Skip to main content

စတီဗင်ဂျရတ် (သို့) မာဆေးဆိုက်မြို့က အလှပဆုံးအိပ်ရာဝင်ပုံပြင်တစ်ပုဒ် (အပိုင်း-၂)


ကလပ်အသင်းကစားသမားဘဝဖြတ်သန်းပုံ

                စတီဗင်ဂျရတ်ကို အသက်၉ နှစ်အရွယ်ထဲက လီဗာပူးကင်းထောက်အဖွဲ့ကစောင့်ကြည့်ခဲ့တာပဲဖြစ်ပါတယ်။ ၁၄နှစ်ရောက်လာတဲ့အခါမှာတော့ ထိုအချိန်က ပရီးမီးယားလိဂ်ကိုကြီးစိုးထားတဲ့ မန်ချက်စတာယူနိုက်တက်အပါအဝင်အသင်းကြီးများက ကမ်းလှမ်းခဲ့သော်လည်း မာဆေးဆိုက်သွေးအပြည့်ပါတဲ့ကောင်လေးဟာ လီဗာပူးကိုသာရွေးချယ်ခဲ့ပါတယ်။ ၁၉၉၇ ပြည့်နှစ်မှာတရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီး သူ့အတွက်ပထမဆုံးသောပွဲထွက်ခွင့်ကိုတော့ ၁၉၉၇-၉၈ ခုနှစ်ရာသီ ဘလက်ဘန်းအသင်းနဲ့ပွဲစဉ်မှာရရှိခဲ့ပါတယ်။ ကျောနံပတ် ၂၈ ကိုဝတ်ဆင်ထားတဲ့ ၁၇နှစ်အရွယ်လူငယ်လေးဟာ ဒဏ်ရာရရှိသွားတဲ့အသင်းခေါင်းဆောင် ဂျေမီရက်နပ်(Jamie Redknapp) အစားဝင်ရောက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဂျရတ်ဟာသူရဲ့ ပထမဆုံးရာသီမှာ ၁၃ပွဲထိကစားခဲ့ရပြီး နောက်ပိုင်းမှာဒဏ်ရာကပြန်သက်သာလာတဲ့ ရက်နပ်နဲ့ကွင်းလည်မှာအချိတ်အဆက်မိမိကစားပြခဲ့လို့ နည်းပြကြီး ဟူလီယာ (Gerard Houllier) ကိုသဘောကျစေခဲ့ပါတယ်။ ၁၈ နှစ်သားတစ်ယောက်အနေနဲ့ ဒီလောက်စွမ်းဆောင်ပြနိုင်တာအံ့ဩစရာတော့သိပ်မရှိပါဘူး။ စတိဗ် ဟာ အရက်သေစာကိုလုံးဝရှောင်ရှားတဲ့အပြင် အစားအစာကိုလိုအပ်သလိုချင့်ချိန်ပြီးစားပါတယ်။ ပွဲကစားရက်များအကြား နားရက်ကောင်းကောင်းရအောင်လည်းစနစ်တကျစီမံခန့်ခွဲပြီး ကြွက်သားတွေကိုကောင်းစွာအနားရစေပါတယ်။ စတိဗ်ရဲ့ ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကိုတော့ ရှက်ဖီးလ်ဝင့်စ်ဒေး (Sheffield Wednesday) ကိုအနိုင်ရရှိတဲ့ ၁၉၉၉-၂၀၀၀ ခုနစ်ဘောလုံးရာသီမှာရရှိခဲ့ပါတယ်။စတိဗ်ဟာ လီဗာပူးအသင်း ဖလား ၃လုံးရရှိခဲ့တဲ့ ၂၀၀၀-၀၁ ရာသီမှာလည်းခြေစွမ်းပြခဲ့ပြီးနောက် ၂၀၀၃-၀၄ ရာသီမှာတော့ ဟစ်ပီယာ (Sami Hyypia) အစား လီဗာပူးအသင်းရဲ့အသင်းခေါင်းဆောင်ရာထူးကိုစတင်ရရှိခဲ့ပါတယ်။ နည်းပြကြီး ဟူလီယာ ဟာဂျရတ်ရဲ့ ထိန်းချုပ်ကွက်ကဲနိုင်စွမ်းနဲ့ဘောလုံးအရည်အသွေးကိုအလွန်သဘောကျတဲ့အတွက် ၂၃ နှစ်သားလေးကို ကြိုးကြာနီတို့ရဲ့အသင်းခေါင်းဆောင်ရာထူးပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ခြေစွမ်းပြနေတဲ့ဂျရတ်ကို ၂၀၀၃-၀၄ ရာသီမှာတော့ချယ်ဆီးအသင်းကချဉ်းကပ်လာခဲ့ပါတယ်။ ရုရှားဘီလျံနာ အေဗရာမိုဗစ်ချ်ရဲ့ထောက်ပံ့မှုနဲ့ အသင်းကိုစနစ်တကျတည်ဆောက်နေတဲ့ အပြာရောင်တပ်သားတို့ဟာ ဂျရတ်အတွက်စတာလင်ပေါင်သန်း၂၀ ထိပေးခဲ့ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတော်လေးနီးစပ်ခဲ့ပေမယ့်နောက်ဆုံးမှာတော့ မာဆေးဆိုက်မြေကိုစွန့်ခွာပြီး လန်ဒန်ကိုအခြေချဖို့ကိုငြင်းဆန်ခဲ့ပါတယ်။
         စတီဗင်ဂျရတ်ဟာလီဗာပူးရဲ့နာမည်ကျော် အစ္စတန်ဘူလ်(Istanbul)ညချမ်းရဲ့အဓိက ဇာတ်လိုက်လည်းဖြစ်ခဲ့ပါတယ်။ ထို ၂၀၀၅-၀၆ရာသီ ချန်ပီယံလိဂ်( Champions league) ဖလားဗိုလ်လုပွဲမှာ လီဗာပူးအသင်းဟာ စတိဗ်ရဲ့ဦးဆောင်မှုနဲ့အတူ အီတလီဘီလူးကြီး အေစီမီလန် (AC Milan)ကိုနောက်ကောက်ချနိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ ပွဲစစချင်းသွင်းယူခဲ့တဲ့အသင်းခေါင်းဆောင်မာလ်ဒီနီ (Maldini) ရဲ့ခေါင်းတိုက်ဂိုး၊တိုက်စစ်မှူး ခရက်စ်ပို (Crespo) ရဲ့သွင်းဂိုး၂ဂိုးနဲ့အတူ ပထမပိုင်းမှာလီဗာပူးအသင်းကို ၃ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်လို ပြိုင်ပွဲတစ်ခုရဲ့ဖိုင်နယ်မှာ ၃ ဂိုးပြတ်တယ်ဆိုတာဟာ ပွဲပြတ်တာပါပဲ။ တော်ရုံစိတ်ဓာတ် ၊စုစည်းမှုတွေနဲ့ ပြန်လာဖို့ဆိုတာမလွယ်ပါဘူး။ဒါပေမယ့် စတိဗ်ဦးဆောင်တဲ့ကြိုးကြာနီတို့ဟာ ဒါကိုလုပ်ပြနိုင်ခဲ့ပါတယ်။ရီစေး (Riise) ရဲ့ဖြတ်တင်ဘောကို ဂျရတ်အကောင်းဆုံးပိတ်သွင်းပြီးပွဲကိုပြန်လည်အသက်ဝင်စေခဲ့ပါတယ်။အဲ့နောက် စမစ်ဆာ (Smicer) ရဲ့ဂိုး၊ ဂျရတ်ကြောင့်ရတဲ့ ပင်နယ်တီကို အလွန်ဆို(Xabi Alonso) ပိတ်သွင်းခဲ့တဲ့ဂိုးတို့နဲ့အတူ မာဆေးဆိုက်သားတို့ပြန်လာနိုင်ခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ဂိုးသမား ဒူဒက်ရဲ့လက်စွမ်းပြမှုနဲ့အတူ ချန်ပီယံလိဂ်ဖလားကြီးကို အန်ဖီးလ်ကွင်းဆီအရောက်သယ်ယူသွားနိုင်ခဲ့ပြီး စတီဗင်ဂျရတ်ဟာလည်းထိုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ စတိဗ်ဟာ ထိုရာသီကသူ့ရဲ့အကောင်းဆုံးခြေစွမ်းပြမှုတွေကြောင့် တဦးချင်းဆုတံဆိပ်အနေနဲ့  ၂၀၀၅ ခုနှစ် ရဲ့ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု (UEFA club footballer of the year) နဲ့ ဘလွန်းဒေါ (Balloon D'or) တတိယနေရာတို့ကိုရရှိခဲ့ပါတယ်။ ဂျရတ်ရဲ့အကောင်းဆုံးရာသီပြီးနောက် ချယ်ဆီးအသင်းကထပ်မံချဉ်းကပ်လာခဲ့ပြန်ပါတယ်။ ဒါပေမယ့်စတိဗ်ကပြတ်ပြတ်သားသားငြင်းဆန်သွားခဲ့ပြီး မာဆေးဆိုက်မြို့ခံတွေရဲ့ အသည်းနှလုံးကိုဖမ်းစားမယ့်စကားတစ်ခွန်းပြောခဲ့ပါတယ်။ "ချယ်ဆီးကိုသွားပြီး ဆုဖလားတွေအများကြီးပတ်ယူနေမယ့်အစား လီဗာပူးနဲ့အတူဖလားလေးတစ်လုံးရတာက ကျွန်တော့်အတွက်ပိုပြီးအဓိပ္ပာယ်ရှိပါတယ်" လို့ပြောခဲ့တာပဲဖြစ်ပါတယ်။
         စတိဗ်ရဲ့အမှတ်တရပွဲတွေအကြောင်းပြောရရင် ၂၀၀၆ အက်ဖ်အေဖလားဖိုင်နယ်ကလည်းချန်ထားလို့မရဘူးဗျ။ ဝက်စ်ဟမ်း (Westham) အသင်းရဲ့ ၃-၂ နဲ့ဦးဆောင်ခြင်းကိုခံထားရပေမယ့် ဂျရတ်ရဲ့၃၅ကိုက်အကွာက နောက်ဆုံးမိနစ်ဒုံးချည်ကန်ချက်ကြောင့်ချေပဂိုးရရှိသွားပြီးပင်နယ်တီထိခရီးဆက်နိုင်ခဲ့ပါတယ်။ ပင်နယ်တီမှာတော့ ဖလားကို ကြိုးကြာနီတို့ပဲသိမ်းပိုက်နိုင်ခဲ့ပြီး ဂျရတ်ဟာလည်း ၂ဂိုးသွင်း ၁ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ဒီဖိုင်နယ်မှာ ဂျရတ်ရဲ့စွမ်းဆောင်ရည်ဟာထင်ရှားလွန်းလို့ "ဂျရတ် ဖိုင်နယ်" ဆိုပြီးနာမည်ကြီးခဲ့ပါတယ်။ ဆက်တိုက်ခြေစွမ်းပြမှုတွေကြောင့် စတီဗင်ဂျရတ်ဟာ ၂၀၀၇ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်း (PFA 2007 Xl) မှာပါဝင်ခဲ့သလို တစ်နှစ်တာအကောင်းဆုံးကစားသမားဆုမှာလည်းအသင်းဖော် တောရက်စ် (Fernando Torres) နဲ့အတူဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ၂၀၀၉-၁၀ ရာသီမှာ ရာဖေးဘင်နီတက်ဇ် (Rafael Benitez) အစားဝင်ရောက်လာတဲ့နည်းပြ ရွိုင်းဟော့ဆန် (Roy Hogson) လက်အောက်မှာလည်း စတိဗ်ရဲ့ခြေစွမ်းတွေဟာဆက်လက်တောက်ပခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပထမဆုံးဟက်တရစ်ကိုတော့ အက်စတွန်ဗီလာ (Aston Villa)အသင်းကို ၅-၀ နဲ့အနိုင်ရတဲ့ပွဲစဉ်မှာရရှိခဲ့ပါတယ်။
        ဂျရတ်ရဲ့အကောင်းဆုံးအချိန်တွေဖြစ်တဲ့ ၂၀၁၁-၁၂ ရာသီမှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူနစ် (Bayern Munich) ကချဉ်းကပ်လာပေမယ့် ငြင်းဆန်ခဲ့ပြီး လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာအာရုံစိုက်ခဲ့ပါတယ်။ စတီဗင်ဂျရတ်နဲ့ လီဗာပူးအသင်းတို့ ပရီးမီယားလိဂ်ချန်ပီယံဆုနဲ့အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ ၂၀၁၃-၁၄ ရာသီမှာလည်း စတိဗ်ဟာအစွမ်းကုန်တောက်ပခဲ့ပြီး ပြိုင်ပွဲစုံမှာ ၁၃ဂိုးသွင်းကာ ၁၃ ဂိုးဖန်တီးပေးခဲ့ပါတယ်။ဒါဟာ ပရီးယားလိဂ်လိုပြိုင်ပွဲက ကွင်းလယ်လူတစ်ယောက်အတွက် မလွယ်ကူတဲ့အချက်အလက်တွေပါ။ ဒါပေမယ့်စတိဗ်အတွက်ကံမကောင်းခဲ့ပါဘူး။ ရာသီကုန်ခါနီး ၃ပွဲအလို ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ စတိဗ်ရဲ့ခြေချော်လဲကျမှုကြောင့် ချယ်ဆီးတိုက်စစ်မှူး ဒမ်ဘာဘ(Dem Ba Ba)သွင်းယူသွားတဲ့ဂိုးအပါအဝင် ၂-၀ နဲ့အရေးနိမ့်ခဲ့ပါတယ်။ ထိုပွဲမစခင်မှာ ဇယားကိုကြိုးကြာနီတို့စိုးမိုးထားနိုင်ပေမယ့် အမှားအယွင်းတွေကြောင့် ဖလားကိုတော့ မန်စီးတီး( Manchester City)အသင်းလက်ထဲထည့်လိုက်ရပါတယ်။ အမှတ်ပေးဖလားကိုအရမ်းလိုချင်ခဲ့သူ စတိဗ်ဟာသူ့အမှားကြောင့် အတော်လေးစိတ်ထိခိုက်ခဲ့ရပြီး "ဒီ ၃ လဟာကျွန်တော့်ဘဝရဲ့အဆိုးဆုံးကာလတွေပါပဲ" လို့ငြီးငြူခဲ့ရပါတယ်။ တစ်နှစ်အကြာ ၂၀၁၅ ခုနှစ်မှာတော့ဂျရတ်ဟာ လီဗာပူးအသင်းကိုနှုတ်ဆက်ခဲ့ပါတယ်။ ကစားသမားဘဝနောက်ဆုံးပွဲစဉ်ကို စတုတ်စီးတီး( Stoke City )အား ၆-၁ နဲ့ရှူံးတဲ့ပွဲစဉ်မှာဝင်ရောက်ကစားခဲ့ပြီး လီဗာပူးအသင်းရဲ့တစ်လုံးထဲသောဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ထို့နောက် ၂၀၁၅-၁၆ ရာသီမှာမေဂျာလိဂ်ကလပ် အယ်အေဂလက်စီ ( LA Galaxy )အသင်းအတွက်တစ်ရာသီကစားပြီးနောက် ကစားသမားဘဝမှအပြီးအပိုင်အနားယူသွားခဲ့ပါတယ်။ စတိဗ်ဟာ လီဗာပူးအသင်းအတွက် ၁၇ ရာသီပါဝင်ကစားပေးခဲ့ပြီး ၅၀၄ ပွဲမှာ ၁၂၀ ဂိုးထိသွင်းယူပေးနိုင်ခဲ့သလို ကြိုးကြာနီတို့အတွက် ချန်ပီယံလိဂ် တစ်ကြိမ်၊ ယူရိုပါလိပ် တစ်ကြိမ်၊ ဥရောပစူပါလား တစ်ကြိမ်၊ အက်ဖ်အေဖလားနဲ့ ကားလင်းဖလားကို နှစ်ကြိမ်စီ ဆွတ်ခူးပေးခဲ့တဲ့ အသင်းရဲ့ဂန္ဓဝင်ကစားသမားကြီးပဲဖြစ်ပါတယ်။

Comments