![]() |
Man city vs Southampton ဒီနှစ်နွေရာသီမှာ အပြောင်းအရွှေ့များများစားစားမရှိခဲ့ပေမယ့် မန်စီးတီးအသင်းဟာ ကြီးမားတဲ့အပြောင်းအရွှေ့တစ်ခုတော့ ပြုလုပ်ခဲ့ပါတယ်။ သမိုင်းတစ်လျှောက်တန်ကြေးအမြင့်ဆုံး အင်္ဂလိပ်ကစားသမားဖြစ်လာခဲ့တဲ့ ဂရင်းလစ်ဟာ မန်ချက်စတာစီးတီးမှာ အသုံးတော်ခံနေပါပြီ။ ပြီးခဲ့တဲ့ကြားရက်မှာလည်း ကစားသမားဘဝ ပထမဆုံးချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခဲ့ပေမယ့် သွင်းဂိုးကော ဂိုးဖန်တီးမှုနဲ့ပါ အမြင့်ဆုံးပြိုင်ပွဲတွေမှာ ဒီလိုစွမ်းဆောင်နိုင်ကြောင်း ပြသခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း မန်စီးတီးဟာ ဆောက်သမ်တန်နဲ့ကစားရမယ်။ Fantacy ဆော့နေကြညီကိုတွေရဲ့ ကျိန်ဆဲမှုကို ခဏခဏခံနေရတဲ့ ပက်ရဲ့ ပွဲထွက်လူစာရင်းကတော့ တစ်ပတ်နဲ့တစ်ပတ် အလှည့်အပြောင်းများလွန်းတာ သိပြီးဖြစ်မှာပါ။ဂန္တဝင်ကစားသမားကြီး အဂူရိုထွက်ခွာသွားပြီးနောက် အထောင်တိုက်စစ်နေရာအတွက် ဒေါင်ဒေါင်မြည်ကစားသမား မရှိပေမယ့် စီးတီးတို့ဟာ ရာသီကို အကောင်းဆုံးစတင်ထားနိုင်ခဲ့ပါတယ်။ ဂျီဆူးနဲ့တလှည့် ဖာရန်တောရက်တလှည့် တိုက်စစ်မှူးနေရာတာဝန်ယူနေရပေမယ့် အမှားအယွင်းကင်းကင်းနဲ့ တာဝန်ကိုယ်စီကျေနေကြဆဲဖြစ်ပါတယ်။ City ဟာ 4 ပွဲကစားပြီး 3 ပွဲနိုင် 1 ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ရာသီအဖွင့် စပါးအသင်းကို ရှုံးနိမ့်ထားပေမယ့် အာစင်နယ်လို၊ လက်စတာလို အသင်းမျိုးတွေကို ဆက်တိုက်အနိုင်ယူထားခဲ့တာပါ။ ကြားရက် ချန်ပီယံလိဂ်ပွဲမှာလည်း လိုက်ဖ်ဇစ်လို အသင်းကို ဂိုးပြတ်အနိုင်ယူထားခဲ့တာကို ကြည့်ခြင်းအားဖြင့် ချန်ပီယံလောင်းစာရင်းမှာ စီးတီးဟာ ဘာကြောင့်ရေပန်းစားသလဲဆိုတာ သိသာစေခဲ့ပါတယ်။ ဒီတစ်ပတ် ပြိုင်ဘက်ဆောက်သမ်တန်ကို ကြည့်ရမယ်ဆိုရင် 4 ပွဲမှာ နိုင်ပွဲလုံးဝမရှိသေးပဲ တစ်ပွဲရှုံးနိမ့်ထားခဲ့တာပါ။ ယူနိုက်တက်အသင်းနဲ့ သရေကျခဲ့တာတစ်ခုသာ ထောက်ပြစရာရှိပြီး အဓိကတိုက်စစ်မှူး အင့်နဲ့ ခံစစ်မှူး ဗန်စတာဂတ်တို့ထွက်ခွာသွားမှု ဒဏ်ခံနေရတယ်လို့မြင်မိပါတယ်။ Cleansheet တစ်ပွဲသာ ရှိတာမို့ ဂရင်းလစ်နဲ့ ဒီဘရိုင်းတို့ ပွဲထွက်လာမယ့် စီးတီးရဲ့တိုက်စစ်ကို ထိန်းနိုင်ပါ့မလား သံသယဝင်စရာပဲ ဖြစ်ပါတယ်။ သူတော်စင်တို့အတွက် ဂိုးပြတ်မရှုံးနိမ့်ဖို့သာ မျှော်လင့်နိုင်ပြီး သရေတစ်မှတ်ရဖို့ဆိုရင်တော့ ခက်ခက်ခဲခဲကြိုးစားရဖွယ်ရှိနေပါတယ်။ ပရိတ်သတ်တွေကို အီးတီးဟတ် ကွင်းပြည့်မြင်ချင်တယ်လို့ဆိုလာတဲ့ ပက်တစ်ယောက် ဖိတ်ခေါ်ထားတဲ့ ပရိတ်သတ်တွေရှေ့မှောက်မှာ ဖျော်ဖြေမှူရသအပြည့်နဲ့ နိုင်ပွဲတစ်ပွဲ ထပ်မံရှာဖွေသွားမယ်လို့ ယုံကြည်ပါတယ်။
Comments
Post a Comment