Skip to main content

ကြာတော့သည်လည်း မောင့်စကား - ဂျူး

 


    one of my favourite authors ဆရာမဂျူးရဲ့ ဝတ္ထုတစ်ပုဒ်၊ 'ကြာတော့သည်လည်း မောင့်စကား'။ စဖတ်ဖူးတာက ၁၀ တန်းတက်နေချိန်ကပေါ့။ ပြန်ပြန်ဖတ်မိတာ ၄ ခါ ရှိသွားပြီ။ ဒီဝတ္ထုကို ပြန်ရိုက်ထားတဲ့ ဇာတ်ကား ၂ ခုလုံး ကြည့်ဖူးပေမယ့် ဝတ္ထုလောက်တော့မကြိုက်ခဲ့ပါဘူး။

     ပထမတစ်ကားက ရဲအောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ။ ၁၉၉၅ လောက်ကဖြစ်မယ်။ ဒုတိယကားကတော့ ၂၀၁၉ ကမှ ပြန်ရိုက်ထားတာ၊ စိုင်းစိုင်းခမ်းလှိုင်ရယ် ထွန်းထွန်းရယ် ဖွေးဖွေးရယ်။

     ဆိုတော့ ဝတ္ထုမှာ အဓိကဇာတ်ကောင် ၃ ယောက်ပေါ့။ ဖြိုးကျော်၊နန္ဒ၊တင်တင်ဇော် ဆိုတဲ့ သူငယ်ချင်း ၃ ယောက်။

     ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း သူငယ်ချင်းတွေကြားက အချစ်သံယောဇဉ်ကို ဇာတ်အိမ်တည်ထားပေမယ့် သာမန်ချစ်ကြိုက်ညားဇာတ်လမ်းမျိုးတော့ လုံးဝမဟုတ်ပါဘူး။ ရသအစုံပါပြီး စာဖတ်သူကို အဆုံးထိဆွဲခေါ်သွားနိုင်တဲ့ အကြောင်းအရာတွေနဲ့၊ ဖတ်နေရင်း ဇာတ်ကောင်တွေကိုမချင့်မရဲဖြစ်ရတာမျိုးတွေ၊ သူ့နေရာမှာ ငါသာဆိုဘာလုပ်မလဲ တွေးမိတာမျိုးတွေအထိ ဖြစ်စေတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။


     တင်တင်ဇော်နဲ့ဖြိုးကျော်က ငယ်ငယ်လေးကတည်းက ခင်လာတဲ့ အိမ်နီးချင်း၊သူငယ်ချင်းတွေပေါ့။ မိဘတွေကလည်း ရင်းနှီးတယ်။ ဒါပေမယ့် သူငယ်ချင်း ၂ ယောက်က type လုံးဝမတူဘူး။ ငယ်ငယ်ကတည်းက ဖြိုးကျော်က ပျင်းတယ်၊ ကစားမက်တယ်၊ တစ်ခုခုဆို စိတ်ထဲရှိတဲ့အတိုင်းရဲရဲဝင့်ဝင့်မပြောတတ်ဘူး။ တင်တင်ဇော်ကတော့ ပြောင်းပြန်... စာတော်တယ်၊ ဉာဏ်​ကောင်းတယ်၊ ခေါင်းမာတယ်၊ သူဖြစ်ချင်တာကိုဖြစ်အောင်လုပ်တတ်တယ်။ ဘာဖြစ်ဖြစ် သူငယ်ချင်းနှစ်ယောက်က ငယ်ကတည်းက ကစားဖော်၊ကျောင်းသွားဖော် သူငယ်ချင်းကောင်းတွေ၊ ပြီးတော့ ဖြိုးကျော်ဟာ တင်တင်ဇော့်ကို သိပ်ပြီးသည်းခံတယ်။

     ဆရာမက ဘယ်လိုရေးထားသလဲဆိုရင် "ဖြိုးကျော်ဆိုတဲ့ လူငယ်လေးဟာ တင်တင်ဇော့်အတွက် မွေးဖွားလာတယ်လို့ ထင်ရလောက်အောင်ကို သူမအတွက် အလွန်လိုအပ်တဲ့အဖော်ကောင်းတစ်ယောက်ဖြစ်တယ်" တဲ့။ နန္ဒကတော့ တင်တင်ဇော် ၉ တန်းရောက်မှ ပြောင်းလာတာ၊ မြို့နယ်ဆရာဝန်ကြီးရဲ့သား။ အင်္ဂလိပ်စာအရမ်းတော်တယ်။

     အဲ့အချက်ကြောင့် အစမှာ တင်တင်ဇော်က နန္ဒကို မျက်မုန်းကျိုးနေတာပေါ့။ ပြီး သူတို့နှစ်ယောက်ကြားမှာ ရန်စလေးတစ်ခုလည်းရှိလိုက်သေးတယ်။ ဒါပေမယ့် တစ်တန်းတည်းသားအချင်းချင်းလည်းဖြစ်တော့ နှစ်ယောက်သား ခင်သွားကြတာပါပဲ။

     တင်တင်ဇော်နဲ့ နန္ဒ ၉ တန်းရောက်တဲ့အချိန်မှာမှ ငပျင်းအိုးဖြိုးကျော်လေးက ၇ တန်းတက်နေတုန်းပဲ ရှိသေးတယ်။ အဲ့တော့ နန္ဒနဲ့ဖြိုးကျော်က တင်တင်ဇော်ကနေမှတစ်ဆင့်ခင်တာ။ ဒါပေမယ့် အဲ့လိုမခင်သေးခင် တင်တင်ဇော့်ကို အကြောင်းပြုပြီး နှစ်ယောက်သားလက်ဝှေ့ယှဥ်ထိုးလိုက်ကြသေးတယ်။

     နောက်တော့လည်း ၃ ယောက်သား သူငယ်ချင်းကောင်းတွေဖြစ်သွားကြတာပါပဲ။ ဖြိုးကျော်ရော နန္ဒရော က တင်တင်ဇော့်အပေါ်မှာ သူငယ်ချင်းဆိုတာထက်ပိုတဲ့ခံစားချက်တွေရှိပေမယ့် နှစ်ယောက်လုံးဖွင့်မပြောခဲ့ကြပါဘူး။ ၁၀တန်းဖြေပြီးတဲ့ အချိန်မှာ နန္ဒက ရန်ကုန်ကိုပြောင်းသွားရတယ်။ တင်တင်ဇော်နဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်။ရေနံချောင်းမှာ တင်တင်ဇော်နဲ့ဖြိုးကျော်ပဲ ကျန်ရစ်တယ်။ဒါပေမယ့် ဖြိုးကျော် ဟာ တင်တင်ဇော့်အပေါ်မှာထားတဲ့ သူ့ခံစားချက်တွေကို လုံးဝထုတ်မပြောခဲ့ဘူး။ဘာလို့လဲဆိုတော့ ငယ်ငယ်က တင်တင်ဇော်ပြောခဲ့ဖူးတဲ့ "ငါ့ထက် ပညာအဆင့်အတန်းနိမ့်တဲ့လူကို ငါ့တစ်သက်မမှန်းဘူး" ဆိုတဲ့ စကားကြောင့်။ အဲ့စကားက ဖြိုးကျော်ရင်ထဲမှာ တစ်သက်လုံးစွဲနေတဲ့စကားပဲ။.အဲ့စကားကြောင့် ဖြိုးကျော်ဟာ သူနဲ့တင်တင်ဇော်ကြားက သူငယ်ချင်းစည်းကို လုံးဝမကျော်ခဲ့ဘူး။

     ၁၀ တန်းအောင်ပြီးတော့ တင်တင်ဇော်က မန္တလေးမှာ ဆေးကျောင်းဆက်တက်တယ်။ဖြိုးကျော်ကတော့ ၁၀တန်းမအောင်လို့ ဆက်မဖြေတော့ဘဲ တင်တင်ဇော့်အစ်ကိုခေါင်းဆောင်လုပ်နေတဲ့သင်္ဘောမှာ အလုပ်သွားလုပ်တယ်။ ရည်းစားတွေလည်း ထားတယ်။ တင်တင်ဇော့်အပေါ်မှာတော့ အနစ်နာခံတုန်း၊သံယောဇဥ်ကြီးတုန်းပဲ။

     နှစ်တွေကြာတော့ တင်တင်ဇော် ဆေးကျောင်းကဘွဲ့ရပြီး အစိုးရအလုပ်ဝင်ဖို့ ရန်ကုန်မှာစာမေးပွဲလာဖြေတယ်။ အဲ့မှာ နန္ဒနဲ့ပြန်တွေ့တယ်။တကယ်က နန္ဒနဲ့ဖြိုးကျော်က အဆက်အသွယ်ပြန်ရနေတာကြာပြီ။ ဒါပေမယ့် တင်တင်ဇော့်ကို ပြောမပြခဲ့တာ။ 

     အဲ့တော့ သူတို့တွေ ပြန်တွေ့ကြပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲ။ နန္ဒနဲ့တင်တင်ဇော့်တို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ။ ဖြိုးကျော်ကရော တင်တင်ဇော့်ကို ဖွင့်ပြောမလား။ ဇာတ်သိမ်းက ကိုယ်မျှော်လင့်ထားသလို ဖြစ်မလား။ ဒါတွေသိချင်ရင်တော့ ကိုယ်တိုင်ပဲ ဒီစာအုပ်ကို ဖတ်ကြည့်လိုက်ပါ။

      ကိုယ်ပိုင်ခံစားချက်အရ နန္ဒဆိုတဲ့ ဇာတ်ကောင်ကို အရမ်းကြိုက်တယ်။ စာအုပ်ကို၄ခါလောက်ဖတ်ပြီးသွားတာတောင် တကယ်စိတ်ထဲစွဲစွဲလမ်းလမ်းပဲ။ ဒါပေမယ့် နန္ဒက အတ္တကြီးတဲ့လူစားမျိုး။ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတယ်။ လိုချင်တာကိုမရရအောင်ကြိုးစားယူတယ်။ ဖြိုးကျော်ကိုတော့သနားလည်းသနားတယ်။ မချင့်မရဲလည်းဖြစ်တယ်။ သူငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ချစ်လာတဲ့ မိန်းကလေးကို သူ့ထက်သာတဲ့သူနဲ့မှထိုက်တန်တယ် လို့ပဲ စိတ်ထဲမှတ်ထားရှာတယ်။ နောက် တင်တင်ဇော်။ တကယ်တော့ တင်တင်ဇော်ကလည်း သနားဖို့ကောင်းပါတယ်။ သူဘာဖြစ်ချင်မှန်း သူကိုယ်တိုင်မသိဘူး။ ဘာလိုချင်မှန်းလည်း တိတိကျကျမသိဘူး။ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားမချနိုင်ဘူး။ ဇာတ်ကောင် ၃ ယောက်လုံးရဲ့ အနေအထားတွေက တစ်ယောက်တစ်မျိုးစိတ်ဝင်စားစရာကောင်းတာချည်းပါပဲ။ ပြီး ဒီဝတ္ထုမှာက ၁၅၀၀ အချစ်တင်မကဘူး။ ၅၂၈ မေတ္တာတွေရော၊ သူငယ်ချင်းတွေ၊မိသားစုတွေကြားက မေတ္တာတရားတွေရောပါ လှလှပပထည့်ရေးထားတာ။

     ဆရာမဂျူးရဲ့ အရေးအသားနဲ့ပါပေါင်းလိုက်တော့ ဒီဝတ္ထုကလည်း သာမန်အချစ်ဝတ္ထုပါဆိုတာထက်ပိုတဲ့ စာအုပ်ကောင်းတစ်ပုဒ်ဖြစ်လာတာပေါ့။ အဲ့တော့ ဒီစာအုပ်ကို မဖတ်ဖူးသေးရင် သေချာပေါက်ဖတ်ကြည့်သင့်တဲ့ စာအုပ်ပါလို့ ပြောချင်ပါတယ်။



pdf link 

Comments

Post a Comment