Skip to main content

အကြင်သူသည် - သိုးဆောင်း



ဒီစာအုပ်ကို ကြားဖူးတာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကဖြစ်မယ်။ သူငယ်ချင်းက ဒီဝတ္ထုထဲက ဘုရားကြီးဟာ မကွေးနားမှာ ရှိလောက်မလားမသိဘူး၊ ငါတို့ရှာကြည့်ရအောင်လို့ ပြောဖူးတယ်မှတ်တယ်။ အစ်ကိုတွေ၊ အစ်မတွေကလည်း ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ တိုက်တွန်းကြလို့ ဖတ်ကြည့်ချင်နေခဲ့တာ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခုမှ ဖတ်ဖြစ်တော့တယ်။

           ဇာတ်လမ်းအကြောင်းမပြောခင် ကိုယ်ဖတ်တုန်းက ဖြစ်ခဲ့တဲ့ အလွဲလေးတစ်ခုကို ပြောရဦးမယ်။ ကိုယ်က ဒီစာအုပ်အကြောင်း ဘယ် Review မှဖတ်မထားဘူး၊ စာအုပ်မှာလည်း အမှာစာကမပါတော့ ဇာတ်လမ်းအကြောင်း ဘာမှမသိဘူး။ အဆောလတ်မြို့အကြောင်း စပြောတော့ နန်းနွယ်ဆိုတာကို မိန်ကလေးထင်သွားတာ။🤣သူ့သူငယ်ချင်းနာမည်ကလည်း စောဖြူဆိုတော့၊ သြော်....ကောင်မလေးနှစ်ယောက် ပွဲစျေးအလည်ထွက်ကြတယ်ပေါ့။ သေရည်သောက်တဲ့အခန်းတွေရယ်၊ စောဖြူစကားပြောတဲ့ ပုံစံတွေရယ်ကိုဖတ်ရတော့ "ဟဲ့ သြော် သူတို့ခေတ်က မိန်းကလေးတွေက ဘယ်လိုတုန်း"ပေါ့။😑

ဇာတ်ပွဲဝင်ကြည့်တဲ့အခန်းရောက်မှ နန်းနွယ်ရော၊ စောဖြူရော ယောကျ်ားလေးတွေမှန်းသိတော့တယ်။ ပွဲလာတဲ့သူတွေထဲမှာ "သူတို့လို ပျိုရွယ်သူ အမျိုးသားတွေ" များတယ်လို့ ရေးထားတာတွေ့မှ သိသွားတာ။ အဲ့ဒီအခါကျမှ ရှေ့ကအပိုင်းတွေပြန်ဖတ်ပြီး စိတ်ထဲ ဘဝင်ကျသွားတယ်။🤣

         ကဲ ဇာတ်လမ်းအကြောင်းလေး ဆက်ပြောရရင်တော့ ဒီဝတ္ထုရဲ့ ဇာတ်အိမ်တည်ရာဟာ နန်းနွယ်ရဲ့ ချစ်ခြင်းမေတ္တာပဲ။ ဇာတ်လမ်းကို အစပျိုးသူကတော့ ေစာဖြူပေါ့။ သူတို့နှစ်ယောက်ဟာ ဇာတ်ပွဲကြည့်ရင်း ယမင်းသူဇာဆိုတဲ့ ဇာတ်မင်းသမီးလေးကို သတိထားမိပြီး သဘောကျသွားကြတယ်။ အဲ့ဒီမင်းသမီးလေးဟာ အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့ဆိုတဲ့ အာရုံငါးပါးထဲက တစ်ပါးမှာ သူမတူအောင်ကို ထူးခြားတယ်။ ဒါပေမယ့် ယမင်းသူဇာကတော့ သူ့ရဲ့ အဲ့ဒီပါရမီထူးကို ဆုတောင်းမှားခဲ့တာရဲ့အကျိုးဆက်လို့ သဘောထားပြီး သိပ်မုန်းတယ်။ သူ့ရဲ့ တစ်ခုတည်းသောဆန္ဒဟာ ဉာဏ်တော်တစ်ရာ့ရှစ်တောင်အမြင့်ရှိတဲ့ စေတီတော်ကြီး တည်ထားကိုးကွယ်ပြီး ဒီဘဝဒီခန္ဓာနဲ့တင် ဝဋ်တွေအကုန်ကြေဖို့ ဆုတောင်းချင်တာပဲ။ အဲ့လိုစေတီကြီးတည်ဖို့ဆိုတာ အသပြာတွေ အများကြီးလိုတာမို့ ကြိုးစားရှာဖွေရင်း ဘဝမှာအနိမ့်အမြင့်အတက်အကျတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။ အဆောလတ်မြို့က အသပြာတစ်သိ်န်းချမ်းသာတဲ့ သူဌေးလေးနန်းနွယ်ဟာ သူ့အသပြာတွေ အဆုံးရှုံးခံပြီး ယမင်းသူဇာကို အကာအကွယ်ပေးခဲ့တယ်။

            ဒီနေရာမှာတော့ နန်းနွယ်ကို နည်းနည်းအပြစ်တင်မိတယ်။ သူသုံးတဲ့နည်းလမ်းဟာ ငွေသာကုန်ပြီး တကယ်တမ်းကျ ကြာရှည်မခံဘူးလေ။ သြော် ဒီလူ့နှယ် ဒီလောက်ပဲမိုက်ရသလားဆိုပြီးတောင် ေပြာမိသေးတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူချစ်ရတဲ့မိန်းကလေးကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကို ရှာတွေ့သွားခဲ့တယ်။ အဲ့ဒီအကာအကွယ်ဟာ နှစ်ပေါင်းများစွာကြာတဲ့တိုင်အောင် တည်တံ့နေတဲ့အကြောင်း၊ ချစ်ခြင်းမေတ္တာနဲ့စိတ်စွမ်းအားဟာ သိပ်ကိုတန်ခိုးကြီးကြောင်း စိုးကျော်ဆိုတဲ့ ဇာတ်ကောင်ကိုသုံးပြီး ဖော်ပြသွားတယ်။ 

            ဒီဝတ္ထုမှာ သဘောကျတဲ့အချက်တွေများတယ်။ ဇာတ်ကောင်စရိုက်တွေဟာ သိပ်ကိုပီပြင်တယ်။ စာရေးဆရာဟာ သူဖော်ပြချင်တဲ့ အကြောင်းအရာ ရုပ်လုံးပေါ်ဖို့အတွက် လိုအပ်တဲ့အထောက်အပံ့တွေကို မသိမသာ ထည့်သုံးသွားတယ်။ ဇာတ်ဆရာသောင်းတန်၊ ဆရာကြီးအရိယ၊ စောဖြူ၊ သံပျဥ်မင်းသားစတဲ့ ပါသမျှ ဇာတ်ကောင်တိုင်းဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျပဲ။ အရောင်နဲ့ပတ်သက်ပြီး ထည့်သုံးသွားတဲ့အချက်တွေကို်လည်း မှတ်ထားမိတယ်။ သဘောအကျဆုံးကတော​့ စိတ်စွမ်းအားအကြောင်းထည့်ရေးသွားတဲ့နေရာတွေပဲ။ ဖန်တီးတဲ့သူရဲ့ စိတ်အပေါ်မူတည်ပြီး အနုပညာလက်ရာတွေဟာ ခံစားမှုစိတ်ဇောတွေနဲ့ ရှင်သန်နေတဲ့အကြောင်း ရေးပြသွားတာဟာ တကယ်ကြက်သီးထစရာပဲ။

           ချစ်ခြင်းမေတ္တာအစစ်ဟာ တဏှာရာဂမီးနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း နန်းနွယ်ဇာတ်ကောင်က ဖော်ပြနေတယ်။ တကယ်တမ်းချစ်မြတ်နိုးတဲ့အခါ အသက်နဲ့လဲပြီး ကတိကိုတည်ဖို့ကြိုးစားတတ်ကြကြောင်း ယမင်းသူဇာက သက်သေပြသွားတယ်။ စိတ်ဇောအဟုန်ဟာ အင်အားအကြီးဆုံး အစွမ်းတန်ခိုးဖြစ်ကြောင်း ဆရာကြီးအရိယရယ်၊ စံနန်းဆောင်ကြီးရယ်က သိစေပါတယ်။

               ကိုယ်က ဆရာသိုးဆောင်းရဲ့ စာတွေ ဖတ်နေကျဆိုပေမယ့် ဒီဝတ္ထုဟာ ဆရာရေးဖူးတဲ့ တခြားစာတွေနဲ့ တကယ်မတူပါဘူး။ ရေးတဲ့ပုံစံရော သုံးတဲ့အသုံးအနှုန်းတွေကပါ တော်တော်ကွဲပါတယ်။ အကြောင်းအရာတစ်ခုချင်းစီကို အနုစိတ်ပြီးရေးထားတယ်လို့ခံစားရတယ်၊ ဖတ်ပြီးတဲ့အခါ စိတ်ထဲခံစားမှုတစ်ခုခုတော့ ကျန်နေခဲ့မှာအမှန်ပါပဲ။ နန်းနွယ်ရဲ့အချစ်၊ ယမင်းသူဇာရဲ့အချစ်၊ သံပျဥ်ကိုယ်တော်ရဲ့အချစ် အစရှိသဖြင့် လူအမျိုးမျိုးရဲ့ အချစ်မျိုးစုံကို ရှုထောင့်အများကြီးကနေ မြင်ခွင့် တွေးခွင့်ရမှာပါ။ ချစ်ရသူကို တဏှာရာဂမီးတွေဆီကနေ ကာကွယ်ပေးနိုင်ခဲ့ပေမယ့် ဓားချက်တွေဆီကနေ မကယ်တင်ပေးနို်င်ခဲ့တဲ့ နန်းနွယ်တစ်ယောက်လည်း အကယ်၍သံသရာမှာ ယမင်းသူဇာနဲ့ ပြန်ဆုံခဲ့သည်ရှိသော် အစစအရာရာလုံခြုံအောင် ကာကွယ်စောင့်ရှောက်နိုင်​ေစကြောင်းဆုတောင်းရင်း။    ။




 

Comments

  1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete
  2. ခုနောက်ပိုင်းစာရှည်ပေရှည်တွေ မဖတ်ချင်တော့ဘူး summary ပဲကြိုက်တယ်

    ReplyDelete
  3. ဖတ်ချင်မိတယ်

    ReplyDelete
  4. ဖတ်ရဦးမယ် ...📚🍀

    ReplyDelete
  5. သိုး​ဆောင် အိုင့် အကြိုက်ဆုံး❤

    ReplyDelete
  6. တစ်မျိုးလေးခံစားရစေတယ်

    ReplyDelete
  7. အဲ့စာအုပ်လေးလည်းဖတ်ကြည့်ဖူးချင်တယ်

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ဖတ်ကြည့်ပြီသွားြပီ အရမ်းေကာင်းတဲ့စာအုပ်ပါ 👍👍💯

    ReplyDelete
  10. တော်လှန်ရေး ကြီးပြီးမှ ဇိမ်နဲ့ဖတ်တော့မယ် ခုတော့ မျက်လုံးတွေက ဝါးဝါးလာနေပြီ

    ReplyDelete

Post a Comment