How to improve your understanding of a language
အခုရက်ပိုင်း အားနေကြတော့ ဘာသာစကားအသစ် လေ့လာနေကြတဲ့သူတွေများလာကြတယ်။ အဲ့တော့ ဘာသာစကားတစ်ခုကို လွယ်လွယ်ကူကူနဲ့ လက်တွေ့ကျကျ ဘယ်လိုလေ့လာမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ မပြောပြခင် လေ့လာနေခြင်းရဲ့ ရည်ရွယ်ချက်ကို အရင်သိရပါမယ်။ စာမေးပွဲဖြေဖို့လား၊ ဒီတိုင်းအဲ့ဘာသာစကားကို ကြိုက်လို့ နားလည်ချင်လို့လား။ အခုပြောပြမယ့်နည်းကတော့ ဒုတိယတစ်ခုဖြစ်တဲ့ ကိုယ်တိုင်အဲ့ဘာသာကို စိတ်ဝင်စားပြီး နားလည်ချင်တဲ့သူကို ပိုဦးတည်ပါတယ်။ ဒါပေမယ့် ကျောင်းစာ သို့မဟုတ် scholarship ဖြေဖို့ လေ့လာနေတဲ့သူတွေလည်း အောက်ပါအချက်များကို အသုံးပြုနိုင်ပါတယ်။
ပထမဆုံးသိသင့်တဲ့အချက်တစ်ခုကတော့ ဘာသာစကားဆိုတာ အချင်းချင်းနားလည်ဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခုလို့ သတ်မှတ်ရပါမယ်။ တစ်ချို့သူတွေက ဘာသာစကားအသစ် လေ့လာတဲ့အခါမှာ အရေးနဲ့ အပြောမှာ ရေးရပြောရမှာကို ကြောက်တတ်ကြတယ်။ ကိုယ်ဒီဘာသာမှာ သိပ်မကျွမ်းကျင်သေးတော့ မှားသွားရင် ဘယ်လိုလုပ်မလဲ ဆိုပြီး တွေးပြီး စိတ်ပူတတ်ကြတယ်။ အဲ့တော့ပြောချင်တာက စစလေ့လာတဲ့အချိန်မှာ သဒ္ဒါတွေ ဝါကျဖွဲ့နည်းတွေကို သိပ်ဂရုမစိုက်သေးပဲ အဓိကကျတဲ့ စကားလုံးတွေကို အရင်လေ့လာခြင်းဖြစ်ပါတယ်။
အဲ့တော့ ဘာသာစကားတစ်ခုကို ဘယ်လိုစလေ့လာကြမလဲ။
No. 1 အရေးကြီးတာတွေကို အရင်မှတ်ပါ။
ဘာသာစကားတိုင်းမှာ အသုံးများတဲ့ စကားလုံးတွေနဲ့ အသုံးနည်းတာတွေရှိပါတယ်။ ဥပမာ ဆို "ထမင်း" ဆိုတဲ့ စကားလုံးဟာ နေ့တိုင်းသုံးနေပေမယ့် "အသင်္ချေ" ဆိုတဲ့စကားလုံးကိုတော့ သုံးတာ တော်တော်ရှားပါတယ်။ ဒီဟာကို ကြည့်အားဖြင့် အသုံးများတဲ့ စကားလုံးတွေကို ရှာလေ့လာခြင်းဟာ ဘာမှမသိဘဲ vocabulary တွေကို လျှောက်ကျက်နေတာထက် ပိုအသုံးဝင်တယ်ဆိုတာကို တွေ့နိုင်ပါတယ်။ ဘယ်စကားလုံးတွေက အသုံးများလဲ သိချင်ရင်တော့ google မှာရိုက်ရှာရုံပါပဲ။ ဥပမာ ဂျပန်စကားသင်နေရင် "Most common words in Japanese" ဆိုပြီး ရိုက်ရှာရင် ဂျပန်စကားမှာ အသုံးအများဆုံး စကားလုံးတွေကို တွေ့မှာ ဖြစ်ပါတယ်။
No. 2 စကားပြောကို စာသင်တဲ့ကာလရဲ့ အစမှာတင် စကျင့်ပါ။
အများစုက စကားပြောကို နောက်မှ လေ့လာကြလေ့ရှိတယ်။ ဒီလို လုပ်ခြင်းဖြင့် စာတတ်သော်လည်း မပြောရဲမဆိုတတ် ဖြစ်တတ်ကြတယ်။ စကားပြောကျင့်တဲ့ အခါမှာ အမှားပါမှာ အသံထွက်မှားမှာတွေကို ကြောက်နေလို့ မရပါဘူး။ ကိုယ်နဲ့ အဖော်ပြောပေးနိုင်တဲ့ သူငယ်ချင်း သို့မဟုတ် ဆရာရှိရင် ပိုကောင်းပါတယ်။ အခုလို လေ့လာတာက ကလေးတစ်ယောက် စကား စပြောတာနဲ့ တူပါတယ်၊ အစမှာတော့ စကားလုံးတွေက အစီစဉ်တကျမရှိဘဲ ဖြစ်ပေမယ့် တစ်ဖြည်းဖြည်းနဲ့ မှန်ကန်တဲ့ ဝါကျတွေနဲ့ စကားပြောနိုင်ပါတယ်။ ဘာသာစကားဟာ သင်္ချာမဟုတ်ပါဘူး။ တစ်ချိန်လုံး လုံးဝအတိအကျ မှန်နေစရာမလိုပါဘူး။ လေ့လာရင်းနဲ့ ဖြည်းဖြည်းချင်း တတ်သွားမှာဖြစ်ပါတယ်။
No. 3 ပျော်ပျော်ကြီးလုပ်နိုင်ဖို့ ကြိုးစားပါ။
ဘာသာစကားတစ်ခုကို လေ့လာရာမှာ ငါ မလုပ်လို့ မဖြစ်ဘူးဆိုတဲ့ tension မျိုး ထားလို့ မရပါဘူး။ မလုပ်မဖြစ်လို့ လုပ်နေရတဲ့ အလုပ်တစ်ခုကို ဘယ်သူမှ မလုပ်ချင်ဘူးလေ။ စိတ်မပါဘဲ ကြိတ်မှိတ်လုပ်နေရပြီဆိုရင် ပင်ပန်းမှုက များသလောက် တိုးတက်မှုတော့ နည်းနေမှာပါ။ အဲဒီတော့ ပေါ့ပေါ့ပါးပါးလေးပဲ သွားပါ။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ရှာဖွေပါ။ ဒါမှလည်း လေ့လာရတာ ပျော်ဖို့ကောင်းနေမှာပါ။ ဥပမာပြောရရင် ရုပ်ရှင်ကြည့်ရင်း လေ့လာတာမျိုး၊ podcast နားထောင်ရင်လည်း ကိုယ်စိတ်ဝင်စားတဲ့ celebrity ပြောထားတာတွေကို ရှာနားထောင်တာမျိုးပေါ့။
No. 4 Grammar!
ဘာသာစကားတစ်ခုကို လေ့လာရာမှာ သဒ္ဒါက အလွန်အရေးပါပါတယ်။ ဒါပေမယ့် သဒ္ဒါကို အာရုံစိုက်တာ များသွားတဲ့အခါ တိုးတက်မှု နှောင့်နှေးလာနိုင်ပါတယ်။ ဆိုလိုတာက သဒ္ဒါရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်တွေးနေတော့ ကိုယ်တိုင် ရေးတဲ့၊ ပြောတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်ရတယ်၊ ဒီလိုကနေ ဝါကျတစ်ကြောင်း ဖန်တီးဖို့ကိုတောင် ဝန်လေးတဲ့အထိ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အရေးအပြော လေ့ကျင့်ပြီဆိုရင် သဒ္ဒါကို ခဏလောက် ဘေးဖယ်ထားပြီးတော့ နားလည်သဘောပေါက်မှုကို ဦးစားပေးသင့်ပါတယ်။
အထက်ပါအချက်တွေက စာမေးပွဲတွေမှာ ရလဒ်ကောင်းဖို့အတွက် အထောက်အကူဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခြေခံပညာကျောင်းတွေမှာ သင်ကြားရတဲ့ စနစ်ရိုးရိုးကြီးထက်စာရင် ဒီလိုနည်းလမ်းတွေနဲ့ လေ့လာခြင်းက ပိုပြီး ထိရောက်နိုင်ပါတယ်။ ဒါကြောင့် လိုက်လုပ်ကြည့်မယ်ဆိုရင် နားလည်တတ်ကျွမ်းမှုမှာ သိသိသာသာ တိုးတက်လာမှာတော့ သေချာပါတယ်။ ။ အားလုံးပဲ ဘာသာစကားအသစ်တွေကို အဆင်ပြေချောမွေ့စွာ လေ့လာနိုင်ကြပါစေ။
Thank u admin
ReplyDeleteThank for your sharing admin
ReplyDelete