Skip to main content

Man U 0 - 5 Liverpool




 ဒီနေ့ပွဲကိုနည်းစနစ်တွေအကြောင်းမပြောချင်တော့ဘူးဗျာ။ မြန်မာနိုင်ငံရဲ့အကောင်းဆုံးဆိုတဲ့ဘောလုံး page တွေကလည်းသူ့ထက်ငါအပြိုင် နည်းစနစ်တွေချပြသွားပြီးပြီဆိုတော့ ဖတ်ပြီးသွားလောက်ရောပေါ့။ ကစားသမားအရည်အသွေးမှာမကွာလှပေမယ့် နည်းပြနှစ်ယောက်ရဲ့အစွမ်းက မိုးနဲ့မြေလိုဖြစ်နေတာက ဒီရလဒ်ဆီဦးတည်ခဲ့တာပါပဲ။


                  စိတ်ဓာတ် ၊ယုံကြည်မှုနဲ့ အသင်းလိုက်နားလည်မှုတွေအမြင့်ဆုံးရောက်နေတဲ့လီဗာပူးနဲ့ အဖက်ဖက်ကယိုယွင်းနေပြီး ဘယ်အသင်းသင်းလာလာဗိုလ်လုပွဲလိုကန်နေရတဲ့ ယူနိုက်တက်တို့တွေ့ချိန်မှာ ပရိသတ်တွေကအနိုင်ရလဒ်ကိုမမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့်စံချိန်သစ်တွေတင်ပြီး အရှက်ကွဲရတဲ့ရလဒ်ကိုလည်းခွင့်လွှတ်ပေးနိုင်မှာမဟုတ်။


                ဂျာဂန်ကလော့ရဲ့လီဗာပူးဟာ သူတို့ရဲ့ပုံစံအတိုင်းအကောင်းဆုံးကစားနိုင်ခဲ့တယ်။ အထူးသဖြင့် မိုဆာလက်ပေါ့။ကလော့က ဆာလက်ဟာလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားပါဆိုတော့ ရော်နယ်ဒိုနဲ့မက်ဆီပရိသတ်တွေက ငြိုငြင်ကြတယ်။ အခြားအသင်းပရိသတ်တွေက လှောင်ပြောင်ကြတယ်။ ဒါပေမယ့်လက်ရှိဘောလုံးလောကမှာတော့ ဆာလက်ရဲ့ခြေဖျားကို ဘယ်သူ့မှမမှီသေးတာကိုဝန်ခံရမယ်။

 

                  ဆာလက်ကဒီနေ့ပွဲမှာလည်း ဟက်ထရစ်သွင်းနိုင်ခဲ့တယ်။ ဒါဟာ ၂၀၀၃ခုနစ်ချန်ပီယံလိဂ်ပွဲစဉ်က ဘရာဇီးသားရော်နယ်ဒိုကြီးအလွန် အိုးထရက်ဖို့ထ်မှာပထမဆုံးလာသွင်းနိုင်ခဲ့တဲ့ဟက်ထရစ်ပါ။ ၁၈နှစ်အတွင်းဘယ်သူမှမစွမ်းဆောင်နိုင်ခဲ့ဘူး။ဒါ့အပြင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်လုံးမှာ အိုးထရက်ဖို့ထ်ကွင်းထဲပေးခဲ့ရတဲ့ ပထမဆုံးဟက်ထရစ်ပါ။


                 နှစ်စဉ်နှစ်တိုင်းကြားနေရတဲ့ ဒီကောင်ကြက်ကန်းပါ၊ ငြိမ်သွားပါလိမ့်မယ်ဆိုတဲ့ စကားသံတွေရဲ့အလွန်မှာ ဆာလက်အတွက်လက်ခုပ်သံတွေကထိုက်တန်နေပါပြီ။ ဒီပုံစံကောင်းကိုဆက်ထိန်းနိုင်မယ်ဆိုရင် နောက်နှစ်အတွက် Balloon D'or ဆိုတဲ့ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဟာ ပရီးမီးယားလိဂ်ကိုနောက်တစ်ခေါက်ပြန်ရောက်လာနိုင်ပါတယ်။


              အပတ်တိုင်းပြောနေရတဲ့ ယူနိုက်တက်ရဲ့ defensive system ကတော့ရွံစရာကောင်းလွန်းလို့ အသေးစိတ်ကိုမပြောချင်တော့ပါဘူး။ ယူနိုက်တက်ရဲ့နောက်တန်းဟာ ကိုယ့်အမှားကနေတစ်ဖက်အသင်းကိုကန်ခွင့်ပေးရမှုနဲ့ ဖျက်တောက်လုယူမှုမှာ ပရီးမီးယားမှာ rank 20 out of 20 teams ပါ။ မန်ယူထက် clean sheet နည်းတဲ့အသင်းကလည်း ၂သင်းပဲရှိပါတော့တယ်။ ဒါဟာအသင်းကြီးတစ်သင်းတဲ့လား။


             တိုက်စစ်မှာလည်းခန့်မှန်းရလွယ်လွန်းခဲ့ပါတယ်။ Rashford ရဲ့counter ဖောက်ပြေးမှုကို fred ရဲ့ progressive pass နဲ့ထိုးပေးမယ်။ Left flank က shaw နဲ့ bruno က Ronaldo ကိုဖြတ်တင်ဘောတင်မယ်။ ညာခြမ်းက Greenwood ကတစ်ဦးချင်းကျော်ဖြတ်ပြီးကန်မယ်။ဒီလောက်ပါပဲ။ ဒါဟာ အပျော်တမ်းကစားကြတဲ့ Fifa game ထဲမှာတောင်အဆင့်မမှီတဲ့တိုက်စစ်တည်ဆောက်ပုံတစ်ခုပါပဲ။


              Atalanta နဲ့ပွဲအပြီးမှာ Poul Scholes က BT sport ကိုပြောခဲ့တယ်။ ဒီခြေနဲ့ ကလော့ရဲ့အသင်းကိုသွားကန်ရင် ပထမပိုင်းတင်လေးဂိုးပြတ်သွားလိမ့်မယ်တဲ့။ ပထမပိုင်းပြီးရလဒ်က ၄-၀ ပါ။ ပေါစခိုးလ်ကိုချက်ချင်းဖုန်းဆက်ပြီး မြန်မာနိုင်ငံမှာရှေ့ဖြစ်ဟောစားခိုင်းဖို့အကြံပေးချင်ပေမယ့် ၂၀၂၁မှာမြန်မာပြည်ကြီးရဲ့အနာဂတ်တိုးတက်တော့မယ်လို့ဟောခဲ့တဲ့ စံဇာဏီဗိုလ်ထမင်းအိုးကို ရိုက်ခွဲသလိုဖြစ်မှာစိုးလို့စိတ်လျှော့လိုက်ပါတယ်။


               တကယ်တော့ဒီနေ့ဟာ ဂန္ဓဝင်ကစားသမားကြီး Wayne Rooney ရဲ့မွေးနေ့ ၊ ပွဲကြည့်စင်ပေါ်မှာ Sir Alex Ferguson လည်းရှိနေတယ်။ ကန်ရတဲ့ကွင်းက အိပ်မက်ကဇာတ်ရုံလို့တင်စားကြတဲ့ Old trafford ။ ရလဒ်ကတော့ ၀-၅ တဲ့လား။ အကြိမ်ကြိမ်သက်ပြင်းတွေချပြီးခေါင်းခါနေရတဲ့ Sir Alex ကိုတွေ့တော့အားနာရတယ်။ တစ်ဖက်ကလီဗာပူးဂန္ဓဝင်နည်းပြ Dalglish ကပြုံးပျော်နေချိန်မလား။ Fergi ခမျာ အသက်ကြီးမှကိုယ့်ဒုက္ခကိုယ်ရှာပြီး မန်ယူပွဲတိုင်းလာကြည့်ရှာတယ်။ ကိုယ်တစ်သက်လုံး အိုးပစ်၊အိမ်ပစ်နဲ့ တစ်ယုတစ်ယပြုစုပျိုးထောင်ခဲ့တဲ့အရာတစ်ခု စုတ်ပြတ်သတ်သွားတာကို ဒီအရွယ်ကြီးရောက်မှထိုင်ကြည့်နိုင်ဖို့ ခင်များမှာဘယ်လိုသတ္တိတွေရှိနေတာလဲဆိုတာ ပြေးပြီးမေးလိုက်ချင်တော့တယ်။


               ဒီနေ့ပွဲမှာကစားသမားတွေကလုံးဝ out of control ပါ။ Ronaldo ကလီဗာပူးလူငယ်လေးကို ဆိုးရှားအမှတ်နဲ့ကန်ကျောက်ခဲ့သလားပဲ။ ဘယ်လောက်လောင်နေတယ်ပြောပြော ကိုယ်မွေးရင်ကိုယ့်သားအရွယ်လေးကိုလုံးဝမလုပ်သင့်တဲ့အပြုအမူတစ်ခု။ Pogba ကလူစားဝင်လာပြီး ၁၅ မိနစ်မပြည့်ခင် ခြေစုံပစ်ဝင်လို့အနီကဒ်ထိပြီးထွက်ရတယ်။ဆိုးရှားပြုတ်ဖို့ CDM များလုပ်နေကြသလားလို့ထင်မိတယ်။ စိတ်ဓာတ်ပိုင်းတွေပျက်စီးသွားပုံများ...။

               အဖက်ဖက်ကယိုယွင်းမှုတွေအတွက်ဘယ်သူ့ကိုအပြစ်တင်ရတော့မလဲ။ ပုံမလာတော့တဲ့ကစားသမားတွေလား။ဟင့်အင်း....နည်းပြရဲ့နည်းစနစ်တွေကသူတို့ကိုသတ်နေတာ။ ဒါဆို သူတို့ကိုကောင်းကောင်းထိန်းချုပ်စွမ်းမရှိတဲ့နည်းပြကိုလား။ ဟင့်အင်း....ဖာဂီအလွန်နည်းပြအဆက်ဆက်အောက်မှာ ယိုယွင်းသွားတဲ့ စည်းလုံးမှု ၊ squad depth ၊ အသင်းစိတ်ဓာတ် စတဲ့အရာရာကိုပြန်လည်တည့်မတ်ပေးခဲ့တာက ဆိုးရှား။ သူစွမ်းသလောက်တော့ပေးဆပ်ခဲ့ပြီးပြီ...သူ့ပြဿနာကတိုးတက်လာတဲ့အသင်းကိုဆက်နည်းပြဖို့အဆင့်မမှီယုံတင်။ တကယ်တော့ man management ကောင်းတဲ့ဆိုးရှားကို နည်းပြမဟုတ်တဲ့အခြားရာထူးတစ်ခုပြောင်းပေးသင့်တာ။ ဒါဆိုရင်တော့ ဒီလိုနည်းစနစ်နဲ့နည်းပြကို ၃နှစ်ဆက်ထားမယ်ဆိုတဲ့ board အဖွဲ့ကိုပဲဒေါသတွေ ပုံချရတော့မယ်ထင်ပါတယ်။

                 ပြောသာပြောတာပါ...ရှူံးတုန်းခဏမေတ္တာပျက်ပေမယ့် ဒီတံဆိပ်အောက်မှာရှိနေတဲ့ဘယ်သူ့ကိုမဆို ကျုပ်တို့မမုန်းနိုင်ကြဘူးမလား။ အကြောင်းရှာတော့ အသင်းကြီးတိုင်းတစ်နှစ်ကိုဖလားတစ်လုံးသေချာနေတဲ့ခေတ်မှာ ၈နှစ်ဆက်အမှတ်ပေးဖလားမရတဲ့အသင်းကို အမှတ်မရှိ၊အရှက်မရှိပဲ မေတ္တာမပျက်နိုင်သေးတဲ့ ကိုယ့်နားရင်းကိုယ်သာနာနာပိတ်ရိုက်သင့်တာ။တော်ပါပြီ... တစ်ဆစ်ဆစ်ထိုးကိုက်လာတဲ့ ခေါင်းထဲကဝေဒနာနဲ့အပူလုံးတွေကို အိပ်ဆေးနှစ်လုံးနဲ့ကြံ့ကြံ့ခံပြီး ဒီညတော့ဒီအသင်းကို ဒီလောက်နဲ့ပဲသံယောဇဉ်ဖျက်ထားဦးမယ်။


Comments