သင်ဟာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားပြောရာမှာ အဆင်မပြေဖြစ်နေလား အခက်အခဲတွေရှိနေလား ကိုယ့်ကိုကိုယ် Communication Skillညံ့တယ်လို့ ခံစားနေရပြီလား ....စတဲ့ အတွေးတွေဝင်နေပြီဆိုရင်တော့ ဦးနု ဘာသာပြန်ထားတဲ့ မိတ္တဗလဋီကာဆိုတဲ့ စာအုပ်လေးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။
မိတ္တဗလဋီကာဟာ အမေရိကန်နာမည်ကျော် စာရေးဆရာ Dale Carnegieရဲ့ How To Win Friends And Influence People ဆိုတဲ့စာအုပ်ကို ဘာသာပြန်ထားတာပါ။ ထိုမူရင်းဟာလည်း သူ့ခေတ်အခါက သမ္မာကျမ်းစာပြီးရင် ဒုတိယအထုတ်ဝေရဆုံး စာအုပ်ဖြစ်ခဲ့ပါတယ်၊ ယခုအချိန်ထိလည်း ကမ္ဘာအနှံ့အပြားမှာ ရောင်းရဆဲ၊ ဖတ်ရှုနေကြဆဲ ပါ။
ဦးနု ကိုယ်တိုင်က ဒီစာအုပ်ကိုဖတ်ကြည့်ပြီး သဘောကျလွန်းလို့ အများအကျိုးရှိအောင် အစအဆုံးဘာသာပြန်ခဲ့တာပါ။ ဦးနုဟာ မြန်မာပြည်ရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်သလို နိုင်ငံရေးအပြင် စာပေရေးရာမှာလည်း ထူးချွန်ပြောင်မြောက်လှပါတယ်။
ဒီစာအုပ်ကို စထုတ်ဝေတုန်းက 'လူပေါ်လူဇော်လုပ်နည်း' အမည်နဲ့ ထွက်ရှိခဲ့ပြီး ၊ နောက်မှ 'မိတ္တဗလဋီကာ' လို့ပြောင်းခဲ့ပါတယ်။ မိတ္တဗလဋီကာ စာအုပ်ဟာ ဦးနုရဲ့အထင်ရှားဆုံးဘာသာပြန်စာအုပ်ဖြစ်သလို မြန်မာ့စာပေထုတ်ဝေရေးသမိုင်းမှာ အရောင်းရဆုံးစာအုပ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာလည်း ထုတ်ဝေခဲ့ရတာပါ။
အဲ့တော့ မိတ္တဗလဋီကာ စာအုပ်က ဘာလို့ဒီလောက်နာမည်ကြီးတာလဲ ဘာတွေပါလို့လဲ သိချင်ကြမှာပေါ့နော်။ စာအုပ်မှာ အပိုင်း(၅)ပိုင်းပါပြီး (၁)ပိုင်းဆီမှာ နည်းလမ်းကောင်းတွေထပ်ခွဲထားပါတယ်။ ဥပမာ - တွေ့လျှင်တွေ့ချင်း မေတ္တာရှိစေသောနည်း၊ ကိုယ့်ဘက်ပါအောင်လုပ်နည်း၊ လူတိုင်းအလိုရှိသောအရာ၊ အပြစ်ဆိုစရာ ရှိခဲ့လာမူ စပါ ဤနည်း ၊ အချစ်ပြယ်ဆေး ...စတဲ့ နည်းလမ်းတွေအများကြီးပါပါတယ်။
သင့်ကိုလူကြိုက်များစေလိုလျှင် တစ်ဖက်သားစိတ်ဝင်စားလျက်ရှိသည့် ကိစ္စဘက်မှနေ၍ ဆွဲပါ။ ဇွတ်ငြင်းတာကို အမြဲရှောင်ပါ။ လူတစ်ဦးတစ်ယောက်အား မှားသည်ဟု ဘယ်တော့မှမပြောလေနှင့်။ စတဲ့အရာတွေကို စိတ်ဝင်စားစရာကောင်းအောင် သာဓကတွေနဲ့ သေချာရေးသားထားပါတယ်။ ကျွန်မတို့တွေဟာ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ရာမှာ တစ်စုံတစ်ယောက်က အမှားလုပ်မိသွားရင် အပြစ်တင်မစောဘဲ ချီးမွမ်းတာတို့၊ရိုးသားစွာ ချီးကျူးတာတို့နဲ့ အစပြုရပါမယ်။ အားပေးစကားနဲ့အတူ ရောပြောရပါမယ်။ သူတို့အမှားဟာပြင်ဆင်နိုင်တယ်ဆိုတာကို သဘောပေါက်စေသင့်ပါတယ်။ တစ်ဖက်သားကို မျက်မုန်းမကျိုးစေဘဲ စိတ်ပြောင်းလာစေချင်ရင်ဒီစာအုပ်လေးကို ဖတ်ပြီး အသုံးချကြည့်ကြပါ။
ဒီစာအုပ်မှာ အင်မတန်တန်ဖိုးရှိလှတဲ့ အနှစ်တွေ ပါဝင်တာမို့ တထိုင်တည်း ပေါ့ပေါ့လျော့လျော့ မဖတ်သင့်ပါဘူး။ စာအုပ်ကို တစ်လတစ်ကြိမ်ပြန်ဖတ်ဖို့၊ ရှေ့ဆက်မဖတ်သေးဘဲ ဖတ်ပြီးတဲ့သင်ခန်းစာကို ပြန်တွေးကြည့်ဖို့၊ အရေးကြီးသည်များကို မျဉ်းသားထားဖို့ စတဲ့ စာအုပ်ဖတ်နည်း နည်းလမ်းတွေပါ ဖော်ပြထားပါတယ်။
လူဆိုတာ တစ်ဦးတစ်ယောက်တည်း နေရတာမဟုတ်ပါဘူး။ အပေါင်းအဖွဲ့ မိတ်ဆွေသူငယ်ချင်း မိသားစုနဲ့အတူ အသက်ရှင်နေထိုင်နေကြရတာပါ။ အဲ့တော့ ဘယ်သူနဲ့မဆို ပေါင်းသင်းဆက်ဆံရာမှာ ကျွမ်းကျင်လိမ္မာဖို့လိုပါတယ်။ လူတိုင်းဖတ်သင့်တဲ့ အဖိုးတန်စာအုပ်လေးမို့ မဖတ်ရသေးရင် ဖတ်ကြည့်ကြဖို့ အကြုံပြုချင်ပါတယ်။ *အကြောင်းအရာတွေအများကြီးပါဝင်လို့ pdfနဲ့ဆိုရင်တော့ သိပ်အဆင်မပြေနိုင်လောက်ပါဘူး။ စာအုပ်နဲ့ သေချာဖတ်ရတာကပိုကောင်းပါတယ်။ အားလုံးပဲ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ။
Done
ReplyDeleteNice
ReplyDeleteI'll find and read it.
ReplyDeleteThank for your sharing
ReplyDelete