မင်းဒင်ရဲ့သက်ခိုင် (သို့) ဗမာပြည်ရဲ့ အတ္တလောကကို အံတုခဲ့သူတစ်ယောက်အကြောင်း
Disclaimer အနေနဲ့ စာအုပ်က အတော်လေးတော့ ထူပါကြောင်း၊ သို့သော် ဖတ်ရတာအင်မတန်စိတ်ဝင်စားဖို့ကောင်းသလို ကျွန်တော်ဖတ်ခဲ့စဉ်ကဆိုလျှင် ၄ ရက်ဆက်တိုက်လောက် မချတမ်းဖတ်ခဲ့တာပါ။ သေချာတာကတော့ စဖတ်ကြည့်လိုက်ပါ၊ သင်စာအုပ်ကို လက်မလွှတ်တမ်း ဖတ်ချင်လာပါလိမ့်မယ်။
ဒီစာအုပ်မှာက ၁၉၆၂ ဖွား လူတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံတွေကို အတ္ထုပ္ပတ္တိသဘောမျိုးရေးထားတာဖြစ်ပေမယ့် ယခင်စစ်အစိုးရများ လက်ထက်တွေမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ပျက်စီးယိုယွင်းနေတဲ့ အခြေအနေတွေကို ရှုထောင့်တစ်မျိုးကနေ မြင်တွေ့နိုင်မယ့် ခေတ်ပြကြေးမုံလို့တောင် သတ်မှတ်လို့ရပါတယ်။
အဓိကမြင်တွေ့ရမှာက ၁၉၉၈ ဝန်းကျင် ခေတ်ရဲ့ ပုံရိပ်တွေ၊ ၈၈ အရေးအခင်းအတွင်း ကျောင်းသား ပြည်သူလူထုကို ရက်စက်ဖိနှိပ်ခဲ့တဲ့ သမိုင်းတွေ၊ စစ်အစိုးရများရဲ့ အကွက်ကျကျစီမံခဲ့တဲ့ အာဏာသိမ်းဖြစ်စဉ်တွေ၊ ရှစ်လေးလုံးအရေးတော်ပုံအတွင်း အမျိုးမျိုးသောဖိနှိပ်မှုတွေကြောင့် လူမသေဘဲ ဘဝသေခဲ့ရတဲ့ လူတွေရဲ့အကြောင်းတွေ မျက်ဝါးထင်ထင်မြင်လာရမှာဖြစ်တယ်။
ဒီဝတ္ထုရဲ့ ဇာတ်လိုက်က ကိုသက်ခိုင်။
ကိုသက်ခိုင်က စီးပွားရေးသမားပီပီ ဆိုင်ရာပိုင်ရာလမ်းကြောင်းတွေကို ဘယ်လိုကိုင်တွယ်ဝင်ထွက်ရမလဲဆိုတာ ကောင်းကောင်းနားလည်တယ်။ ကိုသက်ခိုင်သည် မိုက်ဂုဏ်ရှိပေမယ့် လူမိုက်တော့မဟုတ်ပေ။ အဲ လူမိုက်မဟုတ်ဘူးလို့ဆိုပြန်ရင်လည်း ခင်ဗျားတို့ကငြင်းချင်ကြမယ်ဆိုတော့ ဉာဏ်ကောင်းတဲ့ လူမိုက်၊ လိမ္မာတဲ့ လူမိုက်ပဲဆိုကြပါစို့။
ကိုသက်ခိုင်ရဲ့ နိမ့်တခါမြင့်တလှည့် လောကဓံကို အံတုခဲ့တဲ့ စိတ်ဝင်စားဖွယ် ဘဝအတွေ့အကြုံတွေကို မြင်ရမယ်။ ကိုသက်ခိုင်ဆီကနေ သင်ခန်းစာယူသင့်တာတွေ လည်း မြင်ရမယ်။ လူ့လောကသဘာဝအရ ဘဝမျိုးစုံ စရိုက်မျိုးစုံနှင့် အဲ့ဒီခေတ်မှာ စီးမျောခဲ့တဲ့ လူတစ်ယောက်ရဲ့ဘဝကို စာရေးဆရာမင်းဒင်ရဲ့ ရှုထောင့်ကနေမြင်ရမယ်ပေါ့ဗျာ။
ဒီစာအုပ်ထဲမြင်ရမှာက ကဏ္ဍတော်တော်စုံတယ်လို့ပြောလို့ရတယ်။ အခု အကြမ်းဖက်စစ်တပ်ရဲ့ စတင်ပျက်စီးယိုယွင်းခဲ့ပုံတွေ၊ လာဘ်စားတဲ့အရာရှိတွေ အကြောင်းတွေ၊ ခရိုနီတွေ ဘယ်လိုချမ်းသာလာတယ်ဆိုတာတွေ စသဖြင့် နိုင်ငံပျက်စီးရာပျက်စီးကြောင်းဖြစ်ရပ်တွေကို ထင်ရှားစွာမြင်တွေ့ရမှာပါ။
ပြောနေရတာရှည်လျားလှပါတယ်။ ဒီစာကိုဖတ်ဖြစ်တဲ့ သင်က လူငယ်ဖြစ်မယ်ဆိုရင် အခု "မင်းဒင်ရဲ့ သက်ခိုင်" ဆိုတဲ့စာအုပ်ကို မဖြစ်မနေဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
သင်မသိတဲ့ လောကကြီးရဲ့အကြောင်းတွေကို ဒီစာအုပ်က ခေတ်ရဲ့ပုံရိပ်လွှာဆန်ဆန် တင်ပြသွားမှာဖြစ်လို့ စာမျက်နှာ ၇၀၀ ကျော်ရှိပေမယ့် ဖတ်ရတာ အင်မတန်ဆွဲဆောင်မှုရှိလို့ ဖတ်ကြည့်ကြပါပေါ့...

ဒီလို စာအုပ် review လေးတွေ ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ReplyDeleteအရင် စာအုပ် review လေးေတွ တုန်းကလိုပဲ အဆင်ပြေရင် စာအုပ် pdf file လေးတွေ ထည့်ပေးစေချင်ပါတယ်။
မင်းဒင်ရဲ့သက်ခိုင်(၁)
https://www.mediafire.com/?3zd6dyswk44iup6
မင်းဒင်ရဲ့သက်ခိုင်(၂)
https://www.mediafire.com/?8vn7fmpx27105g7
မင်းဒင်ရဲ့သက်ခိုင်(၃)
https://www.mediafire.com/?75mmjdxdxcnrdmy
မင်းဒင်ရဲ့သက်ခိုင်(၄)
https://www.mediafire.com/?ug3fzncfjjk8oqg
Thanks for book reviews
ReplyDelete