Skip to main content

တော့တင်ဟမ်ဟော့စပါး VS ချဲလ်ဆီး ပွဲကြိုသုံးသပ်ချက်

       

          Super Sunday ညမှာတော့ ဘောလုံးဝါသနာရှင်များအတွက် ပရီးမီယားလိဂ်ရပ်ဝန်းမှာ လန်ဒန်ဒါဘီတစ်ပွဲကစောင့်ကြိုနေပါတယ်။

လန်ဒန်မြောက်ပိုင်းက တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ လန်ဒန်အနောက်ပိုင်းက ချဲလ်ဆီးအသင်းတို့ရဲ့ပွဲစဥ်ပါ။

     တော့တင့်ဟမ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ နောက်ဆုံးတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲမှာ ချဲလ်ဆီးအသင်းက ၄ပွဲနိုင်ထားပြီး တစ်ပွဲကတော့ သရေကျထားပါတယ်။

     အိမ်ရှင်တော့တင်ဟမ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲစဥ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းကို ၃ဂိုးပြတ်ရှုံးနိမ့်ထားပြီး ချဲလ်ဆီးအသင်းကတော့ အက်စတွန်ဗီလာအသင်းကို ၃ဂိုးပြတ် အနိုင်ယူထားပါတယ်။

     လက်ရှိခြေစွမ်းအရ ချဲလ်ဆီးအသင်းကသာနေတယ်ဆိုပေမယ့် လန်ဒန်ဒါဘီတို့ရဲ့ ထုံးစံအတိုင်း ထင်မှတ်မထားတဲ့ရလဒ်မျိုးတွေလည်းဖြစ်သွားနိုင်ပါတယ်။

     တော့တင်ဟမ်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲကလွဲရင် ကျန်ပရီးမီးယားလိဂ် ၃ပွဲလုံး ၁ ဂိုး-ဂိုးမရှိ တွေနဲ့ အနိုင်ယူထားတယ်။ နည်းပြသစ် နူးနို့ဆန်းတို့စ်လက်ထက်မှာ တိုက်စစ်ကဦးဆောင်ဂိုးတစ်ဂိုးရပြီးတိုင်း ခံစစ်ကိုအထိုင်ချကစားတာမျိုးတွေ့ရတယ်။ မန်ချက်စတာစီးတီး ၊ ဝုဗ်ဗာဟန်တန်တို့လိုအသင်းတွေကိုအနိုင်ယူခဲ့ပေမယ့် တစ်ဦးချင်းစွမ်းရည်ကြောင့် ရတဲ့ဂိုး ၊ ပယ်နယ်တီဂိုးတွေနဲ့ နိုင်ခဲ့တာများပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ယူရိုပါကွန်ဖရန့်စ်လိဂ်ပွဲမှာလည်း ရန်းနက်စ်အသင်းနဲ့ ၂ဂိုးစီသရေကျခဲ့ပါတယ်။

     ချဲလ်ဆီးအသင်းကတော့ ပြီးခဲ့တဲ့ပရီးမီးယားလိဂ် ၄ပွဲမှာ လီဗာပူးအသင်းကို သရေကျခဲ့တဲ့ပွဲကလွဲရင် ပွဲတိုင်းကို ဂိုးပြတ်အနိုင်ယူထားတာကိုတွေ့ရပါတယ်။ကြားရက်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မှာလည်း ဇင်းနစ်အသင်းကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်း ၊ ဇင်းနစ် အသင်းတို့နဲ့ပွဲစဥ်တွေမှာ ကစားပုံအားနည်းချက်တွေရှိခဲ့ပေမယ့် အနိုင်ရလဒ်ကို ရအောင်ဖော်ဆောင်နိုင်ခဲ့တာကိုတွေ့ရမှာပါ။လက်ရှိဥရောပချန်ပီယံအသင်းအနေနဲ့ ဒီနှစ် ပရီးမီယားလိဂ်ဖလားကိုရဖို့ ဦးစားပေးလာတဲ့အချိန်မှာ ခြေမချော်ဘဲ အမှတ်ယူရမယ့်ပွဲတွေကိုရအောင်ယူနိုင်တာမျိုးတွေ့ရပါတယ်။

     တော့တင်ဟမ်အသင်းဘက်က ပြီးခဲ့တဲ့ပွဲမှာအနီကဒ်ပြခံခဲ့ရတဲ့ တန်ဂန်ဂါ ပါဝင်မှာမဟုတ်ပါဘူး။ အဲရစ်ဒိုင်ယာလည်း ဒဏ်ရာရရှိသွားတာမလို့ ပါဝင်နိုင်ဖွယ်မရှိပါဘူး။အဓိကကစားသမား ဆွန်ဟောင်မင်နဲ့ အားကိုးရတဲ့ လူးကပ်မော်ရာတို့လည်း ပွဲကန်နိုင်​ဖို့မသေချာတဲ့အနေအထားမှာရှိပါတယ်။ အသစ်ခေါ်ယူထားတဲ့ အာဂျင်းတီးနားလက်ရွေးစင် ရိုမဲရိုး ပါဝင်လာဖွယ်ရှိနေပါတယ်။

     ချဲလ်ဆီးအသင်းဘက်က ခရစ်စတီယန်ပူလီဆစ် ဒဏ်ရာကြောင့် ဒီပွဲကိုလွဲချော်မှာပါ။ အားကိုးရတဲ့ ကွင်းလယ်လူ အန်ဂိုလိုကန်တေကတော့ ဒီပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေပြီလို့ နည်းပြတူချယ်က အတည်ပြုထားတဲ့အတွက် ပါဝင်လာဖွယ်ရှိပါတယ်။

     လန်ဒန်ဒါဘီဖြစ်တာနဲ့အညီ ပွဲကတော့ အကြိတ်အနယ်ရှိမှာပါ။တော့တင်ဟမ်အသင်းဘက်ကအိမ်ကွင်းအားနဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို ဗဟိုပြုပြီး ဂိုးရဖို့ကြိုးစားပါလိမ့်မယ်။ ချဲလ်ဆီးအသင်းဘက်ကလည်း ဒီပွဲကို လူစုံတက်စုံပါဝင်လာမှာဖြစ်ပြီး ပွဲကျပ်ကာလရောက်ရှိနေတာမလို့ အနိုင်ကန်ဖို့အားထုတ်လာမှာပါ။

     ပြိုင်ဆိုင်မှုပြင်းထန်တဲ့လန်ဒန်ဒါဘီမလို့ မထင်မှတ်ထားတာတွေဖြစ်သွားနိုင်ပေမယ့် လက်ရှိ ခြေစွမ်းနဲ့ ကစားသမားအင်အားအရ ဧည့်သည့် ဥရောပချန်ပီယံချဲလ်ဆီးအသင်းကပဲ အနိုင်ယူသွားမယ်လို့ထင်ပါတယ်။


ခန့်မှန်းလူစာရင်း 

တော့တင်ဟမ် - လိုရစ် ၊ ရီဂူလွန် ၊ ဒိုဟာတီ ၊ ရိုမဲရိုး ၊ ဆန်းချက်ဒ် ၊ အလီ ၊ ဟိုးချ်ဘက် ၊ ဟယ်ရီဝင့်ခ် ၊ ဘရိုင်ယန်ဂေး ၊ အမ်ဒွန်ဘီလီ ၊ ဟယ်ရီကိန်း

ချဲလ်ဆီး - မန်ဒီ ၊ ရူဒီဂါ ၊ ခရစ်စတန်ဆန် ၊ အက်ပီလီကွီတာ ၊ အလွန်ဆို ၊ ကိုဗက်ဆစ် ၊ ဂျော်ဂျင်ဟို ၊ တီမိုဗာနာ ၊ လူကာကူ ၊ မေဆင်မောင့်

အချိန် - ၁၉/၉/၂၀၂၁ တနင်္ဂနွေနေ့

      မြန်မာစံတော်ချိန် ည ၁၀ နာရီ

နေရာ - တော့တင်ဟမ်ဟော့စပါးကွင်း

ဒိုင်လူကြီး - ပေါလ်တီယာနေး

Comments