Skip to main content

အဓမ္မကို အာခံခြင်း - မျိုးမြင့်ညိမ်း



    ၁၉၉၀ရွေးကောက်ပွဲ အပြီးမှာ NLD သောင်ပြိုကမ်းပြို အနိုင်ရရှိမှု၊စစ်အစိုးရက အာဏာလွှဲပေးဖို့ နှောင့်နှေးနေမှုတွေ နဲ့ အတူ မြန်မာရဲ့ နိုင်ငံရေးအခြေအနေဟာ ပြန်လည် လှုပ်ရှားလာပါတယ်။တစ်လျှောက်လုံး မဆိတ်သုဉ်းခဲ့တဲ့ ကျောင်းသားဆန္ဒပြမှုတွေ၊ ပျောက်ကြားသပိတ်တွေဟာလဲ ပြန်လည်အားကောင်းလာခဲ့တယ်။


စစ်တပ်ရဲ့ အကြောင်းအမျိုးမျိုးပြ နှောင့်နှေးနေမှုကြောင့် ရွေးကောက်ခံ အမတ်တွေ၊နိုင်ငံရေးအင်အားစုတွေဟာ စစ်တပ်က အာဏာလွှဲမပေးခဲ့သော် ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်တိုင် လွှတ်တော်ခေါ်ယူရေး၊စင်ပြိုင်အစိုးရ ဖွဲ့စည်းရေး စတာတွေကို ဂန္ဒီအစည်းအဝေးပွဲ မှာ ဆွေးနွေးခဲ့ကြတယ်။ တစ်ဖက်မှာလဲ ဗကသ၊တကသ၊သုံးရောင်ခြယ် ကျောင်းသားခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေကို အရှိန်မြှင့်၊လမ်းပေါ်သပိတ်တိုက်ပွဲတွေကို ပြန်လည်ပုံဖော်ခဲ့ကြတယ်။


မြို့တွေမှာ ပျောက်ကျားသပိတ်တွေလုပ်၊ ပန်းဖလက်တွေဝေ၊နိုင်ငံရေးစာစောင်တွေ ဖြန့်ချီစသည်ဖြင့် လှုပ်ရှားမှုတွေ ပြန်ပေါ်ပေါက်လာခဲ့ပြီး လမ်းပေါ်သပိတ်တိုက်ပွဲတွေမှာလဲ လွှတ်တော်ခေါ်ယူရေး၊ဖမ်းစီးခံနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ပေးရေး  စတာတွေ ကြွေးကြော်ခဲ့ကြတယ်။


အဲ့အချိန်တွေမှာ မဂ္ဂဇင်းအယ်ဒီတာလုပ်နေတဲ့ ဆရာမျိုးမြင့်ညိမ်းက ကျောင်းသားဆန္ဒပြပွဲတွေမှာ သုံးတဲ့ ပန်းဖလပ်တွေ ၊စာစောင်တွေကို အဓိက စီစဉ်ပေးခဲ့ပြီး ကြွေးကြော်သံတွေ၊ လှုံ့ဆော်စာတွေလည်း ရေးပေးခဲ့တယ်။အထူးသဖြင့် စစ်အစိုးရကို ထိထိမိမိနဲ့  အရှိုက်ထိစေခဲ့တဲ့ ဆရာမင်းလူရဲ့ “ဘာတွေဖြစ်ကြန်ပြီလဲ” ကဗျာရှည်ကြီးကိုလည်း ဆရာမျိုးမြင့်ညိမ်းကပဲ တည်းဖြတ်ထုတ်ဝေပေးခဲ့တယ်။


၁၉၉၀ ခုနှစ် ၊စက်တင်ဘာမှာ “ဘာတွေဖြစ်ကုန်ပြီလဲ “ကို ရေးသားထုတိဝေမှုနဲ့ ဆရာ မင်းလူ၊ဆရာမျိုးမြင့်ညိမ်း နဲ့ သုံးရောင်ခြယ်ကျောင်းသားခေါင်းဆောင် ကိုစိန်လွင်တို့ မတရားဖမ်းဆီးခံရပြီး ထောင်(၇)နှစ် ကျခဲ့ကြတယ်။


ဆရာမျိုးမြင့်ညိမ်းဟာ အဲ့ဒီခေတ်က အလွန်တင်းကြပ်သော၊အလွန်ဖိနှိပ်သော အင်းစိန်ထောင်ထဲမှာ သတင်းမှတ်တမ်းလွှာ လို့ခေါ်တဲ့ ထောင်တွင်း သတင်းလွှာကို ထောင်တွင်း နိုင်ငံရေး အင်အားစုတွေနဲ့ စုပေါင်းပြီး ထောင်တွင်း အဆောင်တွေကြားမှာ ဖြန့်ဝေခဲ့တယ်။


 ၁၉၉၃ ခုနှစ်မှာ Australia နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ညီလာခံကို အင်းစိန်ထောင်ထဲက ထောင်တွင်းဖိနှိပ်မှုတွေအကြောင်း၊ လူ့အခွင့်ရေး ဆုံးရှုံးမှုတွေ အကြောင်း၊သဘောထားထုတ်ပြန်ချက်တွေပါတဲ့ သဝဏ်လွှာတစ်စောင်ကို ရေးသားပေးပို့ခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းမှာ အရေးပါတဲ့လှုပ်ရှားမှု တစ်ခုဖြစ်လာခဲ့တယ်။အဲ့ဒီဖြစ်စဉ်မှာ ဟံသာဝတီဦးဝင်းတင်၊ဦးအုန်းကြိုင်၊ဒေါက်တာဇော်မြင့်မောင်၊ကိုဂျင်မီ၊ဆရာမျိုးမြင့်ညိမ်း ပါဝင်ကြပြီး အဲ့သဝဏ်လွှာကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုဖြိုးမင်းသိန်းက လက်ရေးနဲ့ ထောင်အကျ်ီ်ပေါ်မှာ ရေးသားပေးခဲ့ပါတယ်။


အဲ့အမှုတွေ အတွက်နဲ့ပဲ ဆရာမျိုးမြင့်ညိမ်းတို့ဟာ အင်းစိန်ထောင်ရဲ့ နာမည်ကြီး စစ်ခွေးတိုက်မှာ ညှင်းပန်းနှိပ်စက်ခံရပြီး ထောင်ဒဏ် ၇နှစ် ထပ်တိုးခံခဲ့ရတယ်။


ဒီ အဓမ္မကို အာခံခြင်း စာအုပ်ဟာ ဆရာမျိုးမြင့်ညိမ်းကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ တံတိုင်းအထပ်ထပ်နောက်က တရားမဲ့ပြုကျင့်မှုတွေအကြောင်း ကို ရေးသားထားတာဖြစ်ပြီး ခေတ်တစ်ခေတ်ကို ပြောင်းလဲဖို့အတွက် ယုံကြည်ချက်ကို စွဲကိုင်ပြီး အရာရာကို စွန့်လွှတ်ခဲ့ကြသူတွေ၊ ထောင်တွင်း တော်လှန်မှုတွေ၊ သဲ နဲ့ ဖုံး ဖို့ကြိုးစားခံထားရတဲ့ သွေးနဲ့ရေးတဲ့ သမိုင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။ဒီစာအုပ်ကို ဖတ်ပြီး ကျွန်တော်တို့ ကိုယ်တိုင်မကြုံလိုက်ရတဲ့ ခေတ်တစ်ခေတ်ရဲ့တန်ဖိုး၊သမိုင်းရဲ့ တန်ဖိုးကို ခံစားနားလည်နိုင်ပါလိမ့်မယ်။



"စာအုပ်ကို ငါတို့စာပေ စာအုပ်တိုက်မှာ ဝယ်ယူနိုင်ပါကြောင်း။"

Comments