မကွေးမြို့ရဲ့ ဆောင်းမနက်ခင်းလေးပေါ့။ လေးထပ်ဆောင်ပေါ်ကနေ ပတ်ဝန်းကျင်အလှကို ခံစားမိတယ်။ ကျွန်မတို့သိထားတဲ့အတိုင်းပဲ မကွေးဆေးတက္ကသိုလ်ရဲ့ဘေးပတ်ဝန်းကျင်မှာက စိုက်ခင်းပြင်ကြီးတွေပဲရှိတာလေ။ မြေသားနီနီနဲ့ နှမ်းခင်းပြင်အကျယ်ကြီးတွေကိုငေးရတာလဲအရသာတစ်မျိုးပဲ။ အဲဒီစိုက်ခင်းတွေဆီကနေဖြတ်လာတဲ့ ဆောင်းလေအေးအေးလေးကိုခံစားရတဲ့ ခံစားချက်ကတော့ ဘာနဲ့မှမလဲနိုင်ဘူးပေါ့။ အညာမြေဖြစ်တဲ့ အလျောက် စိုက်ခင်းတွေကြားထဲမှာ ထန်းပင်တွေကလည်းတန်းစီနေတာပဲ။ ဖန်ခါးရင်ခွင်ရဲ့ တောင်ဘက်ဆီကိုလှမ်းကြည့်ရင်တော့ ဝန်ထမ်းအိမ်ယာပေါ့။ ဝန်ထမ်းအိမ်ယာရဲ့ဘေး ခြံစည်းရိုးနဲ့ မနီးမဝေးမှာတော့ နည်းပညာတက္ကသိုလ်ဘက်ကိုသွားတဲ့ ရထားလမ်းလေးကိုလည်းမြင်နေရသေးတယ်။ ဝန်ထမ်းအိမ်ယာဆိုပေမဲ့ ကျွန်မတို့ရှေ့နှစ်က အစ်မတွေ ယာယီနေခဲ့တဲ့ မိန်းခလေးအဆောင်ပါ။ ဒီနှစ်တော့ ကျွန်မတို့ batch ရဲ့ ယောက်ျားလေးတွေကို အဲဒီမှာခဏထားမယ်တဲ့လေ။ ယောကျ်ားလေးအဆောင်ဖြစ်လာမယ့် ပုညဆောင်က ကျောင်းဖွင့်ချိန်အမီ ဆောက်လို့မပြီးသေးတာကြောင့် ဝန်ထမ်းအိမ်ယာဟာ ယာယီယောကျ်ားလေးအဆောင်ဖြစ်ခဲ့ရပြန်တယ်။ ဒါကြောင့် အစ်မတွေက ဝန်ထမ်းအိမ်ယာကနေ ဖန်ခါးရင်ခွင်ဆောင်ကို ပစ္စည်းတွေပြောင်းရွှေ့နေကြရတယ်။
အစ်မတွေဆိုလို့ အခုမှ သတိရတယ်။ တို့မြို့က စီနီယာမမ မမမြတ်ကို မတွေ့ရသေးဘူးဘဲ။ ကျွန်မတို့က မြို့ငယ်လေးက လာတာဆိုတော့ ကိုယ့်မြို့ကသူအချင်းချင်း သိကြတာပေါ့။ ဒီနေ့မှ တနင်္ဂနွေဆိုတော့ ကျောင်းအပ်တာ ကျောင်းတက်တာတွေ ဘာမှ မလုပ်ရသေးဘူး။ မျက်နှာသစ်ပြီးကြတော့ နီနီတို့ ယမင်းတို့နဲ့ မနက်စာစားဖို့အတွက် အဆောင်အောက်ကို ဆင်းလာခဲ့ကြတယ်။ ဟော...တွေ့ပြီ ဟိုရှေ့မှာ ပစ္စည်းတွေ သယ်နေတာ မမမြတ်ပဲ။
''မမမြတ် သမီးကူသယ်ပေးမယ်နော် ဘယ်အခန်းမှာ နေရမှာလဲ သမီးက D-23 မှာနေရမှာ''
'' အော်...ဖူးဖူးပါလား မမြတ်က A-6 မှာ နေရမှာ။ ဘယ်နေ့ကရောက်တာလဲ။ အဆင်ပြေရဲ့လား။ ဘယ်သူလိုက်ပို့လဲ။ ဘာတွေလိုသေးလဲ။ ဘာကူညီပေးရမလဲ။''
မမြတ်က မေးခွန်းတွေဆက်တိုက်မေးတော့တာပဲ။
'' မနေ့က ရောက်တာပါ ဖေဖေလိုက်ပို့တယ် မမြတ်။ အခုတော့ မြို့ထဲက ဦးလေးအိမ်မှ ာနေနေတယ်။ မနက်ဖြန် သမီးကို ကျောင်းအပ်ပေးပြီးမှ ပြန်မှာလေ။ ခုထိတော့ အဆင်ပြေပါတယ်။ သမီးအခန်းဖော်တော့ ခုထိ မရောက်သေးဘူး။''
နီနီနဲ့ယမင်းကိုပဲ မနက်စာဝယ်လာပေးဖို့မှာလိုက်ပြီး မမြတ်ကို ပစ္စည်းတွေ နေရာချဖို့ ကူညီပေးနေခဲ့လိုက်တယ်။
ဒီနေ့တော့ အသစ်ရောက်လာကြတဲ့သူတွေရော အဆောင်ပြောင်းလာကြတဲ့အစ်မတွေ အလုပ်ရှုပ်နေကြတာရောနဲ့ ဖန်ခါးရင်ခွင်မှာ တရုန်းရုန်းနဲ့ စည်နေရောပဲ။ အသစ်တစ်ယောက်ရောက်လာလိုက်၊ ကျွန်မရယ် နီနီရယ် ယမင်းရယ် သွားမိတ်ဆက်လိုက်နဲ့ တကယ်ပျော်စရာကြီးပဲ။ ဒီလိုနဲ့ ညနေသာစောင်းလာတယ် ကျွန်မအခန်းဖော် မရောက်လာသေးဘူး။ နည်းနည်းမိုးချုပ်လာတော့ ကျွန်မအခန်းတံခါးကို လာခေါက်တယ်။
''ဟုတ် အစ်မ ဘာကိစ္စလဲရှင့်။''
ဆံပင်ကျောလယ်လောက်အဖြောင့်နဲ့ body ခပ်ဖြောင့်ဖြောင့် အစ်မတစ်ယောက်ကို တွေ့လိုက်ရတယ်။
''အော် အစ်မ မဟုတ်ပါဘူး။ ဒီအခန်းမှာ နေဖို့လေ မနေဖြစ်တော့ဘူးလို့ လာပြောတာ။ သူငယ်ချင်းနဲ့ နေမယ်''
ကျွန်မကိုယ်တိုင်ကလည်း အသံဝဲတယ် ဒေသအစုံက သူငယ်ချင်းတွေနဲ့ မိတ်ဆက်တော့လည်း သူတို့စကားကို နားလည်နိုင်ဖို့ ကျွန်မ တော်တော်ကြိုးစားပြီး နားထောင်ခဲ့ရတယ်။ အခုတစ်ယောက်ကတော့ တော်တော်ကို ဝဲတာ စကားပြောတာလည်း ခပ်ပြတ်ပြတ်ပဲဆိုတော့ သူပြောတာ ကျွန်မဘာမှ နားမလည်လိုက်ဘူး။
'' ဟုတ်...ဘာပြောတာလဲ မသိဘူးနော် သမီးနားမလည်လို့ပါ''
ကျွန်မနားမလည်တာကို သူလည်း သိတဲ့ပုံပါပဲ သေချာလေးပြန်ပြောရှာတယ်။
'' ခ.က ဒီအခန်းမှာ နေရမဲ့သူပါ ဒါပေမဲ့ သူငယ်ချင်းကလည်း သူ့အခန်းမှာ တစ်ယောက်တည်းနေရမှာမို့ သူနဲ့ပဲနေမယ်လို့ အဆောင်မှူးကို ပြောပြီးသွားပြီ။ အဲတာ ဒီမှာ မနေဖြစ်တဲ့အကြောင်း လာပြောပေးတာပါ''
အော်...အခုမှ နားလည်တော့တယ်။
'' အဆောင်မှူးက တစ်လအတွင်း အခန်းတွေ လူတွေ အပြောင်းအရွှေ့မလုပ်ပေးသေးဘူးလို့ ပြောတာ အခုရတယ်တဲ့လားဟင်''
'' ရတယ်လို့တော့ မဟုတ်ပါဘူး အဆောင်မှူးကို သေချာခွင့်တောင်းပြီးမှ နေလိုက်တာပါ''
အော်..ကျွန်မရဲ့အခန်းဖော် ကရင်မလေး ခ.လေ အခုပဲ ကျွန်မအခန်းဖော် မဟုတ်တော့ဘူး ဖြစ်သွားတယ်။
မနက်ဖန်ကျောင်းအပ်ရမယ်ဆိုတော့ ဘာတွေ လိုအပ်လဲ ဘာတွေ လုပ်ရမလဲ သိချင်မိတာရော အခန်းဖော်က အတူမနေဘူးဆိုလို့ ဝမ်းနည်းမိတာရောကြောင့် ဒီညတော့ မမြတ်ကို စကားသွားပြောဦးမှပဲ။ မမြတ်အခန်းဆီကို ဆင်းလာမိတယ်။
''လာ...ဖူးဖူး။ ခုမှ ထမင်းစားမလို့ စားပါဦးလား''
''သမီး စားပြီးပါပြီ မမြတ်။ မေးစရာလေးတွေ ရှိလို့ လာခဲ့တာ။ မမြတ် တစ်ယောက်တည်းလား''
'' ဟုတ်တယ် မမြတ်အခန်းဖော်လဲ မရောက်သေးဘူး တစ်ယောက်တည်းပဲ''
'' ဒါဆို ဒီည သမီး မမြတ်အခန်းမှာ လာအိပ်လို့ရမလားဟင် သမီးအခန်းဖော်က အတူတူမနေဘူးတဲ့ သမီးကြောက်လို့''
..........
Note :
Previous>>

done
ReplyDeleteDone
ReplyDeleteThank for sharing
ReplyDelete