''ဖန်ခါးရင်ခွင်'' အပိုင်း (၂)
နီနီက အညာသူပီပီပဲ ရွှေဘိုသနပ်ခါးဝင်းဝင်းလေးကို ပါးကွက်လေးကွက်ပြီးလိမ်းထားတယ်။ နှုတ်ခမ်းနီရဲရဲလေးနဲ့ ဆံပင်ဂုတ်ထောက်ကိုမှ ရှေ့ကဆံမြိတ်လေးချထားသေးတယ်။ အက်ျီအနက်ရောင်ခါးရှည်ကို stocking ဘောင်းဘီဒူးဖုံးလေးနဲ့ပေါ့ နီနီ့ကိုကြည့်ရတာ တကယ့်အညာသူစတိုင်ပါပဲ။
''တို့က ဖူးဖူးပါ ဒီဘက်အခန်းမှာနေရမှာလေ။ တို့အခန်းဖော်ကတော့မရောက်သေးဘူးရယ်''
''ဟုတ်လား နီနီ့အခန်းဖော်က ယမင်းတဲ့မကွေးတိုင်းထဲကပဲလို့ပြောတယ် သူလည်းမရောက်သေးဘူးဘဲ။''
''ယမင်းတဲ့လား''
ယမင်းကို ကျွန်မသိတာပေါ့။ ဟုတ်တယ် ကျွန်မလည်းမကွေးတိုင်းထဲကပဲလေ။ ကျွန်မတို့ ၈တန်းနှစ်က လူရည်ချွန်မဟုတ်သေးတဲ့ ပညာရည်ချွန်ဆိုတဲ့ ပြိုင်ပွဲတွေရှိခဲ့တယ်။ မြို့နယ်အဆင့်မှာ ပထမရတဲ့သူက တိုင်းအဆင့်ပြန်ပြိုင်ကြရတယ်။ အဲဒီတုန်းက ကျွန်မလည်း ကျွန်မတို့မြို့နယ်မှာ ပထမရခဲ့လို့ တိုင်းအဆင့်လာပြိုင်ရတုန်းက ယမင်းကလည်း သူတို့မြို့မှာ ပထမရပြီးတိုင်းအဆင့်လာပြိုင်တာ။ ကျွန်မတို့ အဆောင်တစ်ခုထဲမှာ အတူတူနေခဲ့ကြဖူးတယ်။ အဲဒီတုန်းက ယမင်းဟာလေ မိန်းခလေးလား ယောကျ်ားလေးလားမသဲကွဲတဲ့စတိုင်နဲ့မို့ ကျွန်မသူ့ကို ကောင်းကောင်းမှတ်မိတာပေါ့။
''ယမင်းက အတော်လေးသွက်တယ် အရမ်းလဲတော်တယ် နီနီတော့အခန်းဖော်ကောင်းရတာပဲ ယမင်းကို ဖူးဖူး ကောင်းကောင်းသိတယ် သိလားနီနီ''
ဒီလိုနဲ့ နီနီကို ပစ္စည်းတွေနေရာကူချပေးရင်း စကားတွေပြောရင်းနဲ့ပဲ ညနေဘက်ရောက်လာတယ်။
''ဟော...လူတစ်အုပ်ကြီးတက်လာတယ်နီနီရေ...ဒီဘက်ကိုလာနေတယ် ''
လူအုပ်ကြီးက ကျွန်မတို့နားရောက်လာတယ်။
'' ဟုတ်တယ် ဟုတ်တယ် ဒီအခန်းပဲ နံပါတ် ၂၂ တဲ့ သမီးနေရမှာ ဒီအခန်းပဲ''
''အမလေး လှေခါးတက်ရတာ မောလိုက်တာအေ ရေတိုက်ကြပါဦးဟဲ့''
ကျွန်မလည်း လူတွေကိုလိုက်ကြည့်မိတယ် ၁၀ယောက်လောက်ရှိမယ်ထင်တယ်။
ဟိုနားက ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့ဝတ်ထားတဲ့ ပုပုသေးသေး ဆံပင်တိုစိစိနဲ့ ကောင်မလေး။
''ဟုတ်တယ် အဲတာယမင်းပဲ နီနီရဲ့''
'' ယမင်းရေ တို့ကိုမှတ်မိလားကွာ''
ကျွန်မကပဲ အရင်နှုတ်ဆက်လိုက်တယ်။
''အယ်...သိတယ် သိတယ် နေဦး... နာမည်မေ့နေလိုက်တာဟယ်...လူကိုမှတ်မိတယ်''
''ဖူးဖူးလေ''
''သြော်...ဖူးဖူးလား ဟုတ်သားပဲ မှတ်မိတယ် ၈တန်းနှစ်ကပြိုင်ပွဲမှာ တွေ့ဖူးတယ်လေ''
ယမင်းဟာ သူတို့မြို့မှာ အရမ်းနာမည်ကြီးပြီး အရမ်းချစ်ခံရတဲ့မိန်းခလေးဆိုတာကို နောက်ကလိုက်ပို့ကြတဲ့ လူအုပ်ကြီးကိုကြည့်ပြီး သိနိုင်ပါတယ်။ ထုံးစံအတိုင်း စပ်စုကြည့်တော့မှ ယမင်းဟာ တကယ်ထူးထူးချွန်ချွန်နဲ့ ဆုတံဆိပ်ပေါင်းများစွာနဲ့ အောင်မြင်လာတဲ့သူမှန်းသိတော့တယ်။
ယမင်းကိုလိုက်ပို့ကြတဲ့သူတွေလည်း ပြန်သွားကြပြီ။
ကျွန်မတို့လည်း ရေမိုးချိုးပြီး ညစာဘယ်လိုစားရမှာလဲ လိုက်စုံစမ်းကြတယ်။
"အဆောင်အောက်က အန်တီကြီးတစ်ယောက်ဘာတွေအော်နေလဲမသိဘူး ထွက်ကြည့်လိုက်မယ်'' ၄ထပ်ဆောင်ပေါ်ကနေ အောက်ကိုလှမ်းကြည့်လိုက်တော့ အန်တီကြီးတစ်ယောက် တွန်းလှည်းလေးနဲ့ ဟင်းချက်တွေလာရောင်းနေတာပဲ။
''ဟေး...ထမင်းသွားစားကြမယ်လေ''
''အေး သွားစားကြမယ်ဟေ့''
ကျွန်မရယ် နီနီရယ် ယမင်းရယ် ချမ်းချမ်းရယ် ချမ်းချမ်းအမေရယ် ဖန်ခါးရင်ခွင်ကိုရောက်ပြီး ပထမဦးဆုံးသော ညနေစာကို အဆောင်အောက်ကတွန်းလှည်းသည်အန်တီဆီမှာ အတူစားခဲ့ကြတယ်။
''ရှင်းမယ် အန်တီ''
'' တစ်ပွဲကို ၅၀၀ ပါသမီးတို့''
အဲဒီနှစ်က အသားဟင်း တစ်မျိုးနဲ့ အရံဟင်းနှစ်မျိုးပါတဲ့ ထမင်းတစ်ပွဲဟာ ၅၀၀ကျပ်ပဲပေးရတယ်။ ဟင်းချိုနဲ့ တို့စရာပါချပေးသေးတယ်။ဖန်ခါးရင်ခွင်မှာ dining room ရှိပေမယ့် ထမင်းမကျွေးပါဘူး အကုန်ဝယ်စားကြရပါတယ်။
ညဘက်တောင်ရောက်လာပြီ။ ကျွန်မနဲ့အတူနေရမယ့်အခန်းဖော်ရောက်မလာသေးဘူး။ အခန်းထဲတစ်ယောက်တည်းမနေရဲတဲ့ ကျွန်မလည်း နီနီတို့ ယမင်းတို့အခန်းမှာ သွားလည် စကားတွေတဖောင်ဖောင်ပြောရင်း ညနက်လာတော့မှကျွန်မအခန်းပြန်လာလိုက်တယ်။ ချမ်းချမ်းကတော့ သူ့အမေကမပြန်သေးဘူး။ နီနီနဲ့ ယမင်းကလည်း ၂ယောက်ဆိုတော့ အေးဆေးပဲ။ ကျွန်မပဲ အခန်းထဲမှာတစ်ယောက်တည်း။ ပထမဆုံးအကြိမ် မိသားစုနဲ့ဝေးရာမှာ တစ်ယောက်တည်းအိပ်ရမဲ့ညလေ။ ကြောက်ကြောက်နဲ့ပဲ တစ်ညလုံးဘယ်လိုကုန်ဆုံးသွားတယ်မသိလိုက်ပါ။
''ဖူးဖူးရေ...မိုးလင်းပြီ ထတော့ဟေ့''
နီနီ့ နှိုးသံကြားမှ ကျွန်မနိုးလာတော့တယ်။
Previous>>
Next>>
Done
ReplyDelete