Skip to main content

The Vow (2012)



ဒီတစ်ခါမှာတော့ romance ဇာတ်ကားကောင်းလေးဖြစ်တဲ့ the vow (2012) ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ကျွန်တော်တို့ဘဝမှာ တစ်စုံတစ်ယောက်ကို အသက်တမျှ အရူးအမူး ချစ်ဖူးခဲ့ကြမှာပါ။ ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ ပေါင်းဖက်ရပြီးမှ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်ချစ်သူဖြစ်စေ အကြောင်းတစ်ခုခုကြောင့် အတိတ်မေ့သွားမယ်၊ မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့မယ်ဆိုရင်......


လိယိုနဲ့ ပိခ်ျတို့ဟာ အမှတ်မထင်ပဲတွေ့ဆုံခဲ့ကြပါတယ်။ လီယိုကတော့ music studio တစ်ခုထောင်ထားပြီး ပိခ်ျကတော့ ပန်းပုပညာရှင်ပါ။ ပိခ်ျဟာ မိဘတွေနဲ့အဆင်မပြေဖြစ် အိမ်ကဆင်းပြီးနောက်ပိုင်း လီယိုနဲ့ တွေ့ဆုံခဲ့တာပါ။ အဲနောက်မှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အရူးအမူးချစ်ကြိုက်သွားခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ သူငယ်ချင်းအသိသက်သေတွေရှေ့မှာပဲ အကျဉ်းရုံးပြီးလက်ထပ်ဖြစ်ခဲ့ကြပါတယ်။ စိတ်ကြည်နူးစရာအခိုက်အတန့်တွေပါပဲ။ တစ်ဦးနဲ့တစ်ဦး မျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်ခဲ့ကြပြီး ပျော်ရွှင်စရာ ချစ်သူ ၂ ဦးရဲ့ကမ္ဘာထဲကို ကံကြမ္မာမုန်တိုင်းတွေရောက်ရှိလာမယ်လို့ ဘယ်သူမှထင်မှတ်ထားခဲ့မှာမဟုတ်ပါဘူး။


တစ်နေ့မှာ ပိခ်ျဟာ အက်ဆီးဒင့်တစ်ခုကြောင့် သတိလစ်မေ့မြောသွားခဲ့ပါတယ်။ လီယိုကဆေးရုံကိုလိုက်ပို့ပြီးတော့ သတိပြန်ရလာတဲ့အခါ ပိခ်ျဟာ လီယိုကိုလုံးဝမမှတ်မိတော့တာပါ။ လီယိုဟာအချစ်ရဆုံးချစ်သူခင်ပွန်းဘဝကနေ တစ်ခါမှမမြင်တွေ့ဖူးတဲ့ သူစိမ်းဘဝသို့ရောက်ရှိသွားပါတော့တယ်။ အဲဒီနောက်မှာတော့ ပိခ်ျရဲ့မိဘတွေပါရောက်ရှိလာပါတယ်။ လီယိုဟာ သူတို့နေထိုင်တဲ့အိမ်ကိုပြန်ရောက်ရင် ပိခ်ျမှတ်ဉာဏ်တွေ ပြန်ရလာမလားဆိုပြီး အိမ်ကို ကြိုးစားခေါ်ဆောင်လာခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါ လီယိုဟာ ပိခ်ျကိုအရင်က အတူရိုက်ခဲ့ဖူးတဲ့ ဓာတ်ပုံတွေပြရင်း၊ ပိခ်ျအလုပ်လုပ်ခဲ့တဲ့ပန်းပုရုံကိုလိုက်ပို့ရင်း မှတ်ဉာဏ်တွေပြန်ရလာစေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လဲ ပိခ်ျဟာ လီယိုနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်အားလုံးပျောက်ဆုံးနေပြီးတော့ ဒီအခိုက်အတန့်လေးမှာ တကယ့်ကို ဝမ်းနည်းမျက်ရည်ကျမိခဲ့ရပါတယ်။ 


လီယိုဟာ လက်မလျှော့ခဲ့ပါဘူး။ နောက်တော့ပိခ်ျဟာ မိဘတွေနေတဲ့အိမ်ကိုပြန်သွားခဲ့ပါတယ်။ အဲဒီနောက် ပိခ်ျဟာ သူမချစ်သူဟောင်း ဂျဲရမီနဲ့ပြန်တွေ့ခဲ့ပါတယ်။ ပိခ်ျအဖေဟာ သူမကို လီယိုဆီပြန်မသွားစေဖို့ ပိခ်ျတက်ချင်ခဲ့တဲ့ ဥပဒေကျောင်းဝင်ခွင့်ရအောင်လုပ်ပေးခဲ့ပြီး လီယိုနဲ့ဝေးကွာစေဖို့ကြိုးစားခဲ့ပါတယ်။ ပိခ်ျဟာ ဂျရမီနဲ့ အတော်လေးပြန်အဆင်ပြေခဲ့ပြီး လီယိုအဖို့ အတော်လေးဗျာများခဲ့ရတာပါ။ လီယိုရဲ့ studio ဟာလဲ အတော်လေးရုန်းကန်ခဲ့ရပြီး ပိခ်ျရဲ့ဖခင်ဟာ လီယို့ကို ပိုက်ဆံပေးပြီးတော့ ပိခ်ျရဲ့အဝေးမှာနေဖို့ တိုက်တွန်းခဲ့ပါတယ်။ လီယိုဟာ အတော်လေးကိုစိတ်ဓာတ်ကျခဲ့ရပြီး သူ့ဘဝအတွက်အခက်ခဲဆုံးအချိန်တွေဖြစ်ခဲ့မှာပါ။ ချစ်ရသူနှစ်ဦးကိုပြန်လည်ပေါင်းဖက်စေချင်တဲ့ ကျွန်တော်ဟာ ဒီအပိုင်းတွေမှာ ဖြေမဆည်နိုင်အောင်ဖြစ်နေရပါတယ်။ 

နောက်တော့ပိခ်ျဟာ သူအရင်က အိမ်နဲ့အဆင်မပြေဖြစ်ပြီး ထွက်ခွာခဲ့တယ်ဆိုတာကို ပြန်လည်နားလည်တွေ့ရှိခဲ့ပါတယ်။ လီယိုနဲ့လက်ထပ်ခဲ့စဉ်က မှတ်တမ်း video တွေ ဓာတ်ပုံတွေပြန်ကြည့်ရင်း ပိခ်ျဟာ လီယို့ကို ယုံကြည်လာခဲ့ပါတယ်။ 

""" ငါမင်းကိုချစ်နေမယ်လို့ ကတိပြုပါတယ် ၊ ငါတို့နှစ်ယောက်ကို ကွဲကွာစေမဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ ငါတို့ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက်ပြန်လိုက်ရှာကြမယ် ၊ တစ်သက်မှာတခါသာဖြစ်တဲ့ ဒီအချစ်ကို ဘယ်တော့မှမေ့မသွားပါဘူးလို့ ကတိပေးပါတယ် "" ဒါလေးကတော့ လက်ထပ်ပွဲမှာ လီယိုဟာ ပိခ်ျကိုပြောခဲ့တာပါ။ ရင်ထဲနင့်ကနဲပါပဲ။


 နောက်ဆုံးမှာတော့ ပိခ်ျဟာ ချစ်သူဟောင်း ဂျရမီကို စွန့်ခွာပြီး လီယိုဆီကို ပြန်လာခဲ့ပါတော့တယ်။ လီယိုရဲ့မှတ်မှတ်ရရပြောစကားလေးကတော့ "ကျွန်တော်တို့ဟာ အရင်က အရမ်းကြိုက်ခဲ့ရတဲ့ စာအုပ်ကို တစ်ဖန်ပြန်လည်ဖတ်လိုတဲ့အခါ ယခင်ဖတ်ခဲ့တာကို လုံးဝမေ့ပစ်ပြီး ဖတ်ရတာက အရမ်းကောင်းပါတယ်" လို့ဖြစ်ပါတယ်။ ခုလဲ ချစ်သူနှစ်ဦးဟာ အသစ်အသစ်သော ချစ်ခြင်းတွေနဲ့ပျော်စရာနေ့ရက်တွေအတွက် အသင့်ဖြစ်လို့နေခဲ့ပါတယ်။ 


ဒီဇာတ်ကားလေးဟာ ကိုယ်တကယ်ချစ်ရတဲ့သူကို ဘယ်လောက်အခက်အခဲတွေရှိရှိ မစွန့်လွှတ်ပဲ သူ့အတွက် အမြဲရှိနေဖို့ ကျွန်တော်တို့အားလုံးကိုပြောပြခဲ့ပါတယ်။ ခက်ခဲတဲ့ကာလတွေရှိနိုင်ပေမဲ့လဲ အချစ်တွေနဲ့ ကျော်လွှားနိုင်ကြမှာပါ။

အားလုံးပဲ ကိုယ်တစ်ကယ်ချစ်ရတဲ့သူနဲ့ ပျော်ရွှင်နိုင်ကြပါစေ။ ။


ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုပေါ်မှာအခြေခံရိုက်ကူးထားတာဖြစ်ပြီး သူတို့ ၂ ဦးဟာ သား သမီး ၂ ယောက်နဲ့အတူနေထိုင်လျက်ရှိပါတယ်။


" ငါ မင်းကိုအဆုံးရှုံးမခံနိုင်ဘူး ၊ ဘာလို့လဲဆိုတော့ မင်းကို အဆုံးရှုံးခံလိုက်ရရင် ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ၊ ငါ့ရဲ့အချစ်ရဆုံးသူ ၊ ငါ့ရဲ့ အရယ်အပြုံး ၊ ငါ့မှာရှိသမျှအရာအားလုံးကို ဆုံရှုံးလိုက်ရမှာမို့ပဲ "


“မင်းသူ့ကိုကြည့်တဲ့အကြည့်တွေကို ကိုယ်သိပါတယ်

ဘာလို့လဲဆိုတော့ ကိုယ့်ကိုလည်းမင်း အဲဒီလိုလေးကြည့်ခဲ့ဖူးတယ်လေ” 


" ကို မင်းကို ပျော်စေချင်တာပါ ၊ ဒါပါပဲ "


The Vow (2012)




 

Comments