Skip to main content

မိုးကောင်းကင်၌ တိမ်တိုက်များ - မြအေး

 


    ဒီဝတ္ထုစာအုပ်လေးကို တော်တော်များများ ဖတ်ဖူးကြမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ နာမည်ကြီးစာရေးဆရာရေးထားတာ မဟုတ်လို့ပါ။ ဒါပေမယ့် ဒီစာအုပ်လေးဟာ "အကောင်းတကာ့အကောင်းဆုံးရွက်ပုန်းသီးတွေထဲက တစ်အုပ်အပါအဝင်"ပါပဲလို့ ကျွန်တော်ကတော့ မြင်ပါတယ်။ အမှာစာမှာလည်း စာရေးဆရာတစ်ဦးက " ဒီစာအုပ်ကို စာရေးဆရာနာမည် မကြည့်ဘဲ ဖတ်ကြည့်မယ်ဆိုရင် ဝါရင့်ဝတ္ထုရေးဆရာတစ်ယောက်ရေးတဲ့ ဝတ္ထုလို့ ထင်မြင်မိမှာပါ"ဆိုပြီး ရေးသားထားပါတယ်။ ဝတ္ထုနာမည်လေးက 'မိုးကောင်းကင်၌ တိမ်တိုက်များ' ဖြစ်ပြီး စာရေးသူကတော့ စာရေးဆရာ မြအေး ပဲ ဖြစ်ပါတယ်။ 

    ဇာတ်လမ်းအကျဥ်းကတော့ ချမ်းသာတဲ့မိသားစုတစ်စုမှာ အလုပ်ကျွေးပြုစုနေရတဲ့ အိမ်ဖော်မတစ်ယောက်ရဲ့ သားဖြစ်သူ "မိုးအောင်" ဆိုတဲ့ ကောင်လေးဘဝကို ပုံဖော်ရေးသားထားတာပါ။ ဒီကောင်လေးဟာ ဘဝကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းလာခဲ့ပြီးနောက်မှာတော့ သူ့မှာ ဘယ်လိုမှ ကုသလို့မရတော့တဲ့ သွေးကင်ဆာရောဂါ ဖြစ်နေတယ်လို့ သိလိုက်ရပါတယ်။ အဲ့အချိန်ကစပြီး သူ့အမေနဲ့အတူတူနေလာခဲ့တဲ့ ဆင်းရဲသားရပ်ကွက်ကို သွားပြီး ဒုက္ခရောက်နေသူတွေကို အကူအညီပေးရင်း သူဘယ်လို သူ့ဘဝလက်ကျန်ကို အကျိုးရှိရှိဖြတ်သန်းသွားမလဲဆိုတာ ဖတ်ကြရမှာပါ။ ပြီးတော့ ခုလို သေခါနီးအချိန်လေးမှာမှ "နှင်းဧကရီ" ဆိုတဲ့ ဆရာဝန်မလေးနဲ့ မေတ္တာသက်ဝင်ပြီး နောက်ပိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲ ဆိုတာကို ရင်ခုန်လှိုက်မောစွာ ဖတ်ကြည့်ရမှာပါ။ 

    ဒီစာအုပ်ကိုဖတ်ပြီး စာရေးဆရာက စာဖတ်သူတွေကို ပေးချင်တဲ့ messageတွေကို အထင်းသားမြင်တွေ့ရမှာပါ။ ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးအတွက်ပဲ ဦးစားပေးဆိုတဲ့ ပရဟိတစိတ်ထား၊ မေတ္တာရဲ့ အသွားအပြန်သက်ရောက်ပုံတွေ၊ ဆင်းရဲတွင်းနက်ပြီးရင်း နက်နေတဲ့ အောက်ခြေလူတန်းစားတို့ရဲ့ ဘဝပုံရိပ်တွေကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပုံပေါ်အောင် ရေးသားပုံဖော်ပြထားပါတယ်။ ကျွန်တော်ဆို ဒီစာအုပ်ကို ပြန်ပြန်ဖတ်တာ အကြိမ်အရေအတွက်ကို မမှတ်မိတော့ပါဘူး။ ဖတ်တိုင်းလည်း ရင်ထဲထိပြီး ငိုမိနေတုန်းပါပဲ။ မဖတ်ဖူးသေးတဲ့သူတွေအနေနဲ့လည်း ဖတ်ကြည့်ဖို့ အကြံပြုလိုက်ရပါတယ်နော်။

(ps. ဤဝတ္ထုကို ဇာတ်ကားအနေနဲ့လည်း ပုံဖော်ရိုက်ကူးထားပါသေးတယ်။ ဒါပေမယ့် စာအုပ်ဖတ်တာနဲ့ ဇာတ်ကားကြည့်တာနဲ့ လုံးဝ အကွာကြီး ကွာပါတယ်နော်။ စာအုပ်ဖတ်တာကပဲ ရင်ထဲလုံးဝ ထိတာပါ)

Comments

Post a Comment