Skip to main content

Mother Teresa: Angel of Mercy, Humanitarian

   




     ဒီနေ့sharingလုပ်ပေးချင်တာကတော့ ညီမ လေးစားအားကျရတဲ့ မာသာထရီစာအကြောင်းပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက သူတော်စင်လို့ သမုတ်ခံရလောက်အောင် မာသာ ဘယ်လိုတွေလုပ်ဆောင်ဖြစ်တည်ခဲ့လဲ ဆိုတာကို ဆက်ဖတ်ရှုပေးပါဦးနော်။
     ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိခဲ့တဲ့ မာသာထရီစာကို 1910,August 26မှာ ယူဂိုးဆလာဗီးယားနိုင်ငံ၊ စကောပီမြို့တွင် မွေးဖွားခဲ့ပါတယ်။  
     မာသာ့ငယ်နာမည်က Agnes Gonxha Bojaxhiu ပါ။မာသာက အယ်ဘေးနီးယားလူမျိုးဖြစ်ပြီး မိသားစုရဲ့ အငယ်ဆုံးသမီးလေးလည်းဖြစ်ပါတယ်။ သူ့အဖေက နာမည်ကြီးကုန်သည်ဆိုတော့ ချမ်းသာတဲ့မိသားစုကနေ ပေါက်ဖွားလာတယ်လို့ဆိုရင် မမှားပါဘူး။ဒါပေမဲ့ Agnes ဟာ ငယ်ငယ်လေးကတည်းက သာသနာပြုလုပ်ငန်းတွေမှာ အတော်လေး စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့် အသက်၁၈နှစ်အရွယ်မှာပဲ ဒပ်ဗလင်မြို့မှာရှိတဲ့ Sister of Loreto  သီလရှင်အသင်းကို ဝင်ရောက်ခဲ့ပီး Sisterအဖြစ်ခံယူကာ Englishစာသင်ယူခဲ့ပါတယ်။နောက် ကာလကတ္တားမှာရှိတဲ့ စိန့်မေရီအထက်တန်းကျောင်းမှာလည်း ၁၇နှစ်လောက် စာသင်ကြားပေးခဲ့ပါတယ်။
      1937မှာ Lorentoသီလရှင်တွေဓလေ့အရ Motherဘွဲ့ခံယူပီး Mother Teresaဖြစ်လာခဲ့တာပါ။
     မာသာဟာ 1946မှာ ဒါဂျိလင်ကို မီးရထားနဲ့ ခရီးသွားခဲ့ပါတယ်။ မီးရထားပေါ်မှာ "ကာလကတ္တားရှိ အဆင်းရဲဆုံးသောရပ်ကွက်မှ လူတွေကို သွားကူညီပေးရန်" ဘုရားသခင်သတိပေးသံကြားခဲ့ရတယ်လို့ ဆိုကြပါတယ်။ အဲဒီ့မသိစိတ်က နှိုးဆော်သံကြောင့်ပဲ 1948ခုနှစ်မှာ မာသာဟာ ကာလကတ္တားကိုသွားပြီးသာသနာပြုလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့တာပါ။ Holy Family Hospital မှာ medical trainingသင်ယူခဲ့ပြီး ဆင်းရဲသားရပ်ကွက်တွေဆီ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။
     သူဟာ သာသနာပြုလုပ်ငန်းတွေကို ဘုရားသခင်အလိုတော်ကျ အပြာရောင်အစင်း၃စင်းပါတဲ့ အဖြူရောင်ဆာရီကိုပဲ ဝတ်ဆင်ကာ လုပ်ဆောင်ခဲ့ပါတယ်။ ဆင်းရဲသားရပ်ကွက်တွေမှာ စတင်ကူညီပေးခဲ့ချိန်က မာသာအနေနဲ့ မလွယ်ကူခဲ့ပါဘူး။ ဒေသခံတွေအနေနဲ့ နိုင်ငံခြားသားသီလရှင်အပေါ် ယုံကြည်မှုရအောင်၊ မေတ္တာတရားကိုစစ်မှန်စွာ ခံစားနိုင်အောင် အတော်ကြိုးပမ်းခဲ့ရပါတယ်။ နောက်တော့ မာသာ့ရဲ့ကောင်းသတင်းတွေ အိန္ဒိယတစ်နိုင်ငံလုံးပျံ့နှံ့ပီး လူချမ်းသာတွေအကူအညီနဲ့ "Missionary of Charity" ဆိုတဲ့အဖွဲ့အစည်းကိုလည်း သီလရှင်အနည်းငယ်နဲ့ ထူထောင်နိုင်ခဲ့ပါတယ်။ 2007 ခုနှစ်မှာတော့ နိုင်ငံပေါင်း 120 လောက်အထိ Missionများစွာ ဆောင်ရွက်ကူညီပေးခဲ့ပြီး ဘရာသာ 450 နဲ့ စစ်စတာ 5000 လောက်ထိလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ သူတို့ဂေဟာရဲ့ရည်ရွယ်ချက်အတိုင်း ဆာလောင်မွတ်သိပ်ပြီး လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်ခံရတဲ့/ကိုယ်လက်အင်္ဂါ ချို့တဲ့နေတဲ့ အဆင်းရဲဆုံးသော လူသားတွေအတွက် အများကြီးပေးဆပ်ခဲ့ကြပါတယ်။ သေအံ့ဆဲဆဲ ခိုကိုးရာမဲ့တွေအတွက် ဂေဟာ၊ ရှီရှူဘဝမ် မိဘမဲ့ဂေဟာ၊ Leprosy(အနာကြီးရောဂါသည်)တွေအတွက် ဆေးပေးခန်းတွေအပြင် ရွေ့လျားဆေးပေးခန်းတွေဖွင့်လှစ်ခဲ့ကြတယ်။ မာသာထရီစာဟာ သူ့တစ်ဘဝလုံး အခြားနိုင်ငံတွေထိ ခရီးဆန့်ခဲ့ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ 1997 အသက် 87 အရွယ်မှာတော့ တတိယအကြိမ်heart attackရပြီး ကွယ်လွန်ခဲ့ပါတယ်။
     ဒီနေရာမှာ ညီမတွေးမိတာလေးတစ်ခုက ခိုကိုးရာမဲ့လူနာတွေကို ဒီလိုမေတ္တာစိတ်ထားစောင့်ရှောက်ကုသဖို့ဆိုတာ သူ(မ)အနေနဲ့ တကယ်မလွယ်ကူခဲ့ပါဘူး။ အဖေကလည်း မာသာ ၈ နှစ်သမီးမှာတင် ဆုံးပါးသွားခဲ့သလို အမေ၊အစ်ကိုနဲ့အစ်မတွေကိုလည်း အသက် ၁၈နှစ်မှာခွဲခွာခဲ့ရပြီးကတည်းက ပြန်မတွေ့ခဲ့ရတော့တာပါ။ အဲ့လိုတွေကြောင့် မာသာဟာ မေတ္တာရရှိမှုနည်းပါးခဲ့တယ်လို့ပြောလို့ရပါတယ်။ အဲ့ဒါကြောင့်ပဲ လူသားတွေကို ဒီလောက်စာနာစိတ်ထားမေတ္တာပေးနိုင်ခဲ့တာဖြစ်ပါလိမ့်မယ်။ မေတ္တာတရားနဲ့ ကြိုးပမ်းမှုတွေကြောင့် မာသာဟာ အိန္ဒိယနိုင်ငံရဲ့အမြင့်ဆုံးသော အဖိုးတန်ရတနာဆု၊ပုပ်ရဟန်းမင်းကြီးပေးခဲ့တဲ့ဆုတွေအပြင် အမေရိကန်၊ဗြိတိန် စတဲ့အခြားနိုင်ငံကပေးအပ်တဲ့ ဆုပေါင်းများစွာကိုလည်း ရရှိခဲ့ပါတယ်။
    1979မှာလည်း ဝေဒနာအပေါင်းခံစားနေရတဲ့လူ့အဖွဲ့အစည်းကို အကျိုးပြုပေးနိုင်တဲ့အတွက် Nobel Peace Prizeအပ်နှင်းခြင်းခံရပါတယ်။
    နိုဗယ်ဆုယူပြီးချိန်မှာ "If you want to change the world,go home and love your family"လို့ ပြောကြားခဲ့ပါတယ်။ What a meaningful quote!
    "Something Beautiful For God"ဆိုတဲ့ သူ့အကြောင်းရေးထားတဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကြောင့်လည်း ကမ္ဘာကျော်ခဲ့ပါတယ်။ မာသာထရီစာအကြောင်းကို စာအုပ်ပေါင်းများစွာအပြင် ရုပ်ရှင်တွေပါရိုက်ကူးခဲ့ကြပါတယ်။ 
     မြန်မာနိုင်ငံမှာလည်း မာသာထရီစာလို့  ချီးမွမ်းခံရသူတွေဟာ ရှေးတုန်းကဆို ဒေါ်ဦးဇွန်း၊ ခုဆိုရင် မင်းသမီးခိုင်နှင်းဝေတို့လိုပေါ့။ 
     ဒီလောက်ဆိုရင်တော့ ကမ္ဘာကျော် သူတော်စင်မာသာထရီစာအကြောင်းကိုအတော်သိလောက်ပီထင်ပါတယ်။
     တကယ်လို့ စာဖတ်သူတို့ ဖတ်ဖူးသိဖူးတာနဲ့ ကွဲလွဲတာ မတူညီတာတွေရှိခဲ့ရင် နားလည်ပေးပါ။နောက်နေ့မှာလည်း စိတ်ဝင်စားစရာအကြောင်းအရာတွေ တင်ပေးဦးမှာမို့ ဆက်လက်clickပေးကြပါရှင်။

Comments