Skip to main content

စတီဗင်ဂျရတ် (သို့) မာဆေးဆိုက်မြို့က အလှပဆုံးအိပ်ရာဝင်ပုံပြင်တစ်ပုဒ် (အပိုင်း-၃)

 

နိုင်ငံအသင်းကစားသမားဘဝ နှင့် နည်းပြဘဝ ဖြတ်သန်းပုံ

                 ဂျရတ်ဟာအင်္ဂလန်ရဲ့သက်တမ်းလိုက်အသင်းတွေမှာလည်းတောက်လျှောက်ပါဝင်ခွင့်ရရှိခဲ့ပြီး စီနီယာအသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ကိုတော့ ၂၀၀၀ ခုနှစ်မှာစတင်ရရှိခဲ့ပါတယ်။ ရွန်နီ၊ ဘက်ဟမ်း၊ လမ်းပတ်၊ တယ်ရီ၊အက်ရှ်လေကိုး တို့နဲ့တည်ဆောက်ထားတဲ့ အင်္ဂလန်ရဲ့ရွှေရောင်မျိုးဆက်မှာတော့ ကျောနံပါတ် ၄ ဂျာစီကိုဝတ်ဆင်လေ့ရှိတဲ့ စတီဗင်ဂျရတ်ကလည်း အဓိကအခန်းကဏ္ဍ ကနေပါဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် စတုတ္ထမြောက်ပွဲအများဆုံးကစားခဲ့တဲ့ ဂျရတ်ဟာ ဒဏ်ရာကြောင့်မပါဝင်နိုင်ခဲ့တဲ့ ယူရို ၂၀၀၂ မှအပ ပြိုင်ပွဲကြီးတိုင်းမှာ အင်္ဂလန်အသင်းရဲ့ဒေါက်တိုင်တစ်ခုအနေနဲ့မားမားမတ်မတ်ရပ်တည်ခဲ့ပြီး နည်းပြပေါင်းစုံအောက်မှာ အသင်းခေါင်းဆောင်၊ဒုအသင်းခေါင်းဆောင် စသဖြင့်အလျဉ်းသင့်သလိုဦးဆောင်ပေးခဲ့ပါတယ်။ စတိဗ်ဟာအင်္ဂလန်အသင်းနဲ့အတူ ယူရို ၂၀၀၀၊ ၂၀၀၄၊ ၂၀၁၂ တို့မှာပါဝင်ခဲ့ပြီး  ၂၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတို့မှာလည်း စတိဗ်ရဲ့ အဖြူရောင်ကျောနံပတ် ၄ ဂျာစီဟာ တစ်ကွင်းလုံးအနှံ့ သက်လုံကောင်းကောင်းနဲ့ပြေးလွှားခဲ့ပါသေးတယ်။ ယူရို ၂၀၁၂ ရဲ့အကောင်းဆုံးအသင်းစာရင်းမှာပါဝင်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားအပြီးမှာတော့ လက်ရွေးစင်ကစားသမားဘဝမှအနားယူသွားခဲ့ပါတယ်။

        ကစားသမားဘဝမှအနားယူပြီးနောက်ဂျရတ်ဟာလီဗာပူးလူငယ်အကယ်ဒမီနဲ့ ယူ-၁၈ အသင်းမှာနည်းပြအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ထို့နောက် စကော့တလန်ပထမတန်းမှ ပုံရိပ်ကြီးမားတဲ့ ရိမ်းဂျား (Rangers) အသင်းကိုပြောင်းရွှေ့နည်းပြခဲ့ပြီး ၂၀၂၀-၂၁ ခုနှစ်မှာတော့ တစ်ရာသီလုံးရှူံးပွဲမရှိစံချိန်(The Invincibles) နဲ့အတူ အမှတ်ပေးဖလားကိုအရယူပေးနိုင်ခဲ့ပါတယ်။ ထိုစံချိန်မျိုးကို အင်္ဂလန်မှာတော့ ၂၀၀၃-၂၀၀၄ ခုနှစ်က အာဆင်နယ် အသင်းသာစွမ်းဆောင်နိုင်ခဲ့ဖူးတာဖြစ်ပြီး ဂျရတ်လိုမျက်နှာသစ်နည်းပြတစ်ယောက်အတွက်တော့ ကျေနပ်စရာမှတ်တမ်းတစ်ခုပဲဖြစ်ခဲ့ပါတယ်။ ပြင်ပလောကရဲ့အတွေ့အကြုံတွေကိုသင်ယူပြီးချိန်မှာတော့ ကြိုးကြာနီတို့နဲ့ကွင်းလယ်ဗိုလ်ချုပ်ဟာ ဂျာဂင်ကလော့အလွန်မှာ အန်ဖီးလ်မြေကို တစ်ခေါက်ပြန်ခိုနားဦးမယ်လို့ လီဗာပူးပရိသတ်တွေကတော့မျှော်လင့်နေဆဲပါပဲ။


ကမ္ဘာကျော်တွေပြောတဲ့ဂျရတ်အကြောင်း

                      တစ်ချိန်ကဘောလုံးလောကရဲ့မှော်ဆရာတစ်ယောက်ဖြစ်တဲ့ ဇီဒန်း (Zinedine Zidane) က "ဂျရတ်ဟာသူရဲ့အကောင်းဆုံးအချိန်တုန်းကတော့ ကမ္ဘာ့အကောင်းဆုံးတွေထဲကတစ်ယောက်ပါ။ သူဟာ မက်ဆီနဲ့ရော်နယ်ဒို (Messi & C.Ronaldo)တို့လို မီဒီယာရဲ့စိတ်ဝင်စားမှုကိုရချင်မှရပါလိမ့်မယ်။ဒါပေမယ့်သူကထိုက်တန်ပါတယ်။ ဂျရတ်ဟာ ဘောလုံးကိုလျှောထိုးဖြတ်ထုတ်ရမလား၊ ဂိုးသွင်းရမလားအကုန်ရပါတယ်။ အရေးကြီးဆုံးကတော့ သူနဲ့အတူကန်နေရတဲ့ အသင်းဖော်တွေကို ယုံကြည်မှုတွေပေးနိုင်တာပါပဲ"လို့ပြောခဲ့ပါတယ်။ ဘောလုံးဘုရင် ရော်နယ်ဒင်ညို ( Ronaldinho) ကတော့ "ဂျရတ်ဟာသူကစားရတဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲကတစ်ယောက်ပါ" လို့ဝန်ခံခဲ့ဘူးပါတယ်။ ဂျရတ်လိုပဲသစ္စာရှိအသင်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ရိုးမားဂန္ဓဝင် တော့တီ (Francesco Totti )ကတော့ "သူက ကျနော့်အိပ်မက်ကစားသမား ၁၁ ယောက်နဲ့ဖွဲ့စည်းထားတဲ့အသင်းရဲ့ အသင်းခေါင်းဆောင်ပဲဗျ" လို့ဖွင့်ပြောခဲ့ဖူးတာပါ။ ဂျရတ်နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ၂ ကြိမ်တိုင်စီးချင်းထိုးခဲ့ဖူးတဲ့ ခံစစ်ဗိသုကာပညာရှင်ကြီး မာလ်ဒီနီ ( Paulo Maldini) ကလည်း "စတိဗ်ရဲ့ပုံပြင်ဟာ ခင်ဗျားသားသမီး၊မြေးမြစ်တွေကိုပြောပြချင်စရာအကောင်းဆုံး နတ်သမီးပုံပြင်တွေထဲကတစ်ပုဒ်ပါ" လို့ကိုအမွှန်းတင်ချီးကျူးခဲ့ဖူးတာပါ။ ကြိုးကြာနီတို့ရဲ့သူရဲကောင်းကြီးကတော့ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကစားသမားတွေရဲ့လေးစားမှုကိုအပြည့်အဝရရှိခဲ့တာပဲဖြစ်ပါတယ်။

         စတီဗင်ဂျရတ်ဟာ ဘုရင်မကြီးချီးမြှင့်တဲ့ MBE ဘွဲ့ကို ၂၀၀၆ ခုနှစ်မှာရရှိခဲ့ပြီး သမိုင်းတစ်လျှောက် အက်ဖ်အေဖလား၊ ကားလင်းဖလား၊ ယူရိုပါလိဂ် နဲ့ ချန်ပီယံလိဂ် ဖလားဖိုင်နယ်တို့မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ဖလားပါသိမ်းပိုက်နိုင်ခဲ့တဲ့ တစ်ဦးထဲသောကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ပရီးမီယားလိဂ်ရဲ့ ဂုဏ်ပြုထိုက်တဲ့ဂန္ဓဝင်တွေအဖြစ်တရားဝင်သတ်မှတ်ပေးသွားမယ့် "Hall of Fame" ဆိုတဲ့အစီအစဉ်ကို ၂၀၂၁ ခုနှစ်မှစတင်ခဲ့ပြီး ဂျရတ်ဟာဒီစာရင်းရဲ့ပထမဦးဆုံး ၆ယောက်စာရင်းမှာပါဝင်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဂျရတ်ရဲ့ ကစားသမားဘဝအကြောင်းရိုက်ကူးထားတဲ့ 'Make Us Dream' ဆိုတဲ့ဇာတ်ကားထွက်လာခဲ့ပြီး  8/10 IMDb  ထိကိုရရှိခဲ့တာပါ။ စတိဗ်ဟာ ပရိုကစားသမားဘဝမှာရော နိုင်ငံလက်ရွေးစင်ဘဝမှာပါ အစွမ်းကုန်ပေးဆပ်ကစားခဲ့တဲ့အတွက် သူရဲ့ပုံရိပ်တွေဟာ တခမ်းတနားကျန်ရစ်ခဲ့ပါတယ်။ ၇နှစ်သားအရွယ်ကစလို့အနားယူချိန်အထိ လီဗာပူးအတွက် စိတ်ရောကိုယ်ပါအကောင်းဆုံးပေးဆပ်ခဲ့ပြီး " Steven Gerrard " ဆိုတဲ့နာမည်ကို  မာဆေးဆိုက်မြို့ရဲ့အလှဆုံးအိပ်ရာဝင်ပုံပြင်တစ်ပုဒ်အဖြစ် အသက်သွင်းသွားခဲ့ပါတယ်။ 

@Maddie



Comments