Skip to main content

၂၁ ရာစု ပရီးမီးယားလိဂ်ရပ်ဝန်းမှ မိတ်ဆွေဟောင်းများ (၁)

 



         အခုနောက်ပိုင်း ပရီးမီးယားလိဂ်မှာ New Castle အသင်းရုန်းကန်နေရတာတွေ့တော့ တစ်ချိန်က ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ Tyne & Wear ဒါဘီပြိုင်ဘက်ကြီး  ဆန်းဒါးလန်း( Sunderland) ရော ဘယ်ဆီများရောက်နေပြီလဲလို့တွေးမိလိုက်တယ်။ အသည်းအသန်သွားရှာကြည့်တော့မှ ဆရာသမားတွေက အင်္ဂလန်ရဲ့တတိယတန်းလိဂ်ဖြစ်တဲ့ League one တောင်ရောက်နေပါရောဗျို့။ ဒီတစ်ပတ်တော့ အနီစင်းကြားဂျာစီနဲ့ ကျွန်တော်တို့ရင်းနှီးခဲ့တဲ့ ကြောင်နက်တွေရဲ့အကြောင်း တစ်ခေါက်လောက်ပြန်ပြောကြရအောင်ပါ။

                   ကြောင်နက်တွေလို့နာမည်ပြောင်ပေးထားတဲ့ ဆန်းဒါးလန်းအသင်းဟာ ၁၈၇၉ ခုနှစ်ထဲကစတင်တည်ထောင်ခဲ့တာမို့လို့ အခုဆိုရင် ၁၄၂ နှစ်သက်တမ်းရှိပါပြီ။ အင်္ဂလန်အမှတ်ပေးဖလား(ယခုပရီးမီးယားလိဂ်ဖလား) ကို ၆ကြိမ်ရရှိခဲ့ဖူးပြီး FA cup ၂ကြိမ်ပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပရီးမီးယားလိဂ်ကိုတန်းပြန်တက်လာပြီးနောက် ပထမဆုံးရာသီမှာတင်ခြေစွမ်းပြကာ အဆင့် ၇ နဲ့သိမ်းနိုင်ခဲ့ပါတယ်။ အဓိကတိုက်စစ်မှူးကယ်ဗင်ဖီးလစ် (Kelvin Philips) ဟာလည်း ဂိုး ၃၀ သွင်းကာ ဥရောပရွှေဖိနပ်ဆုကိုရခဲ့တာမို့ ဆန်းဒါးလန်းဆိုတဲ့နာမည်တစ်ခုဟာ ယခင်ထက်ပိုပြီးလူသိများလာပါတယ်။ 

                   နောက်ပိုင်းရာသီတွေမှာတန်းဆင်းလိုက်တန်းတက်လိုက်နဲ့ပဲသံသရာလည်နေပြီး ၂၀၀၆ ခုနှစ်မှာတော့ တစ်ချိန်ကမန်ယူအသင်းရဲ့ကပ္ပတိန်လူကြမ်းကြီး ရွိုင်ကိန်း (Roy Keane) ကိုနည်းပြရာထူးပေးအပ်ခဲ့ပြီးနောက် ၁၇ ပွဲဆက်ရှူံးပွဲမရှိစံချိန်နဲ့အတူ ပရီးမီးယားလိဂ်ခရီးရှည်ကို ပြန်လည်စတင်လာခဲ့ပါတယ်။ ၂၀၀၈-၀၉ ရာသီမှာ ရွိုင်ကိန်းနဲ့လမ်းခွဲပြီးနောက် မန်ယူကစားသမားဟောင်းဖြစ်တဲ့ စတိဗ် ဘရုစ် (Steve Bruce) ကိုနည်းပြရာထူးပေးခဲ့ပြီး အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ တိုက်စစ်မှူး ဒါရင်းဘန့် (Darren Bent) ကိုစတာလင်ပေါင် ၁၀ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ နောက်နှစ်မှာတော့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဂါနာ( Ghana)လက်ရွေးစင်အသင်းနဲ့ခြေစွမ်းပြပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ တိုက်စစ်မှူးအဆာမိုဂျန်( Asamoh Gyan) ကိုပါ ကြောင်နက်တို့ရှိရာကိုအရောက်ခေါ်ခဲ့နိုင်ပါတယ်။ ကျောနံပါတ် ၃ ကိုဝတ်ဆင်ပြီးခြေစွမ်းတောက်ပခဲ့တဲ့ အဆာမိုဂျန်ကိုတော့ အားလုံးမှတ်မိကြမယ်လို့ထင်ပါတယ်။ ဒါရင်းဘန့်နဲ့ ဂျန် တိုက်စစ်အတွဲကြောင့် ကြောင်နက်တွေတိုးတက်လာမယ်လို့မျှော်လင့်ခဲ့ပေမယ့် ၂၀၁၀-၁၁ ရာသီမှာပဲ ဘန့်ဟာ အက်စတွန်ဗီလာ ( Aston Villa ) အသင်းကို ၂၄ သန်းနဲ့ပြောင်းရွှေ့သွားတာကြောင့်နစ်နာခဲ့ရသလို အသင်းရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကို ၂နှစ်ဆက်ရယူထားတဲ့ ဂျော်ဒန်ဟန်ဒါဆင် (Jordan Henderson) ကလည်းလီဗာပူး (Liverpool) အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

              ၂၀၁၁-၁၂ ရာသီမှာအခြေအနေအမျိုးမျိုးကြောင့် နည်းပြစတိဗ်ဘရုစ်ထွက်သွားရပြီး အားလုံးနဲ့သိပ်မစိမ်းတဲ့ မာတင်အိုနေးလ် (Martin O'Neill) ကအစားထိုးဝင်ရောက်လာပါတယ်။ ရာသီကုန်မှာတော့အဆင့် ၁၃ နဲ့ ပိတ်သိမ်းနိုင်ခဲ့တာမို့ပုံမှန်ထက်မပိုတဲ့ရာသီတစ်ခုပဲဖြစ်ခဲ့ပါတယ်။အာဆင်နယ်အသင်းကနေ အငှားနဲ့လာရောက်ကစားတဲ့ တိုက်စစ်မှူး ဘန်တနာ (Bentdner)၊ လာဆင် (Larsson ) နဲ့ ဆက်ဆဂ်နွန် (Sessegnon) တို့က ၈ ဂိုးစီသွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။

                ၂၀၁၂-၁၃ ရာသီမှာ ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆာဟာ (Louis Saha) ၊ စတီဗင်ဖလက်ချာ (Steven Fletcher) တို့နဲ့အတူ ဘောလုံးအယိမ်းအနွဲ့တွေအရမ်းလှတဲ့ မန်စီးတီးကွင်းလယ်လူ အဒမ်ဂျွန်ဆင် ( Adam Johnson) တို့ရောက်ရှိလာပေမယ့် အဆာမိုဂျန်ကတော့အသင်းကထွက်ခွာခဲ့ပြီး ဝင်ငွေကောင်းတဲ့ အာရှဘက်ကိုခြေဆန့်ခဲ့ပါတယ်။ အခြေအနေမကောင်းတဲ့ မာတင်အိုနေးနေရာမှာ အီတလီဂန္ဓဝင်ကစားသမားကြီး ဒီကာနီယို ( Dicanio ) ကို ခန့်လိုက်မိကာမှ အခြေအနေပိုဆိုးသွားပါတယ်။ တိုက်စစ်မှူး ဖလက်ချာက ၁၁ ဂိုးသွင်းပေးနိုင်ခဲ့ပေမယ့် ရာသီကုန်မှာ အဆင့်၁၇နဲ့သာ အဆုံးသတ်နိုင်ခဲ့ပြီး ကံကောင်းလို့ တန်းမဆင်းခဲ့ရတာလို့ပဲမှတ်ယူရမှာပါ။

                ၂၀၁၃-၁၄ ရာသီမှာတော့ အဓိကဂိုးသမား မစ်ဂနိုလက် ( Mignolet )ဟာ လီဗာပူးကိုပြောင်းရွှေ့ခဲ့သလို လက်ရှိအင်္ဂလန်လက်ရွေးစင်ဂိုးသမား ပစ်ဖို့တ်( Jordan Pickford )ကလည်း အဲဗာတန်ကို ပြောင်းရွှေ့သွားပါတယ်။ ဒါပေမယ့် ခေါင်းတိုက်စွမ်းရည်မြင့်တဲ့ အမေရိကန်တိုက်စစ်မှူး အယ်တီဒေါ ( Altidore ) ၊ ဂျူမုံမင်းသမီး ဆိုအောနိုရဲ့ခင်ပွန်း ကီဆန်ယောင် ( Ki Sung Yueng) ၊ လီဗာပူးမှာကျရှူံးခဲ့တဲ့ ဘော်ရီနီ ( Borini) ၊ လက်ရှိချယ်ဆီးမှာ နေရာရနေတဲ့ မားကို့စ်အလွန်ဆို ( Marcos Alonso )တို့ရောက်ရှိလာတာကြောင့် ကြောင်နက်တို့ရဲ့ပွဲစဉ်တွေက စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ ဒီကာနီယိုအစား ဝင်ရောက်လာခဲ့တဲ့ နည်းပြပိုယက် (Gus Poyet) လက်အောက်မှာ အဆင့် ၁၄ နဲ့ရာသီသိမ်းနိုင်ခဲ့ပြီး အဒမ်ဂျွန်ဆင်နဲ့ ဘော်ရီနီ တို့က ၁၀ ဂိုးစီသွင်းယူကာခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 

                   ဆန်းဒါးလန်းအသင်းရဲ့ ၂၀၁၄-၁၅ ရာသီကတော့ ခြေစွမ်းရော ရလဒ်တွေပါတည်ငြိမ်မှုမရှိဘဲပျင်းစရာကောင်းခဲ့ပါတယ်။ အသင်းအတွက်ဂိုးအများဆုံးသွင်းခဲ့တဲ့ ကော်နာဝခ်ဟမ်း( Conor Wickham )တောင် ၆ ဂိုးပဲသွင်းနိုင်ခဲ့ပြီး အားရစရာဆိုလို့ ပရီးမီးယားလိဂ်ဝါရင့်တိုက်စစ်မှူး ဂျာမိန်းဒီဖိုး (Jermain Defoe ) ကိုအရခေါ်နိုင်ခဲ့တာပဲရှိခဲ့ပါတယ်။ ဒီဖိုး အပြင် ဗန်အန်ဟော့ (Van annholt ) နဲ့ မန်စီးတီးမှာအဆင်မပြေခဲ့တဲ့ကတုံးလေး ဂျက်ရော့ဒ်ဝဲလ် (Jack Rodwell) တို့ပါရောက်ရှိလာခဲ့တာပါ။ဒါပေမယ့်ရာသီအကုန်မှာတော့ ထုံးစံအတိုင်းအဆင့် ၁၆ နဲ့သာပိတ်သိမ်းနိုင်ခဲ့ပြီး သိသိသာသာကျဆင်းလာခဲ့ပါတယ်။

၂၀၁၅-၁၆ ရာသီမှာလည်း အခြေအနေကထူးမခြားနားလာခဲ့ပါဘူး။ ရာသီကုန်ခါနီးမှာ အခြေအနေဆိုးနေတာကြောင့် တန်းဆင်းဇုန်ရုန်းအားမှာဆရာတစ်ဆူဖြစ်တဲ့ ဆမ်အလာဒိုက်စ် ( Sam Allardyce) ကို နည်းပြခန့်ခဲ့ရပြီး ၁၈ ဂိုးသွင်းယူကာခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးဒီဖိုး နဲ့ ဆမ်ကြောင့်သာ အဆင့် ၁၇ နဲ့ပရီးမီးယားလိဂ်မှာ ဆက်လက်သောင်တင်နိုင်ခဲ့ပါတယ်။

၂၀၁၆-၁၇ ရာသီမှာတော့ နည်းပြကြီးဆမ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကိုကိုင်တွယ်ဖို့ နှုတ်ထွက်သွားတာကြောင့် မန်ယူကထုတ်ပယ်ခံခဲ့ရတဲ့ ဒေးဗစ်မိုရက်စ် (David Moyes) နဲ့အစားထိုးခဲ့ရပါတယ်။ လက်ရှိဘယ်လ်ဂျီယံ( belgium) လက်ရွေးစင်တွေဖြစ်တဲ့ ယာနူဇက် (Januzaj) နဲ့ ဒီနေးယား (Denayer) တို့ကိုအငှားနဲ့ခေါ်ယူဖြည့်တင်းခဲ့ပေမယ့် အဖက်ဖက်ကယိုယွင်းနေတဲ့ ကြောင်နက်တို့ဟာ ရာသီကုန်မှာအဆင့် ၂၀ နဲ့ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပါတယ်။ ဒီဖိုးဟာ ပြိုင်ပွဲစုံ ၁၅ ဂိုးထိသွင်းပေးခဲ့သေးပေမယ့် အသင်းကိုတော့အဖတ်မဆယ်နိုင်ခဲ့ပါဘူး။ နောက်ရာသီတွေမှာတော့ နှစ်နှစ်ဆက်တိုက်တန်းဆင်းမှုနဲ့အတူ ဆန်းဒါးလန်းဆိုတဲ့နာမည်တစ်ခုဟာ ပရိသတ်တွေနဲ့ အဝေးကို ရောက်သွားခဲ့ပါတယ်။

               တစ်ချိန်ကအသင်းကြီးတိုင်းကိုခက်ခဲစေခဲ့တဲ့ ကြောင်နက်တို့ဟာ အခုချိန်မှာတော့ အင်္ဂလန်တတိယတန်းမှာတည်ရှိနေပြီး တန်းပြန်တက်နိုင်ဖို့ရုန်းကန်နေရပါတယ်။ ခုချိန်မှာနိမ့်ပါးနေပေမယ့် တစ်ချိန်က တိုက်စစ်လိုက်ပါမှုကောင်းပြီး ဂိုးတွေတက်သွင်းလေ့ရှိတဲ့ ဘတ်စလေ (Bardsley) နဲ့အယ်မိုဟာမာဒီ ( Elmohamady)တို့ရဲ့နောက်တန်းတောင်ပံတစ်စုံ၊ အိုရှေး( O'Shea) နဲ့ ဝက်စ်ဘရောင်း (Wes Brown) တို့ရဲ့ခံစစ်တံတိုင်း ၊ ရာသီအစပွဲစဉ်မှာလီဗာပူးကို ဖရီးကစ်ကနေလှလှပပသွင်းယူခဲ့ဖူးတဲ့ လာဆင် (Larsson) ၊ အသားဖြူဖြူနဲ့လူကောင်ပျော့ပေမယ့် အယိမ်းအနွဲ့ကောင်းကောင်းနဲ့ဂိုးသွင်းသေချာတဲ့ အဒမ်ဂျွန်ဆင်၊ ဂါနာညီနောင် အဆာမိုဂျန် နဲ့ မွန်တာရီ ( Muntari) တို့ရဲ့ပုံရိပ်တွေနဲ့  အနီအဖြူကြားဂျာစီဟာ ဘောလုံးဝါသနာရှင်တွေရဲ့ မျက်လုံးထဲမှာ မြင်ယောင်နေသေးမယ်လို့မျှော်လင့်ပါတယ်။ Newcastle နဲ့ Sunderland တို့ရဲ့ဒါဘီပွဲစဉ်တွေဟာ ကြည့်ရှုသူတွေကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ရသလို ရင်ခုန်စရာအခိုက်အတန့်တွေအများကြီး ပေးစွမ်းနိုင်ခဲ့တာပါ။ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး အချိန်တစ်ခုရောက်ရင်တော့ ပရိသတ် ၄၉၀၀၀ ကျော်ဆန့်တဲ့ stadium of light ကွင်းကြီးထဲက ကြောင်နက်တို့ရဲ့အော်သံတွေ ပရီးမီးယားလိဂ်ကိုပြန်လည်ရောက်ရှိလာဦးမယ်လို့မျှော်လင့်ရင်း.......



Comments

Post a Comment