Skip to main content

Story

 


မခင်ဆွေ တစ်ယောက် သူ့ထရံကာအိမ်လေးထဲကနေ တိုင်ထောင်ပြီး သွပ်မိုးထားတဲ့ ပေသုံးဆယ် ပတ်လည် မတ်မိုးလေးကို ကြည်နူးစွာကြည့်နေတယ်။ ကြည်နူးရမှာပေါ့ ဒီဟာလေးဆောက်ဖို့ကို သူ့မှာ ဘယ်လောက်ကြိုးစားရလဲ။ဆယ်နှစ်ရှင့် ဆယ်နှစ် ။ ဒါတောင် အပျိုကြီးလည်းဖြစ် ချွေချွေတာတာလည်း သုံးတတ်လို့ရယ်။ အမရဲ့ သမီး တူမလေးတစ်ယောက်တော့ အတူနေတာ ရှိပါရဲ့။အစ်မက လွန်ခဲ့တဲ့ သုံးနှစ်က ဆုံးသွားတော့ တစ်ကောင်ကြွက် ဖြစ်နေတဲ့ တူမလေးကို သနားတာရယ် ပြီးတော့ ကိုယ်လည်း အဖော်ရတာပေါ့ ဆိုပြီး ခေါ်ထားလိုက်တာ။ 

       "လေးလေး ဂျွန်ဆော ကား လာပြီ မြန်မြန်လာ "

       "အေးအေး လာပြီ "

     မခင်ဆွေ တစ်ယောက် သူ့မတ်မိုးအိမ်လေးပေါ်မှ မျက်စိခွာကာ ဂျွန်ဆော ဆီသို့ အပြေးတပိုင်း သွားပါတော့တယ်။ 

      ကြည့်နေရင်း တချက်ချက် သူ့မတ်မိုးခေါင်မိုးပေါ်ကို တခုခုနဲ့ လှမ်းပစ်တဲ့ အသံ သဲ့သဲ့ကြားရတယ်။ ဒီလိုပဲ ဟိုဘက်လမ်းက အမူးသမားသောင်းဌေး လက်သရမ်းတာပဲ ထင်ပြီး ထမကြည့်ဘူး။ ဂျွန်ဆောကားက ကောင်းတာလည်း ပါတာပေါ့။ 

        တူအရီးနှစ်ယောက် ရေကိုထမသောက်နိုင်ပဲ Tv ရှေ့က မခွာကြည့်နေကြပါတယ်။ 

         "ဒုန်း...ဘုတ် ဘုတ် .."

      လက်သီးဆုပ်လောက် အုတ်နီခဲ တလုံး ရှေ့က သွပ်မိုးကို မှန်ပြီး တူအရီး နှစ်ယောက် tv ကြည့်နေတဲ့ ဆီကို လိမ့်ပါတယ်။ 

         "ဟင် လေးလေး ကြည့်ဦး ခဲက အိမ်ထဲထိ ဝင်လာပြီ.."

        "မိန်မသားနှစ်ယောက်ထဲ ရှိတယ်ဆိုပြီး ရမ်းကားတာနေမှာ..ဒါမျိုးမရဘူးဟဲ့...ခင်ဆွေတဲ့ တဆွေထဲ ရှိတယ်..."

         မခင်ဆွေလည်း ဒေါသထွက်လာပြီး အိမ်ရှေ့ကို ပြေးထွက်ခဲ့တယ်။ နောက်က တူမကလည်း ပြေးလိုက်လာ၏။ အိမ်ရှေ့မှာ ဘယ်သူမှ မရှိ။ 

          တူဝရီးနှစ်ယောက် ဟိုကြည့် ဒီကြည့်နဲ့ ကြောင်အအ ဖြစ်နေကြတယ်။ ခဲနဲ့ ပစ်ပြီး တန်းများ ပြေးသလား။ ထင်မိထင်ရာ အမျိုးမျိုးတွေးပြီး အိမ်ထဲသို့ လွယ်လွယ် မဝင်သေး။ 

​ခဏနေမှ တူအရီးနှစ်ယောက် အိမ်ထဲ ပြန်ဝင် ခဲ့တယ်။ ကြည့်နေတဲ့ ဂျွန်ဆော တောင်ဘယ်ရောက်သွားမှန်းမသိတော့။ 

  Tv ရှေ့ ပြန်ဝင်ထိုင်ပြီး ကြောင်အအနဲ့ ဆက်ကြည့်နေမိတယ်။ သူတို့ကြည့်နေတာ ဆယ်မိနစ်တောင် မရှိသေးဘူး။ သူတို့ ဆီကို နောက် ခဲတလုံး ဝင်လာ၏။ 

နှစ်ယောက်သမား ခဲသံ ကြားကြားခြင်း အိမ်ရှေ့ ပြေးထွက်လာ၏။ သူတို့အိမ်ရှေ့ရောက်တော့လည်း ဘယ်သူမှ မရှိ။ ခွေးတောင်မရှိ။

ဘာလုပ်လို့ လုပ်ရမှန်း မသိစွာနဲ့ နှစ်ယောက်သား အိမ်ထဲကို ပြန်ဝင်လာကြတယ်။ ဘယ်သူက ပစ်တာလဲ ဘယ်လိုပစ်ပြီး ဘယ်လိုများ ပြေးသွားသလဲ သူတို့နှစ်ယောက်လုံးပင် တွေးနေမိကြတယ်။ တွေးပေမယ့် အဖြေတော့ ထွက်မလာဘူး။ 

တူဝရီး နှစ်ယောက် tv ရှေ့ ပြန်ဝင်ပြီး ဆက်တွေးနေကြတယ်။ ဘယ်အချိန် ထပ်ပစ်မလဲဆိုပြီး နားစွင့်နေကြတယ်။ 

နားစွင့်နေရင်း နဲ့ပဲ နောက်ခဲတစ်လုံး ထပ်ဝင်လာပြန်တယ်။ အိမ်ရှေ့ အမြန်ပြေးကြည့်တာပဲ ဒီတခါ လည်း ဘာမှ မတွေ့ဘူး။ ဒါနဲ့ မနေနိုင်တော့ဘူး မခင်ဆွေ တယောက် ဘေးအိမ်တွေ မေးမယ်ဆိုပြီး ခြံစည်းရိုးဘက် ထွက်လာတယ်။ 

"ဒုန်း " ခနဲ​ အသံတခုနဲ့ အတူ မတ်မိုး အိမ်ထဲကို ခဲတလုံး ထပ်ကျ လာတယ်။ အိမ်ရှေ့ကြည့်တော့လည်း ဘယ်သူမှ မရှိဘူးရယ်။ ခဲကျတာကလည်း အပေါ်တည့်တည့်က ကျလာသလိုပဲ။ 

ခပ်သွက်သွက်လျှောက်လာပြီး.."ဟေ့ ကိုစိန်သောင်း ဟေ့ ကိုစိန်သောင်း.."

"ဟေ မခင်ဆွေ.."

"ဒီမှာ အိမ်ကို ခဲနဲ့ ပစ်နေလို့.."

"ဟင်"

"ဟုတ်တယ် ခဲနဲ့ ပစ်နေတာ သုံးခါလောက်ရှိပြီ အိမ်ရှေ့ ထွက်ကြည့်တော့လည်း ဘယ်သူမှ မရှိဘူးရယ် ကိုစိန်သောင်းရဲ့.."

"ဟင်း..."

"ဘေးအိမ်တွေကနေ များ ပစ်သလားလို့.."

"အဲ မခင်ဆွေ ကျိန်ပါရစေရဲ့ ကျုပ်မပစ်ပါဘူးဗျာ တကယ်ပါ.."

"ဟုတ်ပါပြီ ကိုစိန်သောင်းရဲ့ တခြားအိမ်တွေကပေါ့. ဒါပေမယ့် ပြောမယ့်သာ ပြောရတာပါ သူတို့နဲ့ ကျွန်မလည်း မတည့်မရှိပါဘူး..အကုန် ခင်ခင်မင်မင်ပါ.."

"အင်း...ဒါဆို ရင်တော့ စောင့်ကြည့်ရမှာပေါ့ ..မခင်ဆွေရဲ့ ကျွန်တော်ပါ စောင့်ကြည့်ပေးမယ်..."

ကိုစိန်သောင်းပါ အိမ်ဘက်ရောက်လာ၏။ တစ်ယောက် တစ်နေရာဆီ စောင့်ကြည့် ကြ၏။ 

.."ဟော ..ဟော ..လေးလေး လေးလေး..."

မိထွေးရဲ့ ထိတ်ထိတ်လန့်လန့် အော်သံကြားတော့ မခင်ဆွေ ရော ကိုစိန်သောင်းရော မိထွေးဘက် ချက်ချင်း လှည့်ကြည့်မိတယ်။

ကျောက်ခဲတလုံး မတ်မိုးအိမ်သွပ်မိုးပေါ်ကို တည့်တည့်ကြီး ကျလာတယ် ပြီး ကျတဲ့နေရာကနေ အောက်ကို တည့်တည့်ကြီးပဲ တန်းကျလာတာ။ ထူးဆန်းတာက သွပ်က ပေါက်မသွားဘူး။

သွပ်လည်းမပေါက်ပဲ ခဲက ဘယ်လို အောက်ကျလာတာလဲ လို့ သုံးယောက်သားလုံး စဉ်းစားနေကြတယ်။ ပြီးတော့ ချက်ချင်းပဲ ကြောက်လည်းကြောက်လာတယ်။

သုံးယောက်သား မတိုင်ပင်ရပဲ တစ်ယောက်အနား တစ်ယောက်ကပ်လာကြတယ်။ 

ချက်ချင်းဆိုသလိုပဲ ခဲတွေ ဆက်တိုက် ပစ်လာတယ်။ ခဲတွေက တစ်လုံးနဲ့ တစ်လုံး လာတဲ့ နေရာ မတူဘူး။ တူတာကတော့ မတ်မိုးအိမ်ဘက်က လာတာပဲ။ ပြီးတော့ ခဲတွေက မခင်ဆွေ ဆီကိုပဲ တည့်တည့် လာကြတာ။ သုံးယောက်ပူးနေတာကို မခင်ဆွေပဲ ခဲတွေက လာမှန်တယ်။ ခဲက လက်သီးဆုပ်ထက် နည်းနည်းပဲ သေးတာရယ်။လာတာကလည်း အရှိန်နဲ့ဆိုတော့ မှန်ရင် အသားတွေညိုမဲပြီး အရိုးတွေ ဘာတွေတောင် ကျိုးရင်ကျိုးသွားမှာ။ ဒါပေမယ့် မခင်ဆွေမှာတော့ ညိုမဲနေမယ့်အစား အရာတောင် မထင်ပါဘူး။ 

အံ့ဩသော မျက်နှာတွေနဲ့ အတူ ကြောက်ရွံ့ထိတ်လန့်ခြင်းတွေပါ အတူ ကိုယ်ထဲသို့ ဝင်လာကြ၏။ 

သုံးယောက်သား ထရံအိမ်ထဲသို့ အမြန်ပဲ ပြေးဝင်ကြ၏။ တဒုန်းဒုန်း အသံတွေကတော့ ထပ်ထွက်လာနေဆဲပါပဲ။ 

ထိုနေ့ ညက သုံးယောက်လုံးပင် ဘုရားစင်အောက်မှ ဘယ်မှ မသွားကြသလို အိပ်လည်းမပျော်ကြပါ။မှတ်မှတ်ရရ အဲဒီနေ့က လကွယ်ညပါ။ 

မနက်လည်း လင်းရော မခင်ဆွေ တယောက် ပိုက်ဆံအိတ်ကို ချိုင်းကြားညှပ်ကာ သုတ်သုတ် သုတ်သုတ်နဲ့ ထွက်သွား၏။ နှစ်နာရီလောက်နေတော့ မကြည်မသာမျက်နှာနဲ့ မခင်ဆွေ ပြန်လာ၏။ 

"မိထွေးရေ ကောင်းကြသေးသလား ဒီအိမ်ဆောက်လို့တဲ့တော်ရေ .."

"ဟင် လေးလေး..."

မခင်ဆွေ အသံကြားတော့ ကိုစိန်သောင်း အိမ်ဘက်ကို ပြေးလာတယ်။ 

"ဘယ်လို တဲ့လဲ မခင်ဆွေ.."

"ဒီ အိမ်ဆောက်လို့ ခိုက်တာတဲ့...အရင် တုန်းက ဒီဝိုင်းပိုင်တဲ့ လူက သိပ်ချမ်းသာတဲ့ ဘိုးကွန်း ဆိုလားပဲ "

"နေပါအုံး မခင်ဆွေရဲ့ ဒီဝိုင်းက ခင်ဗျား ဘိုးဘွားပိုင် မဟုတ်ဘူးလား"

"မဟုတ်ဘူး ကျွန်မ အမေနဲ့ အဖေ အိမ်ထောင်ကျပြီးမှ ဒီဝိုင်းကို ဝယ်ခဲ့တာလို့ အမေက ပြောဖူးတယ် ..သူတို့ပြောင်းလာတုန်းကလဲ ဒီမတ်မိုးအိမ်နေရာက ရေနံဆီ အဝသုတ်ထားတဲ့ အိမ်ပျက်ကြီး တလုံး ရှိဆိုပဲ..ရယ် အဖေက အဲ့ဒါကြီးဘေးမှာ ဒီထရံအိမ်လေးဆောက်ပြီး နေခဲ့တာပေါ့ ကျွန်မငယ်ငယ်ကထိတောင် အဲ့ရေနံအိမ်ပျက်ကြီး ရှိနေသေးတာ ပြီးတော့ ပြိုကျတာနဲ့ အဖေက ကျွန်မတို့ ညီအစ်မ ခိုက်မိမှာစိုးလို့ ဆိုပြီး ဖျက်ချလိုက်တာ..."

"အော် ...ဒီလိုကိုး...ကျုပ်က ဘိုးဘွားပိုင် ထင်နေတာဗျို့ ၊ ဒါနဲ့ ဆက်ပါဦး ဘိုးကွန်း အကြောင်း.."

"အင်း ဒီလို ဘိုးကွန်းက မယ်အုန်းပင် မယ်အုန်းလက် ဆိုတဲ့ ညီအမ နှစ်ယောက်ကို တပြိုင်တည်း အတူယူတာတဲ့ ငွေအားလေးနဲ့ ဆိုတော့ ရသွားတာပေါ့ ကိုစိန်သောင်းရယ် အဲမှာ ညီအမ နှစ်ယောက်ထဲက သူက အကြီးမယ်အုန်းပင်ကို ပိုကြိုက်သတဲ့ ဒီတော့ အငယ်မယ်အုန်းလက်က မ​ကျေနပ်ဘူး။ အဲဒါနဲ့ မယ်အုန်းပင်ကို ထားတဲ့ အိမ်အဆောင်မှာ ဆရာတွေဘာတွေနဲ့ တိုင်ပင်ပြီး အင်းတွေဘာတွေ မြုပ်ဆိုပဲ။ ငွေ၊ငွေ ။ညီအစ်မချင်းတောင် ဒုက္ခပေးတယ် ဒီငွေ ဒီငွေ...မကောင်းပါဘူး အဲဒါကြောင့် ကျွန်မ ယောက်ျားမယူချင်တာ.."

"ယောက်ျားမယူချင်တာ အသာထားစမ်းပါဦး ဒါ ဘယ်သူကပြောတာလဲ မခင်ဆွေရဲ့.."

"ကျွန်မက နတ်ကတော်ဒေါ်နိုင်မော် ဆီ သွားမေးတာပါတော် သူ့အိမ်မှာ ဘွားဟန်ကြီးလည်း ရောက်နေတာ..ဒေါ်နိုင်မော်က မတ်မိုးအောက်မှာ အင်းရှိတယ် လို့ ဟောတာပဲ ပြီးတော့ ပြောတာပဲ အဲဒီအင်းကို ဖြေနိုင်တဲ့သူ ဒီနယ်မှာ မရှိသေးဘူးတဲ့တော် အဲဒီမှာ ဘွားဟန်ကြီးက ဘိုးကွန်းအကြောင်း ပြောပြတာပဲ..."

"အင်းပေါ့ ဒီတညတော့ စောင့်ကြည့် သေးတာပေါ့ မခင်ဆွေရယ်."

"အင်းပေါ့ "

သုံးယောက်သား ညကို စိတ်ဝင်တစား စောင့်နေကြပါတယ်။ မှောင်ပြီ ဆိုတာနဲ့ ဘယ်နားက ခဲတွေ ဝင်လာမလဲလို့ မျက်လုံးတွေဟာ ပြေးလွှားနေပါတယ်။

မကြာပါဘူး ညခုနစ်နာရီ ကျော် ရှစ်နာရီလောက်ကျ ခဲတွေ ကျလာပါတော့တယ်။ မနက်က ကိုစိန်သောင်းပတ်ပြောလို့ ပတ်ဝန်းကျင် အိမ်တွေလည်း သိပြီး ကြပါပြီ။ ခဲသံလည်း ကြားရော အားလုံး ထွက်လာကြတာပေါ့။ မျက်စိရှေ့တင်ပဲရယ် ခဲတလုံးဟာ မနေ့ကလို အိမ်ခေါင်သွပ်ကို မှန်ပြီး သွပ်အောက်ကမြေကြီးပေါ် ကျလာပါတယ်။ သွပ်ကတော့ မပေါက်ပါဘူး။ ထူးဆန်းတာက ဒီနေ့ ခဲကျတာ မနေ့ကလောက် မများတာပါပဲ...။

အားလုံးဟာ ခဲတွေ ထွက်လာမယ့် ဆီကို ကြောက်လန့်စွာ စိတ်ဝင်စားစွာ ကြည့်နေကြပါတယ်။

ထိုအချိန်မှာပဲ မိထွေးတယောက်ဟာ တဆက်ဆက် တုန်လာပါတယ်။ ပါးစပ်ကလည်း ဝူးဝူးဝါးဝါးတွေ ပြောနေပါတော့တယ်။ သူ့ခြေထောက်တွေက မတ်မိုးအိမ်ဆီကို ပြေးတက်သွားပါတယ်။ အိမ်ထဲလည်းရောက်ရော မြေကြီးပေါ်မှာ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးတွေကို ပြူးထားပါတယ်။ 

အားလုံး ပြာပြာသလဲ ဖြစ်ကုန်ကြတယ်။ 

"မိထွေ မိထွေ မိထွေးလေး ...သတိထားအုံးလေ .."နဲ့ မခင်ဆွေဟာ တကြော်ကြော် အော်နေပါတယ်။ သို့ပေမယ့် မိထွေးက တခွန်းမှ ပြန်မထူးပါဘူး.။

အားလုံးလည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေကြတယ်။ 

"ဟေ့ မောင်စိုး ဒေါ်နိုင်မော် သွားခေါ်စမ်းကွာ..."

ကိုစိန်သောင်းက လှမ်းဘေးအိမ်က ကိုစိုးကို လှမ်းပြောတယ်။

မခင်ဆွေက မိထွေးကို ကြည့်ရင်း မျက်ရည်တွေ စို့လာတယ်။ ရင်ထဲမှာ ကြောက်စိတ်တွေလည်း တဖွားဖွားပေါ်လာတယ်။ 

"ဟေ့ ခင်ဆွေ ဆိုတဲ့ ကောင်မ ..."

မိထွေးအသံက အတော်မာ၏။ မခင်ဆွေပင် လန့်သွား၏။တသက်နဲ့ တကိုယ် မိထွေး ဒီလောက် အသံမာမာပြောတာ တခါမှ မကြားဖူးဘူး။

"ဟေ့ ကြားလား ခင်ဆွေ တဆွေ တည်း ရှိတယ် ဆိုတဲ့ ကောင်မ ကြားလား ဒီနေရာက ငါမယ်အုန်းပင်ရဲ့ နေရာ ကြားရဲ့လား..."

မခင်ဆွေလည်း မိထွေကို ပြူးပြူးလေးကြည့်နေတယ်။ အားလုံးလည်း မိထွေးကို အကြောင်သား ကြည့်နေမိကြတယ်။ 

ပြောရင်းဆိုရင်း ဝိုင်းထဲကို ကိုစိုးနဲ့ အတူ ဒေါ်နိုင်မော် ပါ ဝင်လာကြ၏။ 

ဒေါ်နိုင်မော် က ဖျတ်ဖျတ်လတ်လတ်ပင် မိထွေးအနားသို့ တိုးသွား၏။ 

"အေး လိပ်ပြာရှင် ဟိုကောင်မ ခင်ဆွေ ပြောလိုက် ဒီအိမ်နေရာက ငါ့နေရာလို့ ဒါကြီးကို မဖျက်ချင်ရင်တောင် ဆက်မဆောက်နဲ့ ဆောက်လို့ကတော့ အတွေ့ပဲ ..."

"ဟုတ်ကဲ့ပါ ကျွန်မ ရအောင်ပြောလိုက်ပါ့မယ်...စိတ်ချပါ...ဒါပေမယ့် အခုလိုမျိုး ဝင်ပူးတာတွေ ခဲတွေ ကျတာတွေတော့ ထပ်မလုပ်ပါနဲ့ လို​့ မေတ္တာရပ်ခံ ပါရစေ..."

"အေး သူက မဆောက်ဘူးဆိုရင် ငါက မလုပ်ဘူးဟဲ့.."

"မခင်ဆွေ မဆောက်ဘူးလို့ ကတိပေးရဲ့ မဟုတ်လား "

"အော် ပေးပါတယ်တော် စိတ်ချပါ မဆောက်ပါဘူး.."

​ချက်ချင်းပင် မိထွေး တယောက် မြေကြီးပေါ်သို့ ပျော့ခွေ ကျသွား၏။ ဒေါ်နိုင်မော်က ပွေ့ထားလိုက်၏ ။

"ရေတခွက် ခပ်ခဲ့ပါအုံး"

ကိုစိန်သောင်း ရေတခွက် ခပ်လာတယ်။ ဒေါ်နိုင်မော်က ယူပြီး အပေါ်ကိုမြှောက်တယ် ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ရွတ်နေတယ်။ ပြီးမှ မိထွေးကို တိုက်တယ် ခွက်ထဲက ရေနဲ့ မိထွေးမျက်နှာကိုလည်း တောက်လိုက်သေးတယ်။

ခဏ နေတော့ မိထွေးသတိရလာ၏။ အားလုံးကို နားမလည်စွာ ကြည့်နေ၏။ 

ရင်ထဲမှာ စကားတွေက အများကြီး ဒါပေမယ့် ပါးစပ်က တယောက်မှ ထွက်မလာကြဘူး။ 

တိတ်ဆိတ်ခြင်းက ခဏခြင်းပင် ကြီးစိုးသွား၏။ လမ်းမြောင်က ခွေးတကောင်း ဆွဲဆွဲငင်ငင်အူနေတယ်။ 

နာရီလက်တံ တက်တက် သွားနေသော အသံအပြင် တဒုတ်ဒုတ်နဲ့ ခုန်နေသော နှလုံးခုန်သံများကိုလည်း အတိုင်းသား ကြားနေရ၏။

"အင်း...."

မခင်ဆွေ သက်ပြင်းရှည်ကြီးကို ချလိုက်၏။

"မနက်ဖြန်ပဲ ရွာဦးကျောင်းဆရာတော်နဲ့ ပရိတ်ရွတ် ကမဝါ ဖတ်ချင်တယ် ဒေါ်နိုင်မော် ရယ်"

"အင်း အင်း လုပ်ရမှာပေါ့ မခင်ဆွေ...ကောင်းတယ်.."

" မခင်ဆွေ ဒါဆို ကျွန်တော် အခုညပဲ ဆရာတော့်ဆီ သွားလျှောက်ထားလိုက်တော့မယ်..."

"ကျေးဇူးပါပဲ ကိုစိန်သောင်းရယ်..."

ဒီနေ့ညကတော့ အိပ်မပျော်တဲ့သူတွေဟာ မခင်ဆွေ မိထွေး နဲ့ ကိုစိန်သောင်းရင် မကပါဘူး။ ပတ်ဝန်းကျင် အိမ်တွေရော ဒေါ်နိုင်မော်ပါ အိပ်ပျော်ကြပါဘူး။ 

အိပ်မပျော်တဲ့ အတူ အားလုံး စုပြီး မနက် ဘုန်းကြီးပရိတ်ရွတ် ကမဝါဖတ် အမှီ ချက်ကြပြုတ်ကြပါတော့တယ်။ ဆရာတော်သွားလျှောက်ပြီး ပြန်လာကြတဲ့ ကိုစိန်သောင်းတို့ကတော့ မတ်မိုး အိမ်ထဲကို ဘုန်းကြီး ကြွဖို့ ထိုင်ခုံတွေ ကန်တော့ပွဲပြင်ဖို​့ စင်တွေ လုပ်နေကြပါတယ်။ 

သူတို့လည်း ဘယ်အချိန်များ ခဲလာမှန်မလဲ လို့ တထိတ်ထိတ် နဲ့ပါပဲ။ 

မနက် ခြောက်နာရီ ခွဲမှာ ရွာဦးကျောင်းဆရာတော်ဦးသုမန အပါအဝင် ဆရာတော် သုံးပါး ကြွလာပါတယ်။

မတ်မိုးအိမ်ထဲမှာပဲ သရဏဂုံဆောက်တည် ငါးပါးသီလခံယူ ၊ မေတ္တာပို့ တယ်။ ပြီး ပရိတ်ရွတ်ပါတယ်။ "သမန္တာ စက္ကဝါဠေသု ၊ အတြာ ဂစ္ဆန္တု ဒေဝတာ ၊ သဒ္ဓမ္မံ မုနိရာဇဿ ၊ သုဏန္တု သဂ္ဂမောက္ခဒံ ။ 

ဓမ္မ ဿဝန ကာလော ၊ အယံ ဘဒ္ဒန္တာ။

ဓမ္မ ဿဝန ကာလော ၊ အယံ ဘဒ္ဒန္တာ။"

ပရိတ် နိဒါန်းလည်း ရွတ်ရော နို့ဆီဘူးခွံ တခွံဟာ ဝုန်းဆို လေထဲမှာ ပျံနေပြီး အိမ်ဦးယဉ်တိုင်ရှိတဲ့ ထုတ်တန်းပေါ်မှာ ထောင်ရက်လေး သွားတင်နေတယ်။ ပရိတ်ရွတ်နေတဲ့ ဆရာတော်တွေလည်း နည်းနည်းတော့ လန့်သွားပုံရပါတယ်။ သို့ပေမယ်​့ ပရိတ်ကို ဆက်ရွတ်ပါတယ်။ ပြီးတော့ ကမာဝါကို အိမ်ရဲ့ ထောင့်လေးထောင့်လုံးမှာ ရွတ်ပါတယ်။ ဒီ့နောက်မှာတော့ ပေတဝတ္ထုနဲ့ ဝိမာန္နဿဝတ္ထု ကို အရင်းခံပြီး ဆရာတော်က တရားဟောပါတယ်။ နောက်ဆုံးမှာတော့ ဆရာတော် ဦးသုမနက အမျှကို အသေအချာ ပေးဝေပါတယ်။ 

ထိုနေ့ညက စပြီး မခင်ဆွေ ရဲ့ မတ်မိုးအိမ်ထဲကို ခဲတွေ မကျတော့ပါဘူး။

မခင်ဆွေလည်း သူ့ထရံကာအိမ်လေးကိုပဲ ပြုပြင်ပြီး နေပါတော့တယ်။

နေပူပူ မိုးရွာရွာ နှင်းကျကျ ရာသီတွေ ပြောင်းလာပေမယ့် မခင်ဆွေ အိမ်ဝန်းထဲက မတ်မိုးအိမ်လေးဟာ မပြောင်းမလဲ ယနေ့ထိ ဒီအတိုင်း ရှိနေဆဲပါ။ 






Comments

  1. ကြောက်သာဟယ် 😞😞

    ReplyDelete
  2. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete
  3. အိပ်လို့မပျော်ရင်တော့ မင်မင်ကြောင့်နော်😂😂

    ReplyDelete

Post a Comment