Skip to main content

Short Story


    ကျွန်တော်တို့ သူငယ်ချင်းတစ်စု အဲဒီနေ့က ဂျူမှုံကြည့်ဖို့ဆိုပြီး ဘကြီးပွားအိမ်သွားကြတယ်။ဘကြီးအိမ်မှာပဲ TV ကရှိတာလေ။ ဘကြီးကလည်း ကျွန်တော်တို့ကို ချစ်တော့ ညတိုင်း ဂျူမှုံကားကြည့်ရတယ်။ 
ဒီနေ့ ဟိုကောင် ဖိုးဇော် ကို စောင့်ရတာနဲ့ နည်းနည်းတောင်နောက်ကျနေပြီ။ အိမ်ရှေ့ရောက်တော့ ဘကြီးပွားက ဆီးပြောတယ်။" ဒီနေ့ မင်းတို့ဂျူမှုံမလာဘူးဟ"တဲ့။ 
လူတွေကလည်း အိမ်နဲ့ သိပ်တည့်တဲ့ ကောင်တွေလည်း မဟုတ်တော့ အိမ်လည်း မပြန်ချင်၊ ဇာတ်ကားလည်း မကြည့်ရဆိုတော့ ဘာလုပ်ရမလဲ ဘကြီးအိမ်ရှေ့က မီးတိုင်အောက်မှာ ထိုင်စဉ်းစားနေကြတယ်။ 
အဲဒီမှာ တေဇာ ဆိုတဲ့ ကောင်က ထပြောပါလေရော။
"ဟေ့ကောင်တွေ ငါတို့ တူတူပုန်း​တမ်း ကစားရအောင်ကွာ အရင်က နေ့ခင်းဘက်ပဲ ကစားရတာ ခုညဘက် ကစားကြည့်ရအောင်၊ ရှာလို့မတွေ့လောက်ဘူးကွ နော၊ ဘယ်လိုလဲ.."
"အေးမိုက်တယ်ကွ အမှောင်ထဲမှာ ပုန်းရမှာဆိုတော့ ခွေးရူးတော့ သေပြီပဲ။"
​"ငါလည်း ပါမယ်ကွာ.."
"ငါရော ပါမယ်.."
ဒီလိုနဲ့ ကျွန်တော်တို့တွေ တူတူပုန်း​တမ်း ကစားကြတယ်။  ဗြောင်နောင်နောင် ဗေဗေ့ဂျိ နဲ့ ခွေးရူးရွေးကြတာပေါ့။ အဲမှာ သော်တာ ဆိုတဲ့ ခပ်ပိန်ပိန်နဲ့ကောင်က ခွေးရူးကျသွားရော။
သူကမျက်စိမှိတ်ပြီး ၁ ကနေ ၁၀၀ ထိ ရေနေတုန်း ကျွန်တော်တို့က လမ်းဘေးက အပင်တွေအောက် ဝင်ပုန်းကြတာပေါ့။ 
"၁၀၀ပြည့်ပြီဟေ့ .."
ဆိုတဲ့ သော်တာ အသံနဲ့ အတူ ခြေသံတွေက ကျွန်တော်တို့နားမှာ ဝဲနေပါတယ်။ 
"မင်းတို့ကောင်တွေ ဘယ်လောက်ပုန်းနိုင်မှာတုန်းကွာ.."
ခြေသံတွေက ရှုပ်ယှက်ခတ်နေတုန်းပဲ။
ခဏနေတော့ ပြေးသွားတဲ့ ခြေသံ တစ်ခုကြားရတယ်။ ချက်ချင်းပဲ လူတွေ့ရင် တီးတဲ့ တုန်းချောင်းသံ တုတ်တုတ်တုတ်နဲ့ အတူ 
"မာလကာပင်ပေါ်မှာ ဖိုးဇော် တစ်နှစ်သုံး"
မာလကာပင်ပေါ်က ဖိုးဇော်တစ်ယောက် ခပ်မဲ့မဲ့နဲ့ ဆင်းလာပါလေရော။
"ဟေ့ကောင်တွေ သေချာပုန်းနော်.."
ဖိုးဇော်က လှမ်းအော်ပြီး ဘကြီးပွားအိမ်ရှေ့မှာ သွားထိုင်နေတယ်။
ခဏနေတော့ ကျွန်တော့်ကို တွေ့ရော။
ဒီတော့ ကျွန်တော်တို့ ပုန်းတဲ့လူသုံးယောက်မှာ ကျွန်တော်နဲ့ ဖိုးဇော်နဲ့ နှစ်ယောက်က မိသွားတော့ တေဇာ တယောက်ပဲ ကျန်တော့တယ်။
"တေဇာရေ လုံအောင်ပုန်းဟ.."
ကျွန်တော်တို့ နှစ်ယောက်က လှမ်းအော်တယ်။
သော်တာက မျက်စောင်းထိုးလို့။
သော်တာတစ်ယောက် လမ်းမြောင်ကို ဟိုထိပ်ပတ်ရှာ ဒီထိပ်ပတ်ရှာနဲ့ သုံးလေးခေါက်လောက်လည်း ကြာနေပြီ။ တေဇာ့ကို မတွေ့သေးဘူး။ တေဇာပုန်းတဲ့ နေရာ သိတဲ့ ဖိုးဇော်က ပြုံးစိပြုံးစိနဲ့။
သော်တာ့ခမျာ လမ်းဘေးက သစ်ပင်တွေပေါ် မော့်ကြည့်လိုက်၊ ဟိုဘက်ထိပ် ဒီဘက်ထိပ် ပြေးရှာလိုက်နဲ့ အတော်မောလာပြီ။
အစက ခွေးရူးလုပ်ရမှာကြောက်လို့ မပြောဘဲ နေတဲ့ ဖိုးဇော်လည်း သော်တာ့ကို သနားလာတယ်ထင်ပါတယ်။ 
"ဟေ့ကောင် တေဇာ လာထွက်ခဲ့ ငါခွေးရူးလုပ်တော့မယ်..ထွက်ခဲ့.."
​ဒါလည်း တေဇာက ထွက်မလာဘူး။
ဒါနဲ့ ဖိုးဇော်တစ်ယောက် ဘကြီးပွား အိမ်မျက်စောင်းထိုးရှေ့က ဖျောက်ဆိပ်ပင်ကြီးဆီ တန်းသွားပြီး ဖျောက်ဆိပ်ပင်နောက်မှာ သေချာပေါက်ရှိဟန်နဲ့ လက်လှမ်းဆွဲလိုက်တယ်။
"ဟေ့ကောင်တေဇာ ထွက်ခဲ့ပါဆို.."
ကျွန်တော်တို့ နှစ်ယောက်က သူ့လက်ကို ထူးထူးဆန်းဆန်းကြည့်နေမိတယ်။ ကျွန်တော်တို့အကြည့်ကို တွေ့ပြီး ဖိုးဇော် သူ့လက်ကို ပြန်ကြည့်လိုက်တော့။ 
ဘာမှပါမလာတာ တွေ့ပြီး အတော်ကို အံ့ဩသွားတယ်။ 
"ဟေ့ကောင် ဖိုးဇော် သေချာရဲ့လား တေဇာက ဒီမှာ ပုန်းတယ်ဆိုတာ.."
"သေချာပါတယ်ဟ ငါမာလကာပင်ပေါ်က လှမ်းကြည့်နေတာ အဲ့ကောင်ဒီဖျောက်ဆိပ်ပင်နောက်မှာ ပုန်းနေတာ ငါမိသွားတော့လည်း ဖျောက်ဆိပ်ပင်ကြည့်နေတာပဲ ဒီကောင် ထွက်လာတာ မတွေ့ပါဘူးဟ"
သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဖျောက်ဆိပ်ပင်နောက် ဝင်ရှာကြတယ်။ 
တကယ်လည်း ဖျောက်ဆိပ်ပင်နောက်မှာ ဘယ်သူမှ မရှိဘူး။တေဇာ့ရဲ့ အစအနတောင်မရှိဘူး။ အမှိုက်လှဲထားတဲ့အတိုင်းပြောင်လို့။
ဒါနဲ့ သုံးယောက်သား လမ်းမြောင်တစ်လျှောက် ပတ်ရှာကြတာပေါ့။ 
"ဒီကောင် ငါမသိခင် ဘယ်များ ပြေးပုန်းနေပါလိမ့်.."
လေးငါးခါလောက် ပတ်ရှာလည်း မတွေ့။ လမ်းဘေးက သစ်ပင်ပေါ်တွေ သုံးယောက်သား တစ်ယောက်ပြီး တစ်ယောက်တက်ရှာလည်းမရှိ။ 
"ဟာ ဒါနဲ့ တေဇာ သူ့အိမ်များ ပြန်သွားသလား မသိတာကွ ဖိုးဇော်ရ.."
သော်တာ အကြံရတာနဲ့ တေဇာ့အိမ်ကို တက်ညီလက်ညီ ဦးတည်သွားမိကြတယ်။ 
တေဇာတို့အိမ်တံခါးကြီက သော့ခတ်ထားတယ်။ "ဒီကောင် ငါတို့ကို ပတ်ပြေးပြီး အိမ်မှာ နှပ်နေတာ ဖြစ်မှာ တွေ့ကြသေးတာပေါ့ကွာ.."
"တေဇာရေ တေဇာ..ဟေ့ကောင်တေဇာ.."
အိမ်ထဲက ခြေသံကြားရပြီး တေဇာ့အမေထွက်လာတယ်။
"တေဇာ ပြန်မလာသေးဘူးလေ မင်းတို့နဲ့ အတူတူ သွားတာမဟုတ်ဘူးလား.."
"ဟုတ်တယ် ဒေါ်လေး ဒါပေမယ့် သူ့ကို ရှာမတွေ့လို့ အိမ်ပြန်သွားတယ် ထင်လို့ ဒေါ်လေး.."
"ဟင် ဘယ်လိုပျောက်သွားရတာလဲ ..ပြောစမ်းပြောစမ်း.."
ဒေါ်လေးက စိတ်လည်းတိုလာသလို စိုးရိမ်လာပုံပေါ်တယ်။ 
"ဒီလိုဒေါ်လေး ဒီနေ့ ဂျူမှုံမလာလို့ ကျွန်တော်တို့ တွေ တူတူပုန်းတမ်း ကစားတာ အဲ့မှာ တူတူပုန်းကြရင်း တေဇာကို ရှာမတွေ့တာပဲ.."
"ဟုတ်တယ် ဒေါ်လေး သူပုန်းတဲ့ နေရာမှာလည်း မရှိတော့ဘူး..ဒေါ်လေး.."
"ဟင် မင်းတို့ဟာကွယ်.."
ဒေါ်လေးက တေဇာ့အဖေ ကိုခေါ်ပြီး လမ်းမြောင်မှာ ထပ်ရှာကြတယ်။ ဒီတိုင်းရှာတာ မတွေ့တော့ ကျွန်တော်တို့လည်း တေဇာနာမည်ကို အော်ပြီး ရှာကြတယ်။
ဒီတော့ လမ်းထဲက လူတွေလည်း ထွက်လာကြပြီး မေးရော။ ဘကြီးပွားလည်း ထွက်လာတယ်။ 
"ဘကြီး တေဇာ လာသေးလား ဘကြီး.."
"ဟေ မင်းတို့အတူတူပြန်သွားကြတာ မဟုတ်ဘူးလား.."
ဒီလိုနဲ့ လမ်းထဲက လူတွေလည်း ထပ်ရှာကြပြန်ရော။ ဒါလည်း တေဇာ့ကို မတွေ့ဘူး။ 
ဒါနဲ့ ကျွန်တော့်အဘွားက အိမ်ထဲက ထွက်လာပြီး တေဇာ့ အမေ့ကို ပြောတယ်။ 
"ဟဲ့ မိသေး ညည်းလမ်းထိပ်က နတ်ကတော် ဒေါ်နိုင်မော် ကို သွားမေးကြည့်စမ်း..ခုချိန်ကြီးပျောက်သွားတာ ဆိုတော့ တစ်ခုခုပဲအေ.."
"ဟာ ဘွားယုံကလည်း ဒါတွေက အပြင်လောကမှာ တကယ်မရှိပါဘူး.."
"လာ ကိုဟန် ရဲစခန်းပဲ လူပျောက်သွားတိုင်ရအောင်.."
"လာလာ သူတို့ဘာသာ ယုံတာမယုံတာ အသာထား ..ငါတို့က ဒေါ်နိုင်မော်ဆီတော့ သွားမေးကြည့်ရမှာပဲ.."
ကျွန်တော်တို့ကတော့ အဖွားနောက်ပဲ လိုက်လာကြတယ်။ ဒေါ်နိုင်မော် အိမ်ရှေ့လည်း ရောက်ရော အိမ်ထဲကနေ ကြမ်းခင်းကြီးကို ခပ်ကြမ်းကြမ်းပုတ်သံ ကြားလိုက်ရတယ်။ 
"ဟေ့ စနေသား တေဇာ ဆိုတဲ့ ကောင်လေး ငါ့သစ်ပင်အောက်မှာ ညကြီးမင်းကြီး အညစ်အကြေးစွန့်လို့ ငါဖွက်ထားတာ ဟေ့.."
"တောင်းပန်ပါတယ် ရှင် . မသိမိုးလင်း မသိမိုးချုပ် ကလေးမို့ ဗွေယူတော် မမူပါနဲ့တော်.."
"ကန်တော့ပွဲတစ်ပွဲ လက်ဖက်တစ်ရိုး ကွမ်းတစ်ယာနဲ့ အပင်ခြေမှာ လာတောင်းပန်ပါ့မယ် ရှင်..ခွင့်လွှတ်တော် မူပါ .."
"အေး ဒီလိုဆိုရင်တော့ မနက်ကျ ပြန်လွှတ်လိုက်ပါမယ်.."
​နတ်ကတော် ဒေါ်နိုင်မော်တယောက် တစ်ကိုယ်လုံး တဆက်ဆက်တုန်နေတာတွေ ချက်ချင်းရပ်သွား၏။ 
"ကဲ ဒေါ်နိုင်မော်ရေ ကန်တော့ပွဲနဲ့ တောင်းပန်ပေးပါဦးတော့် .."
"အင်းပါ ဖွားယုံရဲ့.."
အုန်းသီးတစ်လုံးနဲ့ ငှက်ပျောဖီးတွေ ညကြီးလိုက်ရှာကြရတယ်။ တောင်ဘက်လမ်း ကုန်စုံဆိုင်က ဦးမှတ်ကြီးလည်း သူ့ဆိုင်ထဲက လက်ဖက်တစ်ထုပ် ယူလာတယ်။ ဘကြီးပွားက သူ့ကွမ်းအစ်ကြီးပိုက်ပြီး ဖျောက်ဆိပ်ပင်အောက် ကုပ်ကုပ် ကုပ်ကုပ်နဲ့ ဝင်လာတယ်။ 
​ကန်တော့ပွဲပစ္စည်းလည်း စုံသွားရော ဒေါ်နိုင်မော်က တစ်စီတတန်းကြီး ပြောလို့ တောင်းပန်ပါလေရော။
ဘေးနားက လူတွေကလည်း ဒေါ်နိုင်မော့်ကိုပဲ ဝိုင်းကြည့်နေကြတယ်။ချောင်းဟန့်သံတောင် မကြားရ။ လမ်းမြောင်လေးထဲမှာ ဒေါ်နိုင်မော့်အသံသာ ကြီးစိုးနေ၏။
နာရီဝက်လောက် တောင်းပန်ပြီးတော့ တေဇာ့အဖေတို့လည်း ရဲစခန်းက ပြန်လာကြရော။ 
"မနက်ကျမှထပ်ရှာကြရအောင်..၊ ခုက သန်းခေါင်တောင်ရောက်တော့မယ် ပြန်အိပ်ကြ ပြန်အိပ်ကြ.."
ကျွန်တော်တို့ကတော့ ကိုယ့်ကြောင့်ဖြစ်တာဆိုတော့ လူကြီးတွေ ဆူခံရမှာလည်းကြောက်၊ သူငယ်ချင်းတေဇာ့အတွက်လည်း စိုးရိမ်နဲ့ ၊ ခပ်မှိုင်မှိုင်ကြီးတွေပေါ့။ 
တေဇာ့အမေတို့ ကျွန်တော့်အမေတို့ အဖွားတို့ မိန်းမအုပ်စုကတော့ နတ်ကတော်ဒေါ်နိုင်မော်ကို ဝင်ပူးပြီး ပြောတဲ့စကားတွေကြောင့် နည်းနည်းစိတ်သက်သာရာ ရသွားတယ်ထင်ပါတယ်။ 
အဖေတွေ အုပ်စုကတော့ မနက်ကျ ပိုရှာရအောင် အားတင်းနေကြဟန် တူပါတယ်။ 
ဒီလိုနဲ့ ကိုယ့်အိမ်ကို ပြန်လိုက်ကြရတယ်။
မနက်ကျ အစောကြီးနိုးနေပါတယ်။ ဒါနဲ့ ဟိုကောင်ဖိုးဇော်တို့ သော်တာတို့ လာခေါ်တာကို မစောင့်နိုင်ဘဲ တေဇာ့အိမ်ကို ဇွတ်ပြေးသွားမိတယ်။
​အိမ်ထဲလည်း ဝင်လိုက်ရော ကိုယ့်မျက်စိကိုယ်မယုံနိုင်ပါဘူး။ မျက်လုံးကို လက်နဲ့ ထပ်ပွတ်ပြီး ပြန်ကြည့်တော့လည်း တေဇာပဲ အိမ်ရှေ့​က ဒန်းပေါ်မှာ ထိုင်လို့။ အိပ်မက်များလားလို့ ကိုယ့်ပေါင်ကို ထိုးကြည့်ပါသေးတယ်။ အား တကယ်နာတယ်ဟ။ 
"ဟေ့ကောင် မင်း တေဇာတော့ ဟုတ်ပါတယ်နော်.."
"အေး ဟုတ်ပါတယ်ဟ မင်းသူငယ်ချင်း တေဇာ အစစ်ပါ.."
"ဒါနဲ့ မင်းညက ဘယ် တွေလျှောက်သွားနေတာလဲ..ငါတို့ရော မင်းအဖေနဲ့ အမေရော လိုက်ရှာတာ နှံ့လို့ .."
"ငါ ဖျောက်ဆိပ်ပင်နောက်မှာပဲကွ.."
"ဟင်.."
"အေး ဟိုကောင် ဖိုးဇော် မာလကာပင်ပေါ်တက်ပုန်းကတည်းက ငါဖျောက်ဆိပ်ပင်နောက်မှာ ပုန်းနေတာ အဲ့ကောင်မိသွားတော့လည်း ဖျောက်ဆိပ်ပင်နောက်မှာပဲ ၊ ခဏကြာတော့ ငါ သေးပေါက်ချင်လာရော ဟိုကောင် သော်တာ မိသွားမှာလည်း ဆိုးတာနဲ့ ဖျောက်ဆိပ်ပင်မှာပဲ ပေါက်ချလိုက်တယ်။ ပြီးတော့ ဟိုကောင်သော်တာ လာရှာရော ငါကတော့ မိသွားပြီလို့ ထင်နေတာ ဒီကောင် ဟိုဘက်ထိပ် ပြန်ပြေးသွားပြန်ရော၊ ငါ့နားကို လေးခါလောက် လာရှာတယ် ဒီကောင် ဒါပေမယ့် ငါ့ကိုလည်း မတွေ့သွားဘူးကွ။ ပြီးတော့ မင်းတို့ကောင်တွေက ထွက်ခဲ့တော့လို့ အတူလာရှာတော့လည်း ငါ့ကို မမြင်ကြဘူး။ အဲဒါနဲ့  ငါမင်းတို့နောက် ပြေးလိုက်တာ ဖျောက်ဆိပ်ပင်နဲ့ ငါးတောင်လောက်အကွာကျ တစ်ခုခုနဲ့ တိုက်မိပြီး ပစ်လဲသွားရော။ ငါလည်း ပြန်ထပြီး ထပ်ထွက်တော့လည်း အဲ့နားရောက်တော့ တိုက်မိပြီး ထပ်ပစ်လဲပြန်ရော။ ဘယ်လိုမှ ထွက်မရဘူး။ ပြီးတော့ မင်းတို့ ငါ့အမေတွေ အဖေတွေနဲ့ ပြန်လာတာလည်း ငါသိတယ်။ ငါဒီနားမှာ ရှိတယ်လို့ ငါလှမ်းအော်တယ် မင်းတို့ မကြားကြဘူး။ ပြီးတော့ လမ်းထဲက လူတွေထွက်လာတာလည်း တွေ့တယ်။ ခဏကြာတော့ ဒေါ်နိုင်မော်ကြီးနဲ့ အတူ မင်းတို့ ကန်တော့ပွဲတွေနဲ့ ရောက်လာတယ်။ တောင်းပန်တာတွေရော ၊ပြီးတော့ မင်းတို့ ပြန်သွားကြတော့ ငါလည်း တစ်ယောက်တည်း ကြောက်နေတာပေါ့။ ကြောက်ကကြောက်သေး ဗိုက်ကဆာသေးကွာ ၊ဒါနဲ့ ကန်တော့ပွဲထဲက ဝါနေတဲ့ ငှက်ပျောသီးနှစ်လုံးလောက် ဖြုတ်စားပြီး ဗိုက်လည်းတင်းသွားတော့ ဖျောက်ဆိပ်ပင်ကို မှီရင်း အိပ်ပျော်သွားရော၊ မနက် ၄နာရီလောက်ကြတော့ ငါ့ကို လူတစ်ယောက်လာနိုးတာကွ .."ကောင်လေး ထထ အိမ်ပြန်တော့.."တဲ့ အဲ့လို နှိုးတာနဲ့ ထကြည့်လိုက်တော့ ဘယ်သူမှ မရှိဘူး။ ဖျောက်ဆိပ်ပင် အကျော်မှာ ညကလို တစ်ခုခုနဲ့ မတိုက်မိတော့ဘူး၊ အဲဒါနဲ့ အိမ်ပြန်လာခဲ့တာပဲ..."
"ထူးဆန်းပါပေ့ ဆျာတွတ်ရယ်.."

Comments

Post a Comment