတွေလို ကလေးဆန်ချင်ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ရင့်ကျက်လိုက်ရတာမျိုးပေါ့။
ဒီဝတ္ထုထဲက မောင်မောင်ဟာလည်း အဲ့ဒီလိုကလေးမျိုးလို့ ကိုယ်တော့ထင်တာပဲ။
     ဒီတော့ သူမွန်းကြပ်နေရတာဟာ ဘာ့ကြောင့်လဲ။ အဓိကကတော့ သူ့အဖေနဲ့အမေကြောင့်ပေါ့။ မိဘတွေရဲ့ ပြဿနာက ကလေးတွေရဲ့စိတ်ကို ဘယ်လောက်တောင် ထိခိုက်စေလဲဆိုတာ ကြုံဖူးတဲ့သူတွေဆိုရင် ပိုသိကြပါလိမ့်မယ်။ သူ့အဖေနဲ့အမေကြားမှာ ပြဿနာတစ်ခုခုရှိနေတယ်။ ဒါကိုသူသိတယ်၊ ဒါပေမယ့် အော်ကြီးဟစ်ကျယ်ရန်ဖြစ်စကားများနေတာမျိုးမဟုတ်ဘဲ အတွင်းစိတ်ချင်း အဆင်မပြေတာဆိုတော့ သူလည်းဘာမှမလုပ်ပေးတတ်ရှာဘူးလေ။
     ဒီဝတ္ထုထဲမှာ သူငယ်ချင်းသံယောဇဥ်၊ ထုတ်မပြောပေမယ့် တကယ်ရှိတဲ့ မေတ္တာတရားတွေ၊ ဒါ့အပြင် ကလေးတစ်ယောက်ရဲ့ ကလေးမဆန်တဲ့အတွေးတွေ ဒါတွေမြင်ရလိမ့်မယ်။
     နောက်ဆုံးမှာ ဘယ်လိုတွေဖြစ်သွားမလဲ၊ ဝတ္ထုထဲက ငှက်ကလေးကရော မွန်းကြပ်မှုတွေထဲက လွတ်မြောက်သွားနိုင်ခဲ့လား။ ကျွန်တော်တို့ စာဖတ်သူတွေရော အတူတူလွတ်မြောက်နိုင်ကြမလား၊
_______________________________

Comments

Post a Comment