Skip to main content

Fantastic Beasts in Wizarding World (Part-1)

 

Fantastic Beasts in Wizarding World - မှော်လောကရှိ သားရဲများကိုလေ့လာခြင်း(Part-1)


        မင်္ဂလာပါခင်ဗျာ...ဒီခေတ် ၁၉၉၀ခုနစ် နောက်ပိုင်းကစတဲ့လူငယ်တွေအားလုံးသိတဲ့ Magic လို့မေးရင် တစ်ညီတစ်ညာထဲပဲ Harry Potter လို့ဖြေကြမှာပဲ. .. Harry Potter ရဲ့ဖန်တီးရှင် J.K Rolling ရဲ့ နောက် Themes တစ်မျိုးလို့ ပြောလို့ရတဲ့ Fantastic Beasts ဆိုရင်လည်း လူငယ် လူကြီးမရွေး ကြိုက်တဲ့ movie လို့တောင်ပြောလို့ရပါတယ်...ကျွန်တော် မျှဝေပေးချင်တဲ့ အကြောင်းအရာလေးတွေကတော့ Wizarding World မှာ ကျက်စားကြတဲ့ အန္တရာယ်အများဆုံး XXXXXအဆင့်ရှိ သားရဲကောင်တွေအကြောင်းပဲဖြစ်ပါတယ်ဗျ။ နည်းနည်းစီပဲ ရေးပေးသွားမှာဖြစ်လို့ ဖတ်ရှုပေးဖို့လည်း တောင်းဆိုပါတယ်။ ဖတ်ရှူပြီး ကြိုက်နှစ်သက်ပါက Like and Share လေးပြုလုပ်ပေးကြဖို့လည်း တောင်းဆိုချင်ပါတယ်ဗျ။ 



Nundu


      ဒီတစ်ကောင်ကတော့ ကြောင်ချစ်သူလေးတွေရဲ့အကြိုက်ပဲဖြစ်မှာပါ။ အမွေးပွပြီး ချစ်စရာအရောင်အဆင်းရှိတဲ့ Nunduလေးတွေကို အာဖရိကအရှေ့ပိုင်း တောအုပ်တွေမှာ တွေ့ရမှာပဲဖြစ်ပါတယ်။ Nunduလေးတွေရဲ့ ပုံပန်းသဏ္ဍာန်ကို အနီးစပ်ဆုံးပြောရရင် ခြင်္သေ့လည်ဆံမွှေးရှိတဲ့ ကျားသစ်လို့ပြောရပါလိမ့်မယ်။ Leoponပေါ့ဗျာ၊ ခြင်္သေ့နဲ့ကျားသစ် မျိုးစပ်ထားတဲ့ပုံစံပေါ့။


      ဒီကောင်လေးတွေဟာ သာမန် ကျားသစ်တစ်ကောင်ရဲ့အရွယ်အစားထက် များစွာကြီးပြီး ဟိန်းလိုက်တဲ့အခါ ဆူးချွန်ပါတဲ့လည်ဆံမွေးတွေဖွာထွက်လာမှာပဲဖြစ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ အဝါရောင်ရှိပြီး အစက်အပြောက်တွေကတော့ အနက်ရောင်ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ သူတို့ရဲ့အရောင်ဟာ အနက်ရောင်ချည်းပဲလည်း ရှိနေတတ်ပါတယ်။ တစ်ကိုယ်လုံးကိုလည်း ဆူးချွန်တွေနဲ့ဖုံးအုပ်ထားပြီး ဒီဆူးတွေပါတဲ့ ခန္ဓာကိုယ်ဟာ Magic spellအချို့ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ 


   သူတို့ဟာအရွယ်အစားနဲ့မလိုက်အောင် ငြင်သာစွာ ရွေ့လျားနိုင်ပြီး အဆိပ်ရှိတဲ့အငွေ့တွေကိုလည်း မှုတ်ထုတ်နိုင်ပါသေးတယ်။ ဒီအငွေ့တွေဟာ ရွာတစ်ရွာကိုတောင် သေကြေပျက်စီးသွားနိုင်လောက်အောင် အန္တရာယ်ကြီးပါတယ်။ သူတို့ရဲ့အစာကတော့ Puffer Fishနဲ့ တောကြောင်ကြီးတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့အမြီးဟာ သာမန်ထက်ကြီးပြီး မြင်းမြီးလို ဖွာနေတဲ့အမြီးလည်းရှိပါတယ်။




သမိုင်းတစ်လျှောက်မှာ Nunduကို ဖမ်းဆီးနိုင်ဖို့အတွက် မှော်ဆရာတစ်ရာကျော် အတူတကွ တိုက်ခိုက်ခဲ့ရပါတယ်။ Eldon Elsrickle လို့ခေါ်တဲ့ မှော်ဆရာတစ်ယောက်ဟာ သက်ရှိ Nunduတစ်ကောင်ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ သူဟာ ထိုNundu အကောင်​ပေါက်အရွယ်မှာ သူ့ရဲ့အာဖရိကခရီးစဉ်ကနေ ရရှိခဲ့တာဖြစ်ပြီး သူ့အိမ်နဲ့ ပစ္စည်းတွေကိုစောင့်ရှောက်ဖို့ မွေးမြူခဲ့ပါတယ်။ သူ့ဟာနေ့စဉ် Stunning Charmကိုအသုံးပြုပြီး Nunduကို မွေးမြူခဲ့ပေမယ့် သူCharmရွတ်ဖို့ မေ့လျော့သွားတဲ့တစ်နေ့မှတော့ Nunduက သူ့ကို အသတ်နှုတ်လိုက်ပါတော့တယ်။ မည်သို့ပင်ဆိုစေ သူဟာ Nunduကို Stunning Charmတစ်ခုထဲ အသုံးပြုပြီး ထိန်းသိမ်းနိုင်ခဲ့တဲ့ မှော်ဆရာကောင်းတစ်ယောက်ဖြစ်တာတော့ ငြင်းလို့မရနိုင်ပါဘူး။


      Eldon Elsrickle အပြင် Newt Scamander မှာလည်း Nunduတစ်ကောင်ရှိခဲ့ပါတယ်။ ဒါပေမယ့် သူဘယ်လိုဖမ်းဆီးခဲ့တယ်ဆိုတာနဲ့ ဘယ်လိုထိန်းသိမ်းခဲ့တယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။ Nunduကပဲ လိမ္မာသွားသလား၊ Newtကပဲ တစ်ယောက်ထဲထိန်းနိုင်လောက်အောင်စွမ်းသလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ မှော်ဝန်ကြီးဌာနကတော့ သူတို့ကို အန္တရာယ်အရှိဆုံးအဆင့် XXXXXအဖြစ်သတ်မှတ်ထားပြီး မွေးမြူခြင်းမပြုဖို့တားမြစ်ထားပါတယ်။



Manticore 


          လူမျက်နှာ၊ ခြင်္သေ့ကိုယ်လုံးနဲ့ ကင်းမြီးကောက်အမြီးရှိတဲ့ Manticoreတွေကို ရောမ၊ အိန္ဒိယ၊ ပါရှား(အီရန်)နဲ့ ဂရိနိုင်ငံတွေမှာတွေ့နိုင်ပါတယ်။ Manticoreရဲ့ အဓိပ္ပာယ်က ပါရှားဘာသာစကားအရ Man-eater (လူသားစားသားရဲကောင်)လို့ အဓိပ္ပာယ်ရပါတယ်။ သူတို့ရဲ့ရွှေရောင်လည်ဆံမွှေးဟာ တောက်ပနေပြီး သူတို့ရဲ့အနီရောင်ခန္ဓာကိုယ်ဟာ မှော်ဂါထာများကို ခံနိုင်ရည်ရှိပါတယ်။


     အလျားတစ်ပေရှည်တဲ့အဆိပ်ဆူးချွန်တွေပါတဲ့ အမြီးဟာ သူတို့ရဲ့ခန္ဓာကိုယ်ထက်ရှည်လျားပြီး မှော်ဆရာတစ်ယောက်ကိုချက်ချင်းသေဆုံးစေနိုင်တဲ့အထိ အဆိပ်ပြင်းပါတယ်။  သို့သော်ဒီအဆိပ်ဒဏ်ကိုအရွယ်ရောက်ပြီးသား ဆင်တစ်ကောင်ကတော့ခံနိုင်ပါတယ်။ သူတို့ဟာဒီဆူးချွန်တွေကို မြှားတစ်စင်းလိုမျိုး ပစ်မှတ်ဆီ တိတိကျကျ ပစ်လွှတ်နိုင်ပါသေးတယ်။ ဒီဆူးချွန်တွေဟာ တစ်ချောင်းပစ်လိုက်ပြီးတိုင်း အသစ်တစ်ချောင်းနဲ့ အလိုလိုအစားထိုးနေပြီး ရန်သူအသက်သေဆုံးသည်အထိ သူတို့ဟာဆက်တိုက်ပစ်လေ့ရှိပါတယ်။အရွယ်ရောက်Manticoreတစ်ကောင်ဟာ 10ပေရှည်လျားပြီး၊ ပေါင်ချိန် 1000လောက် လေးပါတယ်။


       သူတို့ဟာ လူ့စကားကိုလည်းပြောနိုင်ပြီး၊ တချို့သောသမိုင်းတွေက Manticoreတွေမှာ နဂါးတွေလို အလွန်စွမ်းအားကြီးတဲ့ အတောင်ပံတစ်စုံပါတယ်လို့လည်း ဆိုထားပါတယ်။  လူတစ်ယောက်လို အလွန်ဉာဏ်ကောင်းပြီး၊ အမြင့်ကလည်း ပေ140မြင့်ပါတယ်။ ချွန်ထက်ရှည်လျားတဲ့ လက်သည်းတွေနဲ့၊ အပြာ(သို့) မီးခိုးရောင် မျက်လုံးတွေကိုပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ ကမ္ဘာ့အမြန်ဆုံးသားရဲတွေထဲမှာလည်းပါဝင်ပါတယ်။





        သူတို့ရဲ့သားကောင်ကတော့ မနုဿလူသားတွေပါပဲ။ Manticoreတွေဟာ သူတို့ရဲ့သားကောင်ကို သတ်ဖြတ်စားသောက်တဲ့အချိန်မှာ တူရိယာသံလို ချိုမြတဲ့အသံနဲ့ သီချင်းဆိုတတ်ကြတယ်လို့လည်း ကျော်ကြားပါတယ်။ ဒါတင်မကဘဲ Manticore တွေဟာ သားကောင်ရဲ့အဝတ်အစားအသုံးအဆောင်တွေပါ လက်စတုံးအောင်စားပစ်တတ်ကြပါတယ်။

အကယ်၍ လူတစ်ယောက်ဟာ Manticore ရဲ့ သတ်ဖြတ်မှုကိုခံရပါက ထိုလူနဲ့ပတ်သတ်တဲ့သဲလွဲစတွေကိုရှာလို့ရတော့မှာမဟုတ်ပါဘူး။ 


         တိကျတဲ့ဖော်ပြချက်မရှိပေမယ့် Maticoreတွေရဲ့အန္တရာယ်ကို Shield Charm, Patronus Charmနဲ့ Transfiguration Spellsတွေအသုံးပြုပြီး ကာကွယ်နိုင်တယ်လို့သိရပါတယ်။ Muggleတွေအနေနဲ့ကတော့ Manticore တွေရဲ့ အစွယ်သုံးထပ်ပါတဲ့ အာခံတွင်းထဲကို တည့်တည့်စိုက်အောင် ဓား၊ လှံလက်နက်များနဲ့ ပစ်ခွင်းခြင်းဖြင့် အနိုင်တိုက်နိုင်တယ်လို့သိရပါတယ်။ သို့ပေမယ့် သူတို့မတိုက်နိုင်ခင်မှာပဲ Maticoreရဲ့ အဆိပ်ဆူးတွေက သူတို့တစ်ကိုယ်လုံးကို ထိုးဖောက်သွားပါလိမ့်မယ်။ ဒါကြောင့်မို့ သူတို့နဲ့ ရင်ဆိုင်ရပြီဆိုရင် ဆင်စီးပြီးထွက်ပြေးပေးဖို့ပဲ အကြံပေးချင်ပါတယ်ခင်ဗျ။


***အရေးတော်ပုံ အောင်နေပြီ***

Comments

Post a Comment