သဘာဝလွန် ရုပ်ရှင် ဇာတ်လမ်းတွေ စုန်းကဝေ ပုံပြင်တွေ နှစ်သက်သူတွေအတွက် Salemဆိုတဲ့ မြို့လေးဟာ မစိမ်းလောက်ဘူးလို့ထင်ပါတယ်။ဟုတ်ပါတယ်။ Salemမြို့လေးဟာ စုန်းကဝေဇာတ်လမ်းတွေနဲ့ နာမည်ကြီးတဲ့မြို့လေးဖြစ်ပြီး Massachusetts ပြည်နယ်မှာ တည်ရှိပါတယ်။ halloween လဖြစ်တဲ့ October မှာလည်း ဒီမြို့လေးရဲ့ စိတ်လှုပ်ရှားစရာ eventsတွေမှာ ဆင်နွှဲဖို့ ကမ္ဘာအနှံ့အပြားက ခရီးသွားထောင်ပေါင်းများစွာဟာ လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။ ဒီမြို့လေး ဘယ်လိုများ စုန်းကဝေဇာတ်လမ်းတွေနဲ့ ဆက်နွယ်မှု ရှိနေမလဲဆ်ိုတာ ဆက်ဖတ်ကြည့်ရအောင်။
၁၇ရာစုမှာ salem ဆိုတဲ့ နာမည်နဲ့ နေရာနှစ်ခု ရှိခဲ့ပါတယ်။ တစ်ခုက Massachusetts ပင်လယ်အော်မှာ ရှိတဲ့ Salem townနဲ့ နောက်တစ်ခုက အဲ့ဒီအနီးအနားက လယ်ယာလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ လူနည်းစုနေထိုင်ကြတဲ့ salem village (အခုအခါ danvers လို့ ခေါ်တဲ့) ရွာလေးပဲ ဖြစ်ပါတယ်။
၁၆၈၉ ခုနှစ်မှာ salem village ဆီကို samuel parris လို့ ခေါ်တဲ့ သင်းအုပ်ဆရာတစ်ဦးဟာ သူရဲ့ ဇနီးသည်၊ သားသမီးသုံးယောက်၊ တူမဖြစ်သူ၊ အစေခံ၂ယောက်နဲ့အတူ ပြောင်းရွေ့လာခဲ့တာက အစပြုခဲ့ပါတယ်။ အစေခံနှစ်ဦးထဲက တစ်ဦးဖြစ်သူ titubaဟာ parris ရဲ့ ကလေးတွေကို ဗူးဒူးပုံပြင်(voodoo)တွေ ပြောပြလေ့ရှိသူပါ။ ဒီက အစပြုပြီးတော့ parris ရဲ့ သမီးဖြစ်သူ ၉နှစ်အရွယ် betty နဲ့ တူမဖြစ်သူ Abigailတို့ဟာ ရှေ့ဖြစ်ဟောရတာကို အရသာတွေ့လာ စွဲလမ်းလာကြပါတယ်။
နောက်ပိုင်းမှာ betty နဲ့ abigail ဆီမှာ ထူဆန်းတဲ့ အပြုအမူတွေကို တွေ့လာရပါတယ်။ ထူးဆန်းတဲ့ အသံတွေ လုပ်နေတာ၊အကြောင်းအရင်းမရှိ အော်ဟစ်ပြီး ခန္ဓာကိုယ်ကို တွန့်လိမ်ကောက်ကွေးနေတာတွေ၊ ပစ္စည်းတွေ မြင်မြင်ရာလျှောက်ပစ်နေတာ ဒီလိုအပြုအမူမျိုးတွေပါ။ ယခုခေတ်ဆေးသိပ္ပံအမြင်နဲ့ ကြည့်ရင်တော့ ဒီအပြုအမူတွေဟာ ဆေးဘက်ဆိုင်ရာ ရောဂါလက္ခဏာတွေလို့ ယူဆကြပေမယ့် ၁၇ရာစုခေတ်အခါမှာတော့ ဘယ်သူမှ ဒီလိုဆေးဘက်ဆိုင်ရာဖြေရှင်းချက်တွေကို လက်ခံယုံကြည်ခြင်း မရှိကြပါဘူး။
တဖြည်းဖြည်းနဲ့ ဒီထူးဆန်းတဲ့အပြုအမူတွေဟာ အနီးအနားက ကလေးတွေနဲ့ မိန်းမငယ်တွေဆီပါ ကူးစက်လို့လာပါတယ်။ Salem village ရဲ့ ဒေသခံဆရာဝန်ဖြစ်သူကလည်း ဒီလက္ခဏာတွေဟာ သူ မကုနိုင်တဲ့ သဘာဝလွန်ကိစ္စရပ်တွေကြောင့်လို့ ပြောလိုက်တဲ့အခါမှာတော့ လူထုရဲ့ အကြောက်တရားဟာ ပိုလို့ ကြီးမားလို့လာပါပြီ။
အဲ့ဒီအချိန်မှာပဲ parris ရဲ့ အစေခံတစ်ဦးဖြစ်တဲ့ tituba ဟာ အိမ်နီးချင်းတစ်ယောက်ရဲ့အကြံပေးသလို ထူးဆန်းတဲ့ အပြုအမူလက္ခဏာတွေ ခံစားနေရတဲ့ သူတွေရဲ့ ကျင်ငယ်ရေ နဲ့ လုပ်ထားတဲ့ ကိတ်မုန့်တစ်လုံးကို ဖုတ်ပြီး ဒီလိုအပြုအမူတွေ ဖြစ်အောင် ဖန်တီးတဲ့ တရားခံကို ရှာဖို့ ကြိုးစားပါတော့တယ်။ တရားခံကို ရှာတွေ့သလားဆိုတော့ မတွေ့ခဲ့ပါဘူး။ ဒါ့အပြင် parris ဟာ ဒီကိတ်မုန့်ဖုတ်တဲ့ ကိစ္စကို သိသွားပြီး ဒီလုပ်ရပ်ဟာ ဘုရားသခင်နဲ့ မြင့်မြတ်တဲ့အရာတွေကို စော်ကားတဲ့ လုပ်ရပ်ဆိုပြီး ယမ်းပုံမီးကျ ဖြစ်သွားပါတယ်။
ဒီလိုနဲ့ parris ရဲ့ ဖိအားပေးမှုကြောင့် betty နဲ့ abigail ဟာ သူတို့ကို ပြုစားသူဟာ tituba အပါအဝင် လူ့အသိုင်းအဝိုင်းက ဖယ်ကြဥ်ထားတဲ့ sarah goodနဲ့ sarah osborn ပါလို့ စွပ်စွဲလိုက်ပါတယ်။ ဒီအမှုကိစ္စတွေကို စစ်ဆေးဖို့ salem town က ရာဇဝတ်တရားသူကြီး ၂ ဦး က salem villageဆီ လာပြီး စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ 1692ခုနှစ်မှာ ' salem witch trial' ( salem စုန်းကဝေ စစ်ဆေးစီရင်ခြင်း) အစပြုခဲ့ပါတယ်။
အစပိုင်းမှာတော့ စွပ်စွဲခံရတဲ့ သုံးဦးလုံးဟာ အပြစ်မရှိဘူးလို့ ငြင်းဆိုကြပါတယ်။ နောက်ပိုင်းမှာတော့ tituba ဟာ သူဆီ မကောင်းဆိုးရွား (demon) ဟာ လာလည်ပတ်ကြောင်း၊ သူဟာ demonနဲ့ ကတိတစ်ခု လုပ်ထားကြောင်း၊ ကတိအတွက် လက်မှတ်ထိုးတဲ့ devil's book ထဲမှာလည်း sarah good၊ sarah osbornရဲ့ နာမည်နဲ့အတူ တခြားသူတွေရဲ့ နာမည်ပါတွေ့ကြောင်း ဝန်ခံလိုက်တဲ့အခါမှာတော့ လူထုရဲ့ အကြောက်တရားဟာ အဆုံးစွန်ကို ရောက်ရှိလို့ သွားပါတော့တယ်။
အကြောက်တရားဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကူးစက်တတ်သလို အကြောက်တရားရှိနေတဲ့သူချင်း ပေါင်းစုမိတဲ့အခါ ရူးသွပ်ခြောက်ခြားတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ Salem town နဲ့ Salem village အပြင် အနီးအနား မြို့ပေါင်းများစွာက လူ၂၀၀နီးပါးကို စုန်းကဝေအတတ်သုံးတယ်ဆိုပြီး စွပ်စွဲခဲ့ကြသလို လူ ၁၉ယောက်ဟာ စုန်းလို့ သတ်မှတ်ခံရပြီး ကြိုးပေးကွပ်မျက်ခံခဲ့ရပါတယ်။ နောက်ပိုင်း ၁၉၆၃ခုနှစ် နှစ်လယ်ပိုင်းမှာတော့ salem villageရဲ့ စုန်းဟုတ်မဟုတ် တရားစီရင်စစ်ဆေးမှု (salem witch trial) ကို လူစိတ်ဝင်စားမှုလျော့လာသလို တချို့ကလည်း ဒီစစ်ဆေးမှုကို ဆန့်ကျင်တာတွေ ရှိလာပါတယ်။
အဆုံးသတ်မှာတော့ ဒီစီရင်မှုတွေဟာ အမှားတစ်ခုလို့ ဝန်ခံခဲ့ကြပြီး စုန်းလို့ စွပ်စွဲခံရသူတွေကို စီရင်ချက်ချထားတာတွေ ပယ်ဖျက်ခဲ့သလို စီရင်ခံခဲ့ရတဲ့ နစ်နာသူမိသားစုတွေကိုလည်း လျော်ကြေးငွေတွေ ပေးအပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဒီsalem witch trial အတွင်း ဆုံးပါးခဲ့ရတဲ့သူ နစ်နာသူတွေအတွက် အထိမ်းအမှတ်ပွဲတွေ ကျင်းပနေဆဲဖြစ်သလို အထိမ်းအမှတ်ပန်းခြံတွေကိုလည်း Salem townနဲ့ danvers (ယခင်က salem village) မှာ တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအဖြစ်အပျက်ကြီးရဲ့ ခါးသီးမှုဟာ Salemမှာ စွဲကျန်ရစ်နေမှာဖြစ်သလို Salem witch trial ရဲ့ နာကျင်စရာကောင်းတဲ့ အမွေအနှစ်ဟာလည်း ရာစုနှစ်များစွာ တည်တံ့နေဦးမှာပါပဲ။
ဒီလိုနာကျင်စရာ အတိတ်နဲ့ Salemမြို့လေးဟာ အခုအခါမှာတော့ ရုပ်ရှင်ဇာတ်လမ်းများစွာမှာလည်း ထည့်သွင်းရိုက်ကူးခံရသလို' witch city' ရယ်လို့လည်း ထင်ရှားတဲ့ မြို့ကလေးပဲ ဖြစ်ပါတယ်။
Done
ReplyDeleteDone
ReplyDelete