Skip to main content

Chelsea Vs Man City ပွဲပြီးသုံးသပ်ချက်

 



Chelsea 0-1 City


    အမှန်တိုင်းပြောရမယ်ဆိုရင် ဒီပွဲကို Pep Guardiola က ပိုပြီးဖိအားများနေမယ်လို့ ထင်ခဲ့မိတာပါပဲ။ ရှေ့မှာ champions league final အပါအဝင် Tuchel ကို ၃ပွဲဆက်အရေးနိမ့်ထားသလို လက်ရှိ chelsea ရဲ့ form ကလည်း ကြောက်စရာပါပဲ။ ဒါပေမယ့် ပွဲထဲ ရောက်တဲ့အခါမှာတော့ ဆရာ pep တစ်ယောက် အိမ်စာကောင်းကောင်းလုပ်ခဲ့တာကို တွေ့ရပါတယ်။ Chelsea လိုအသင်းကို ပွဲစထဲက အကောင်းမွန်ဆုံး ထိန်းချုပ်သွားနိုင်ပြီး player တွေကလည်း နည်းပြရဲ့တောင်းဆိုမှုအောက်မှာ အပြည့်အဝဖြည့်စည်းပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

    Line up မှာ Tuchel ဟာ စပါးနဲ့ရှေ့ပွဲတုန်းက အကွက်ပြသွားခဲ့တဲ့ Jorginho, Kovacic,kante ၃ ယောက်တန်းကွင်းလည်ကို ပြန်လည်ထုတ်သုံးခဲ့ပေမယ့် Nuno Santos နဲ့ Pep Guardiola အကြား ကွာဟချက်ကြီးမားတာကို သတိပြုမိဟန်မတူပါဘူး။ Attacking midfielder တွေကို မထည့်ပဲ တိုက်စစ်မှူးတွေဆီ တိုက်ရိုက်ပေးပို့ပြီး counter ဖောက်ဖို့ ကြိုးစားခဲ့ပုံပါပဲ။ဒါကြောင့် ပြေးအား၊ရုန်းအားကောင်းတဲ့ Werner ကို Lukaku နဲ့တွဲပြီး ထုတ်လာခဲ့ပါတယ်။  ဒါပေမယ့် UCL final က အမှားကို ကောင်းကောင်းနားလည်သွားတဲ့ pep ဟာ defensive midfielder ဖြစ်တဲ့ Rodrigo ကို destroyer အဖြစ် ထည့်ကာ Bernado silva ကို တစ်ကွင်းလုံးလှည့်ပြီး ကစားစေခဲ့ပါတယ်။

    ဒါကြောင့်မို့ ပွဲစထဲက pressing ကောင်းကောင်းနဲ့ ဖိထားနိုင်ခဲ့ပြီး chelsea အသင်းအနေနဲ့ ၆ကိုက်စည်းထဲမှာ ၅ယောက် ၆ယောက်လောက် စောင့်ပြီး low-block ဆော့လိုက်ရတဲ့အထိ စိုးမိုးခံလိုက်ရပါတယ်။ ဒါပေမယ့် ရေပက်မဝင်တဲ့ ခံစစ်နဲ့ ဂိုးသမား Mendy ကြောင့် အစောပိုင်းမိနစ်တွေမှာ ပုံမပျက်ထိန်းထားနိုင်ခဲ့ပါတယ်။ သန်း ၁၀၀ တန်ကြီး Grealish ကို တစ်ချိန်လုံး အိတ်ကပ်ထဲ ထည့်ထားနိုင်တဲ့ Reece James နာသွားတာကလည်း အသင်းကစားပုံကို ထိခိုက်ခဲ့ပြီး ခံစစ်ပိုင်းမှာ မသိသာပေမယ့် Wing back ၂ယောက်နဲ့ striker ၂​ ယောက်ကို ချိတ်ဆက်ဖို့ ပုံဖော်လာတဲ့ တိုက်စစ်ကတော့ သိသိသာသာကိုကျသွားပါတယ်။

    ပထမပိုင်းမှာတော့ city ရဲ့လွှမ်းမိုးမှု ၊ chelsea ရဲ့ ကြံ့ကြံ့ခံမှုတို့ အားပြိုင်ရင်း အနည်းငယ်တော့ ပျင်းစရာကောင်းခဲ့တာအမှန်ပါပဲ။ အထူးသဖြင့် Stamford bridge လို အိမ်ကွင်းကြီးမှာ ဧရိယာထဲ ကစားသမား ၈ယောက်လောက်ထိ ဝင်နေပြီး low-block နဲ့ ခံကစားသွားတာတော့ Title favourite အသင်းတစ်သင်းအတွက် မဖြစ်သင့်တာအမှန်ပါပဲ။ ဒါပေမယ့် စပါးနဲ့တုန်းကလို 2nd half မှ အကွက်တွေ ထုတ်ပြရင်း တစ်စုံတစ်ရာပြောင်းလဲမယ်လို့ မျှော်လင့်ခဲ့ပေမယ့် သိပ်တော့ မထူးခြားလာခဲ့ပါဘူး။

    City ရဲ့ ဒီပွဲမှာ အကောင်းဆုံးကစားသမားဆို ဘယ်သူ့ကို ပြရမလဲ မသိပါဘူး။ တစ်သင်းလုံး အစွမ်းကုန်အားထုတ်ခဲ့ပြီး နည်းပြစိတ်တိုင်းကျ ဆော့နိုင်ခဲ့ပါတယ်။ Dias နဲ့ Laporte တို့ရဲ့ နာမည်ကျော် tactical foul တွေဟာ counter ချောင်းနေတဲ့ werner အတွက် ခက်ခဲစေခဲ့သလို Lukaku အနေနဲ့လည်း မန်ယူတုန်းက ဘောလုံးအထိန်းအသိမ်းနဲ့ ခြေစွမ်းမျိုးကို ပြန်ဖြစ်သွားစေပါတယ်။ Side back နှစ်ယောက်ဖြစ်တဲ့ Walker နဲ့ Cancelo ဟာလည်း build-up play တွေမှာ အကောင်းဆုံးဝင်ဆော့နိုင်ခဲ့ပြီး Cancelo ဟာ ဒီပွဲရဲ့ အကြိုက်ဆုံးကစားသမားပါ။ မာလှပါပြီဆိုတဲ့ chelsea ကို မထင်မှတ်တဲ့ ဖြတ်တင်ပေးပို့မှုတွေ၊လိမ်ခေါက်ဖြတ်ကျော်မှုတွေ လုပ်ပြသွားတာပါ။ ကွင်းလယ်မှာတော့ Rodri နဲ့ Bernado ရဲ့ရုန်းအားတွေဟာ Line-breaking pass တွေ ထုတ်ဖို့ ကြိုးစားနေတဲ့ ဥရောပအကောင်းဆုံးဆုရှင် Jorginho နဲ့ kante ကို လုံးဝပျောက်ဆုံးသွားစေခဲ့ပါတယ်။ Pep ဟာ Bernado ရဲ့အကောင်းဆုံး position ကို ရှာတွေ့သွားပြီလားဆိုတာ စဉ်းစားရတော့မှာပါ။ ဒီနေ့ပွဲမှာ bernado ဟာ ခံစစ်ထိ လိုက်ဖျက်တယ်၊ chelsea ကွင်းလည် ၃ယောက်ကြားမှာ interception တွေ ခဏခဏလုပ်ပြတယ်၊ တိုက်စစ်လမ်းကြောင်းစရင်လည်း တစ်ကိုယ်တော်အစွမ်းတွေနဲ့ space တွေအများကြီး ရှာပေးသွားတယ်။ တကယ်ကို ကောင်းမွန်ခဲ့တာပါ။

    ဒီလိုနဲ့ ဖိထားရင်း ပွဲကစားချိန် ၅၃ မိနစ်မှာတော့ Cancelo ရဲ့ပါးနပ်မှုကနေ Jesus က အကောင်းဆုံးသွင်းယူပေးခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ Chelsea ကလည်း low-block ကို ဖြည်ပြီး တင်ကစားလာတာကြောင့် ပွဲဟာ အသက်ဝင်လာခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ Jorginho နဲ့ kante ကို ထုတ်ပြီး Havertz နဲ့ Loftus-cheek ကိုထည့်လိုက်တာကြောင့် တိုက်စစ်လမ်းကြောင်းတွေ ပိုပြီးသွက်လာခဲ့ပါတယ်။ ဒီပွဲမှာ Loftus-cheek ဟာ Jorginho ထက် အများကြီးအသုံးဝင်ခဲ့ပါတယ်။ ဒါပေမယ့်အသင်းရဲ့တိုက်စစ်ဟာ Lukaku ကို မှီခိုလွန်းခဲ့ပြီး Zenit ကို အနိုင်ယူခဲ့တဲ့ ပွဲက ပုံစံဖြစ်တဲ့ Azpelicueta က တင်ပြီး Lukaku ခေါင်းတိုက်တဲ့ formula ကြီးကိုပဲ ၆ခါ ၇ခါ လောက် ထပ်တလဲလဲသုံးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာ Chelsea က တိုက်စစ်ဆင်ပြီး city က အမှားစောင့်ကစားရတယ်ဆိုပေမယ့် အခွင့်အရေးမှာ city ကပဲ သိသိသာသာရခဲ့ပါတယ်။ ဒါပေမယ့် Mendy ကတော့ Mendy ပါပဲ။ ဒီပွဲမှာ Mendy သာ လက်စွမ်းမပြရင် ဒါမှမဟုတ် city မှာ အထောင်တိုက်စစ်မှူးစစ်စစ်တစ်ယောက်သာ ပါရင် အစောထဲက ပွဲပြတ်မှာပါ။ Chelsea အသင်းမှာတော့ အားရစရာ Mendy နဲ့ Kovacic သာ ရှိခဲ့ပြီး ဒီပွဲဟာ Pep ရဲ့အရည်အသွေးကို ပြတဲ့ ပွဲလို့ပဲ ပြောချင်ပါတယ်။ Grealish ကိုသာ အငြိမ်ကစားပြီး ကျန်တဲ့ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းဟာ လှည့်ပတ်ပြီး နေရာယူကစားသွားတာမို့ နည်းစနစ်ပိုင်းတော်တော်ကောင်းခဲ့တဲ့ပွဲပါ။

     ပွဲပြီးဆုံးချိန်မှာတော့နှစ်သင်းလုံး ဂိုးထပ်မရခဲ့ပဲ 0-1 နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲဟာ ဥရောပ champion Chelsea ရဲ့ဒီရာသီရုပ်အပျက်ဆုံးပွဲစဉ် ဖြစ်စေခဲ့ပြီး shot on target တောင် မရှိခဲ့ပါဘူး။

    ဒီပွဲရလဒ်ကြောင့် Tuchel ရဲ့ low-block စကားကွက်နဲ့ line up မှာ အပြောင်းအလဲတွေ ဖြစ်လာမှာလား။ ဒီပွဲဟာ တကယ်ရော Chelsea ညံ့ခဲ့ရဲ့လား။ ဒါမှမဟုတ် City ကစားသမားတွေနဲ့ Pep ရဲ့ နည်းစနစ်တွေကပဲ အရမ်းကောင်းသွားတာလားဆိုတာကို ဝင်ရောက်ဆွေးနွေးသွားကြပါဦး။

Comments

Post a Comment