Skip to main content

Team Single




အချစ် ဆိုတဲ့ အရာကို မြင်လိုက်တာနဲ့ ဘာကို စတွေးမိပါသလဲ။


တချို့က အချစ် ဆိုတာ ချိုမြိန်တယ်၊ ကြည်နူးစရာကောင်းတယ်၊ နှစ်လိုဖွယ်ကောင်းတယ်၊ ကမ္ဘာကြီးမှာ အချစ်က အရေးကြီးတယ် ဒီလိုတွေးမိတတ်ကြပါတယ်။


တချို့ကတော့ အချစ်က အလကား၊ အချစ်က ပူလောင်တယ်၊ အချစ်ဆိုတာ အဆိပ်လိုပဲ လူကို ဒုက္ခပေးတယ် စသည်ဖြင့်ပေါ့။


သူများကို ချစ်မယ့်အစား ကိုယ့်ကိုယ်ကိုယ်ချစ်ကြည့်ရင်ကော…..


တစ်ယောက်တည်း နေပြီး အချစ်ကို အပြည့်အဝခံစားနိုင်တဲ့ Single တွေရဲ့ အားသာချက်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။



1.ကိုယ့်ကိုယ်ကိုယ် အချိန်‌ပိုပေးပြီး ဂရုစိုက်နိုင်ခြင်း


ဘဝမှာ လုပ်ချင်တာတွေကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို လုပ်နိုင်တဲ့ လွတ်လပ်ခြင်းမျိုးဆိုတာ single တွေဆီမှာပဲ ရှိပါတယ်။ နေရာအသစ်တွေ ပြောင်းမယ်၊ သူငယ်ချင်းအသစ်တွေ ဖွဲ့မယ်၊ ကိုယ့်စိတ်ကြိုက် ဝါသနာတွေကို လွတ်လပ်စွာလုပ်မယ်။ တွေးကြည့်ရုံနဲ့တင် ကောင်းကင်က ငှက်ကလေးလို ခံစားသွားရတယ်ဟုတ်။


2.တစ်ကိုယ်တော် ခရီးတွေ ထွက်လို့ရခြင်း


ဘဝမှာ တစ်ယောက်ထဲ ခရီးရှည်ကြီး ထွက်ဖူးချင်တဲ့ သူတွေရှိလား။ ဘယ်သူ့ခွင့်ပြုချက်မှ တောင်းစရာမလိုပဲ စွန့်စားခန်းတွေ ထုတ်လို့ရမယ်ဆိုရင်ရော။


3.အချစ်စစ်နဲ့ တွေ့ဖို့ အချိန်ပိုရ 


Right Time Right Person ဆိုတဲ့စကားလေးကို လူတိုင်းကြားဖူးကြမှာပါ။ Single ဖြစ်‌နေပြီဆိုရင် ဘဝမှာ Wrong person တွေနဲ့ တွေ့ပြီး စိတ်ညစ်အချိန်ကုန်ရမှာ

မပူရတော့ဘူးပေါ့။ ဘုရားဖန်တီးပေးတဲ့ Right Person လေးက အချိန်တန်ရင် ကိုယ်နဲ့ ဆုံရဦးမှာဆိုတော့လေ🤭။


4.လူတစ်ယောက်ယောက်ရဲ့ ထိန်းချုပ်ခြယ်လှယ်မှုအောက်မှာ မရှိခြင်း


ရည်းစားထားတယ်ဆိုပြီး ကိုယ့်ကို ဘယ်သွား၊ ဘယ်လာ၊ ဘာလုပ် ဆိုပြီး ထိန်းချုပ်ခံနေရမယ်ဆိုရင်တော့ အရမ်းစိတ်ရှုပ်စရာကောင်းမယ်နော်။ ဘဝမှာ လုပ်ချင်တာလုပ်ပြီး နေချင်သလိုနေရတဲ့ လွတ်လပ်ခြင်းဟာ Single တစ်ယောက်အတွက်တော့ ဆုလာဘ်ပါပဲ။


5. ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ခြင်း


ဥပမာ- အသုံးအဆောင်တစ်ခု ဝယ်မယ်ဆိုပါစို့။ Singleတစ်ယောက်‌အနေနဲ့ ကိုယ်ကြိုက်တာ ကိုယ်ဝယ်လို့ ရတယ်ဆိုပေမယ့် Single မဟုတ်တော့ဘူးဆိုရင် "သဲလေးကြိုက်ရဲ့လား" ဆိုတဲ့အချက်ကိုပါ ထည့်သွင်းစဉ်းစားရပါပြီ။ Single ဖြစ်ရခြင်းရဲ့ ကောင်းကျိုးတွေ ရေးရင်း ကြက်သီး‌တွေတောင် ထလာပါပြီ။ 


6. သူငယ်ချင်းများနဲ့ အချိန်ပေးနိုင်ခြင်း


သူငယ်ချင်း‌တွေနဲ့ သွားမယ်၊ လာမယ်၊ ပျော်မယ်၊ ပါးမယ်၊ သောက်မယ်၊ စားမယ်၊ ရုပ်ရှင်ကြည့်မယ်၊ ဘားသွားမယ် အစုံကွာ။ သူငယ်ချင်းတွေနဲ့  အဖွဲ့လိုက် Quality time တွေ ဖန်တီးလို့ရမယ်။ မအားမှာလည်း ပူစရာမလိုဘူး။ ဘာလို့လဲဆို ဆင်ဂယ်လေ ဆင်ဂယ်။ အမြဲအားနေမှာ။


7.‌ငွေကို ကိုယ့်အတွက်ကိုယ် စိတ်ကြိုက်သုံးနိုင်ခြင်း


ကိုယ့်‌မွေးနေ့မှာ ကိုယ့်ကိုယ်ကိုယ် လက်ဆောင်ပေးပါ။ ရည်းစားနဲ့ Date မယ့်အစား တစ်ယောက်ထဲ Date ပြီး နှစ်ယောက်စာစားပါ။ ထူးထူးခြားခြားနေ့ရောက်တိုင်း ကိုယ့်ကိုယ်ကိုယ် လက်ဆောင်ပေးပါ။ ကိုယ့်ပိုက်ဆံတွေကို ကိုယ့်အတွက်ကိုယ်သာ ပုံအောပြီးသုံးပါ။ ကုန်စရာက ဒီတစ်လမ်းပဲရှိတာပါ။ ဘာလို့လဲဆိုတော့ ဆင်ဂယ်မို့ပါ 🤗။


8.မကြာခဏ ရန်ဖြစ်စရာ မလို၍ Quality of life ကို ပြည့်ဝစွာ ခံစားရခြင်း


ရည်းစားထားပြီဟေ့ဆိုတာနဲ့ ချစ်ကြည်နူးရတဲ့အခိုက်အတန့်တွေရှိသလို ရန်ဖြစ်လိုက်ချော့လိုက်ဆိုတဲ့ ကိစ္စကြီးကိုလည်း မေ့ထားလို့မရပါဘူး။ ချစ်နေတုန်းမှာ အကြောင်းမဟုတ်ပေမယ့် ရန်ဖြစ် စကားများရတဲ့အခါ စိတ်ဆင်းရဲ ခေါင်းကိုက်ဖြစ်ရပါတယ်။ တကယ်လို့ သင်ဟာ ဆင်ဂယ်တစ်ယောက်ဆိုရင်တော့ မလိုအပ်ဘဲ ခေါင်းကိုက်ခြင်းကို prophylaxis အနေနဲ့ ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။


9.ကိုယ့်ဘဝကိုယ် Independent နေနိုင်တဲ့အတွက် မိမိကိုယ်ကိုယ်ကျေနပ်ကာ ယုံကြည်မှုရှိခြင်း


ကိုယ့်ပျော်ရွှင်မှုဟာ အခြားလူတစ်ယောက်အပေါ်မှာ မှီခိုမနေတဲ့အတွက် ကိုယ့်ရဲ့ ပျော်ခြင်း ဝမ်းနည်းခြင်း ကလည်း ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ အကယ်၍ ဝမ်းနည်းရရင်တောင် သူများကြောင့် မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ ဖြေဖျောက်လို့ရပါသေးတယ်။ ဘဝမှာ လေးငါးခါလောက် အသဲကွဲပြီး ချောင်လေးထဲမှာ ကြိတ်ငိုနေမလား ? ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးပြီး ပျော်ရွှင်စွာနေထိုင်မလား? 


ရွေးချယ်မှုကတော့ သင့်သဘောပါပဲ။


ဒါနဲ့ Happy National Single Day ပါနော်။ 


 



Comments

Post a Comment