Skip to main content

နယူတန်ရဲ့ ဒြပ်ဆွဲအားနိယာမ နဲ့ အိုင်းစတိုင်းပြောတဲ့ Gravity


 နယူတန်ရဲ့ ဒြပ်ဆွဲအားနိယာမ နဲ့ အိုင်းစတိုင်းပြောတဲ့ Gravity ဘယ်လိုတွေ ကွာခြားနေသလဲ


နယူတန်ရဲ့ ဒြပ်ဆွဲအားနိယာမ

      နယူတန်ရဲ့ နိယာမအရဆိုရင် စကြဝဠာထဲက ဒြပ်ထု(mass)ရှိတဲ့ ဘယ်အရာဝတ္ထုတွေမဆို တစ်ခုအပေါ် တစ်ခု ဆွဲငင်အား သက်ရောက်နေကြတယ်။ ဥပမာ နေနဲ့ ကမ္ဘာအကြား၊ ကမ္ဘာနဲ့လအကြား တစ်ခုကိုတစ်ခု ဆွဲအားတွေ သက်ရောက်နေကြတယ်ပေါ့။ ခုစာဖတ်သူဟာလည်း ဒြပ်ထုရှိတဲ့  object ဖြစ်တာကြောင့် စာဖတ်သူနဲ့ ကမ္ဘာရဲ့ကြား၊ နောက်ပြီး စာဖတ်သူနဲ့ လ ရဲ့ကြားမှာ ဆွဲအားတွေ သက်ရောက်နေတယ်ပေါ့။ သူ့ရဲ့ နိယာမ အရဆိုရင် ဒြပ်ဆွဲအား (gravitational force) ဟာ အကွာအဝေး အတိုင်းအဆမရှိ သက်ရောက်နိုင်တယ်။ ဒါပေမယ့် အရာဝတ္ထု နှစ်ခုကြား ပိုပြီးကွာဝေး လာတာနဲ့အမျှ သူ့တို့ကြားက ဒြပ်ဆွဲအားဟာလည်း အားပျော့လာမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုရှိတာက ဒြပ်ထုပမာဏ ကြီးမားတဲ့ အရာဝတ္ထုတွေရဲ့ကြားမှာ ပိုပြီးအားကောင်းတဲ့ ဆွဲငင်အားသက်ရောက်ကြပါတယ်။ သတိချပ်စရာက အရာဝတ္ထုနှစ်ခုကြားဆွဲငင်အားသက်ရောက်ဖို့ဆိုတာ အရာဝတ္ထု နှစ်ခုလုံးမှာ ဒြပ်ထု ရှိနေဖို့လိုပါတယ်။ တစ်ခုဟာ ဒြပ်ထု ဘယ်လောက်ပဲ ကြီးမားပါစေ ကျန်တစ်ခုမှာ ဒြပ်ထု လုံးဝမရှိရင် ထိုနှစ်ခုကြား ဆွဲငင်အားသက်ရောက်မှာ မဟုတ်ပါဘူး။ (ဒီနေရာမှာ သိသင့်တာက ဒြပ်ထု(mass)ဆိုတာ ကို ထုထည်(volume) နဲ့ မမှားစေချင်ပါ။ သံဂေါ်လီတစ်လုံးဟာ လေပူဖောင်းတစ်ခုထက် ထုထည်အားဖြင့် ငယ်သော်လည်း ဒြပ်ထုအားဖြင့် အဆမတန်များပြားလျက်ရှိတယ်။ သိပ်သည်းဆ (density) မတူညီတာကြောင့်ပါ။) ဒီတော့ နယူတန်ရဲ့  ဒြပ်ဆွဲအားနိယာမကို အချိုးအဖြစ်ပြောင်းလဲမယ်ဆိုရင် အရာဝတ္ထု နှစ်ခုကြားဆွဲငင်အားက သူတို့ရဲ့ ဒြပ်ထု နှစ်ခုမြှောက်လဒ်နဲ့ တိုက်ရိုက်အချိုးကျပြီး သူတို့ကြား နှစ်ထပ်ကိန်းနဲ့ ပြောင်းပြန်အချိူး ကျပါတယ်။


ဒီအကြောင်းအရာတွေထိဟာ ကျွန်တော်တို့ ရင်းနှီးပြီးသားအကြောင်းအရာတွေ ဖြစ်ပါတယ်။အောက်မှာ စိတ်ဝင်စားဖို့ကောင်းတာတွေ လာပါတော့မယ်။
       ပန်းသီးတစ်လုံးနဲ့ လိမ္မော်သီးတစ်လုံးကို ကျွန်တော်က ကြိုးတစ်ချောင်းနဲ့ ချည်လိုက်တယ်ဆိုပါစို့။ ပန်းသီးကို လက်ကကိုင်ပြီး လှည့်ရင် ချည်ထားတဲ့ ကြိုးရဲ့ ချိတ်ဆက်မှုကြောင့် လိမ္မော်သီးဟာ အဝေးကိုလွင့်မသွားဘဲ ပန်းသီးကို လှည့်ပတ်နေမှာဖြစ်ပါတယ်။ တကယ်လို့ ကြိုးပြတ်သွားခဲ့ရင် လိမ္မော်သီးဟာ အဝေးကို လွင့်သွားမှာပါ။ အဲ့လိုမျိုးပဲ ကမ္ဘာက နေကို လှည့်ပတ်နေတဲ့ ဖြစ်စဉ်မှာလည်း နေနဲ့ကမ္ဘာရဲ့ ကြားထဲမှာ (ကြိုးသဖွယ်) မမြင်ရတဲ့ စည်းနှောင်မှုတစ်ခု ရှိနေလို့ ကမ္ဘာဟာ နေရဲ့ အဝေးကို လွင့်ထွက်မသွားတာလို့ နယူတန်က ယူဆခဲ့ပါတယ်။ အဲ့စည်းနှောင်မှုကို Gravity (ဒြပ်ဆွဲအား)  လို့ သူ သတ်မှတ်ခဲ့ပါတယ်။ ဆိုတော့ မြေဆွဲအားဆိုတာ ဒြပ်ရှိတဲ့ အရာဝတ္ထု အချင်းချင်းကြား ချိတ်ဆက်စည်းနှောင်ထားတဲ့အား လို့ သူယူဆခဲ့ပါတယ်။ 
     နယူတန်ရဲ့ နိယာမဟာပြည့်စုံခြင်းမရှိဘဲ စကြဝဠာထဲက တချို့သော ဖြစ်စဉ်တွေကို သူ့နိယာမ နဲ့ ဖြေရှင်းလို့ မရခဲ့ပါဘူး။ ဥပမာ - Gravitional Lensing ဖြစ်စဉ်, Mercury ရဲ့ ထူးဆန်းတဲ့ ပတ်လမ်းပုံစံ။

Gravitional Lensing ဖြစ်စဉ်
           Gravitional Lensing ဆိုတာ ဒြပ်ထုကြီးမားတဲ့ အရာဝတ္ထုတွေရဲ့ အနားမှာ အလင်းတန်း ဖြတ်သန်းတဲ့အခါမှာ အဲ့ ဒြပ်ထုတွေရဲ့ ဆွဲငင်မှုကြောင့် အလင်းက ကွေးညွတ်ရွဲ့စောင်းသွားတဲ့ ဖြစ်စဉ်ပါ။ ဒီလိုဗျာ။ ဝေးကွာလှတဲ့ Galaxy ( ကြယ်စင်စု) တွေက လာတဲ့ အလင်းဟာ ကမ္ဘာကို မရောက်ခင် အရမ်းကြီးမားတဲ့ ကြယ်တွေအနီးကို ဖြတ်လာရပါတယ်။ အဲ့လိုဖြတ်သန်းတဲ့အခါ အလင်းက ရွဲ့စောင်းလာရတဲ့အတွက် အဲ့အလင်းကို ကမ္ဘာက မှန်ပြောင်းတွေနဲ့ ဖမ်းယူကြည့်တဲ့ခါ အဲ့ Galaxy တွေရဲ့ ပုံရိပ်တွေက ရွဲ့ကုန်စောင်းကုန်တာမျိုး၊ ဂလက်ဆီတစ်ခုတည်းကိုပဲ နှစ်ခု သုံးခု နေရာပြန့်ကျဲမြင်ရတာတွေ ဖြစ်ကုန်ပါတယ်။ အလင်းဟာ တကယ်တော့ ဒြပ်ထုမရှိပါဘူး( mass = zero) ။ နယူတန်ရဲ့ နိယာမအရဆို ဒြပ်ထုမရှိတဲ့ အလင်းအပေါ်မှာ ကြီးမားတဲ့ ကြယ်တွေကလည်း ဆွဲအားသက်ရောက်မနေသင့်ပါဘူး။ ဒါဆို ဒီလိုမသက်ရောက်ဘဲနဲ့ ဘာလို့ သူတို့အနားမှာ အလင်းဟာ ကွေးသွားရတာလဲ??
      ဒီဖြစ်စဉ်ကို နယူတန်ရဲ့ နိယာမက မဖြေရှင်းနိုင်ခဲ့ခြင်းဟာ တကယ်တော့ နယူတန်ဟာ Space (ဟာနယ် ) နဲ့ Time(အချိန်) ကို absolute (တရားသေ သဘောတရား) အဖြစ် ယူဆခဲ့လို့ပါ။ တစ်နည်းပြောရရင် အချိန်နဲ့ နေရာ (ဟာနယ်) တို့ကို စကြဝဠာဖြစ်စဉ်တွေရဲ့ နောက်ခံ ပိတ်ကားတစ်ခု ၊ တနည်းအားဖြင့် မပြောင်းမလဲဘဲ ပုံသေတည်ရှိနေတဲ့ အရာတွေအဖြစ် ရှုမြင်ခဲ့လို့ပါ။
       ဒါဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး၂၀ရာစု မတိုင်ခင်ထိ ရူပဗေဒပညာရှင်တွေဟာ "အချိန်"နဲ့ "ဟာနယ်" ကို စကြဝဠာဖြစ်စဉ်တွေနဲ့ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ နောက်ခံပိတ်ကား အဖြစ် ယူဆခဲ့ကြတာဖြစ်ပါတယ်။ ၂၀ ရာစုကို ရောက်တဲ့အခါမှာတော့  space နဲ့ time ဟာ စကြဝဠာဖြစ်စဉ် ကပွဲရဲ့ နောက်ခံပိတ်ကား မဟုတ်ဘဲ အဓိကကြိုးကိုင်သူ ဖြစ်ကြောင်း ထိုးထွင်းသိမြင်တဲ့သူတစ်ယောက် ပေါ်ထွန်းလာပါတယ်။ သူဟာ ၂၀ ရာစုရဲ့ အတော်ဆုံးလို့ပြောရလောက်တဲ့ အဲဘတ် အိုင်းစတိုင်း ဖြစ်ပါတယ်။ သူ့ရဲ့ general relativity နဲ့ special relativity သီအိုရီတွေဟာ များပြားရှုပ်ထွေးလှပါတယ်။ဒီထဲကမှ Gravity နဲ့ဆိုင်တာကိုပဲ ကျွန်တော်ပြောမှာပါ။ 

အိုင်းစတိုင်းပြောတဲ့ Gravity 
             အိုင်းစတိုင်းရဲ့ general relativity အရဆိုရင် Space နဲ့ Time ဟာ တရားသေမဟုတ်ဘဲ တချို့နေရာတွေမှာကွေ့ကောက်နေပြီး တချို့နေရာတွေမှာ ပြန့်ပြူးနေပါတယ် ။ ဒြပ်ထုကြီးမားတဲ့ အရာဝတ္ထုရဲ့အနီးမှာရှိတဲ့ အချိန်ရယ် ဟာနယ် ရယ်ဟာ ကွေးညွတ်လို့နေပါတယ်။ ထိုသို့ ဟာနယ် ကွေးညွတ်နေခြင်းကြောင့် ဒြပ်ထုကြီးမားတဲ့ အရာဝတ္ထုတစ်ခုဟာ အနီးအနားက အရာတွေကိုသူ့ဆီကို နီးကပ်လာစေတာဖြစ်ပါတယ်။ အောက်မှာ နားလည်အောင်ပုံဖော်ပြပါမယ်။
          ကောဇောပိတ်စအကျယ်ကြီးတစ်ခုကို ပြန့်ပြူးနေအောင် စာဖတ်သူနဲ့ ကျွန်တော်က တင်းတင်းဆွဲထားကြတယ်လို့ မြင်ယောင်ကြည့်ပါ။ အဲ့ပိတ်စရဲ့ အလယ်ကို  အရမ်းလေးတဲ့ (mass အရမ်းများတဲ့) သံလုံးတင်လိုက်ရင် ပြန့်ပြူးနေတဲ့ ကော်ဇောရဲ့ မျက်နှာပြင်ဟာ အောက်ကို ချိုင့်ဝင်ကွေးညွတ်သွားမှာ ဖြစ်ပါတယ်။ အဲ့အချိန်မှာ ကော်ဇောရဲ့ အနားအစွန်းကနေ တစ်ယောက်ယောက်က ဖန်ဂေါ်လီတစ်လုံးကို လှိမ့်လိုက်မယ်ဆိုရင်  ချိုင့်ဝင်နေတဲ့ ကော်ဇောရဲ့မျက်မှာပြင်အတိုင်း ခုနတင်ထားတဲ့ သံလုံးဆီ လိမ့်ဝင်သွားမှာဖြစ်ပါတယ်။ ဆိုတော့ သံလုံးနဲ့ ဖန်ဂေါ်လီကြားမှာ ဘာမှ စည်းနှောင်ထားတဲ့ ကြိုးမရှိပါဘူး။ သံလုံးက ကော်ဇောရဲ့မျက်နှာပြင်ကွေးညွတ်စေတယ်။ ဂေါ်လီက အဲ့ကွေးညွတ်တဲ့ မျက်နှာပြင်အတိုင်း ရွေ့လျားရာကနေ သံလုံးဆီပူးကပ်သွားခြင်းသာဖြစ်ပါတယ်။ အိုင်းစတိုင်းပြောချင်တဲ့ gravity ဆိုတာ ဒီသဘောပါပဲ။ကျွန်တော်တို့ရဲ့ နေဟာ ကောဇောနဲ့ တူတဲ့ ဟာနယ်နဲ့ အချိန်မှာ နေရာယူလိုက်တယ် သူ့ရဲ့  Mass ကြောင့် space ဟာ ကွေးညွတ်သွားပြီး ကမ္ဘာနဲ့ ကျန်ဂြိုလ်တွေက ကွေးညွတ်တဲ့ space ကြီးအတိုင်း လိုက်ရွေ့လျားရာကနေ နေကိုလှည့်ပတ်ပြီးသား ဖြစ်သွားတာပါ။ 



 gravitional lensing ဖြစ်စဉ် မှာ အလင်းဘာကြောင့် ကွေးညွတ်ရသလဲဆိုရင် သူဖြတ်သန်းလာရတဲ့ဟာနယ်ဟာ ကြယ်ရဲ့ အနီးမှာ ကွေးကောက်သွားလို့ သူဟာလည်း ထိုဟာနယ်အတိုင်း ကွေးကွေးကောက်ကောက်ဖြတ်သန်းလာရတာဖြစ်ပါတယ်။
     ဆိုတော့  ခေတ်သစ်အယူအဆမှာ ဆွဲအားစည်းနှောင်အားဆိုတာ မရှိပါဘူး။ Matter tells space-time how to curve and space-time tells matter how to move ဖြစ်ပါတယ်။ ဒြပ်ထုတွေဟာ space-time ကွေးညွတ်စေပြီး ထို space-time ကွေးညွတ်မှုကပဲ ဒြပ်ထုတွေကို ရွေ့လျားစေတာ ဖြစ်ပါတယ်။
   ဒါဟာ နယူတန်ရဲ့ Law နဲ့ အိုင်းစတိုင်းရဲ့ Theory ကို နှိုင်းယှဉ်ပြခဲ့တာပါ။ နယူတန်ရဲ့ law ကို မှားတယ်လို့ ပြောလို့ မရပါဘူး ။သူ့ရဲ့ law ဟာ ခုချိန်ထိ တိကျမှန်ကန်နေဆဲပဲ ဖြစ်ပါတယ်။ ဂြိုလ်တွေပေါ်ကို အာကာသယာဉ်တွေ ဆင်းသက်တဲ့အခါမှာ သူ့ရဲ့ Law ကို သုံးနေရတုန်းပဲ ဖြစ်ပါတယ်။ အိုင်းစတိုင်းရဲ့ သီအိုရီကိုလည်း space နဲ့ တိုင်းရဲ့ geography ကို တွက်တဲ့နေရာမှာ သုံးနေဆဲဖြစ်ပြီး Black holes တွေကို လေ့လာဖို့ လမ်းစတစ်ခု ဖြစ်ခဲ့ပါတယ်။ 

ကိုးကား_ Myanmar Science Platform, U Tube, Wikipedia,


Comments

Post a Comment