Reply 1988
အခုတလောပြန်ကြည့်ဖြစ်နေတဲ့ ဇာတ်ကားတစ်ကားရှိတယ်။ဇာတ်ကားနာမည်က Reply 1988။ ဒီဇာတ်ကားကိုတော့ တော်တော်များများလည်း သိကြမှာပါ။ဒီကားကို 2015 ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပြီးတော့ အပိုင်း ၂၀ ပိုင်း ပါပါတယ်။ ပုံမှန် k drama ကားတွေလိုမျိုး ဗီလိန်တွေဘာတွေလည်းမပါဘဲ လောင်စရာလည်းမလိုတဲ့ ရှားရှားပါးပါးဇာတ်ကားလေး။
တစ်ချို့တော့ 2nd lead syndrome လေး ဖြစ်ကြမယ်ထင်တယ်။
ဒီဇာတ်ကားက တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့က ဆန်မူဒုံဆိုတဲ့ရပ်ကွက်လေးမှာ နေကြတဲ့ မိသားစု ၅ စုကို ဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာဆိုရင် မိဘနဲ့သားသမီးကြား ကချစ်ခြင်းမေတ္တာတွေ၊မောင်နှမတွေကြားထဲက သံယောဇဥ်တွေ၊သူငယ်ချင်းတွေကြားထဲက ခင်မင်မှုတွေ၊ နောက်ဇာတ်ကောင်ဆယ်ကျော်သက်အရွယ်လေးတွေရဲ့ စိတ်ခံစားချက်တွေကို နေ့စဥ်ဘဝဖြတ်သန်းပုံတွေနဲ့တွဲပြီး ရိုးရိုးရှင်းရှင်းလေး ရိုက်ပြထားတာပါ။ အဲ့လိုရိုးရိုးရှင်းရှင်းလေးရိုက်ထားပေမယ့် ဇာတ်ကားက အရမ်းစိတ်ဝင်စားစရာကောင်းပြီး ဟာသတွေလည်းပါလို့ တစ်ပိုင်းပြီးတစ်ပိုင်းဆက်တိုက်ကြည့်မိနေတာပါပဲ။မရယ်ရတဲ့ အပိုင်းကိုမရှိပါဘူး။ဒီကားထဲက သရုပ်ဆောင်တိုင်းကလည်းအရမ်းတော်ပါတယ်။
လုံးဝအပိုအလိုမရှိ ဇာတ်နဲ့ကွက်တိဖြစ်အောင် သရုပ်ဆောင်သွားကြတာအရမ်းချီးကျူးဖို့ကောင်းပါတယ်။
ဇာတ်လမ်းတွဲ အပိုင်း ၂၀ အတွင်းမှာ ဇာတ်ကောင်ဆယ်ကျော်သက်ကလေးတွေ တဖြည်းဖြည်းအရွယ်ရောက်လာပြီးအလုပ်တွေရသွားတဲ့အထိ တစ်ပိုင်းပြီးတစ်ပိုင်း သူတို့နဲ့အတူတူ ရယ်လိုက်ရ၊ တစ်ချို့နေရာတွေမှာစိတ်မကောင်းဖြစ်လိုက်ရ နဲ့ တော်တော်ဆွဲဆောင်နိုင်တဲ့ဇာတ်ကားပါပဲ။ပြီးတော့ ဒီကားက စောင်ကိုက်ရမယ့်အခန်းတွေသိပ်မပါတာမို့ မိသားစုနဲ့အတူတူကြည့်ဖို့လည်း သင့်တော်ပါတယ်။ပြောကြတာတွေအရဆိုရင် ဒီကားက true story ကို အခြေခံပြီးရိုက်ထားတဲ့ဇာတ်ကားပါတဲ့။
ဇာတ်လမ်းထဲက ဇာတ်ကောင်တွေအကုန်လုံးက အပြင်မှာတကယ်ရှိကြပါတယ်တဲ့။အဓိကက ဒီကားထဲက ဟာသတွေကလေ ကလိယားထိုးပြီး ရယ်ရတာမျိုးလုံးဝမဟုတ်ဘူး။သူ့ဟာသူကို သဘာဝကျကျနဲ့ရယ်နေရတာမျိုး။ဒါပေမယ့် ဒီဇာတ်ကားကိုကြည့်ပြီးတော့ စိတ်ထဲ ဘာကိုလွမ်းမှန်းမသိ လွမ်းသွားတယ်။
စိတ်ညစ်နေတဲ့အချိန်တွေဖြစ်ဖြစ်၊ စိတ်ပင်ပန်းနေတဲ့အချိန်တွေဖြစ်ဖြစ် ဒီကားလေးကိုကြည့်ရင် တကယ်ပျော်ပြီး စိတ်ကြည်သွားမှာပါ။အပိုင်း ၂၀ ပဲပါတာ အရမ်းနည်းတယ်လို့တောင်ထင်မိတယ်။ ဇာတ်သိမ်းသွားတာတောင်ကြည့်လို့မဝသေးဘူး။
ရယ်လိုက်ရ၊ဝမ်းနည်းလိုက်ရ၊ပျော်လိုက်ရ၊ကြည်နူးလိုက်ရနဲ့ ခံစားချက်အမျိုးမျိုးဖြစ်စေတဲ့ဇာတ်ကားလေး။
၃ ခါမြောက်ကြည့်ပြီးတာတောင် မရိုးသွားတဲ့ဇာတ်ကားလေး။ ဆုတွေလည်းအများကြီးရထားပြီး တကယ်လည်းအရမ်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားမို့ မကြည့်ရသေးရင် သေချာပေါက်ကြည့်ကြည့်သင့်ပါတယ်လို့။
Comments
Post a Comment